သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ယမန်နေ့ ( ဇန်နဝါရီလ ၁) ရက် ည ၉ နာရီ ဝန်းကျင်တွင် နေအိမ်တလုံး မီးလောင်မှု ဖြစ်ပွားကာ အသက် (၇၀)အရွယ်ရှိ အမျိုးသားတဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။
ဖြစ်စဉ်မှာ ကျောက်မဲမြို့ ရပ်ကွက် (၇)၊ နယ်မြေ(၁)ရှိ နေအိမ်တလုံးတွင် ယမန်နေ့ ည (၉ )နာရီခွဲအချိန်၌ ကုတင်ပေါ် ခြင်ဆေးထွန်းပြီး အိပ်ပျော်သွားရာမှ အိပ်ယာမီးလောင်ပြီး အသက်(၇၀) အရွယ်ရှိ အမျိုးသား တဦး ၏ နောက်ကျောတွင် မီးလောင်ဒဏ်ရာဖြင့် သေဆုံးသွားရကြောင်း ကျောက်မဲမြို့မ ရဲစခန်းမှ စုံစမ်းသိရသည်။
အဆိုပါမီးလောင်မှုကြောင့် နေအိမ် အိပ်ခန်းအတွင်း ကုတင်၊မွေ့ရာများ မီးလောင်ကျွမ်းပြီး မီးလောင်ဒဏ်ရာဖြင့် သေဆုံးသွားနေကြောင်း ရဲမှတ်တမ်းအရ သိရသည်။
ထိုမီးလောင်မှုကို သတင်းအရ ကျောက်မဲမီးသတ်ဖွဲ့ နှင့် ရဲတပ်ဖွဲ့ သို့ သွားရောက်ပြီး ည (၁၀)နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသိရသည်။
ထိုမီးလောင်မှုဖြစ်ပွားသည့် အိမ်တွင် သေဆုံးသူ အမျိုးသားတဦးတည်းနေထိုင်သူဖြစ်ကြောင်း၊ ဆရာဝန်၏ စစ်ဆေးချက် အရ ပြင်ပ ဒဏ်ရာ မတွေ့ရကြောင်း လည်း ရဲတပ်ဖွဲ့ ၏ မှတ်တမ်းအရ သိရသည်။
မီးလောင်မှုနှင့် ပတ်သက်ပြီး သေဆုံးသူ အသက် (၇၀)အရွယ် အမျိုးသားကို ကျောက်မဲမြို့မရဲစခန်းမှ (ပ) ၂/ ၂၀၂၀ ပုဒ်မ ၂၈၅/၃၀၄ (က)ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။
SHAN News (Burmese Version)

No comments:
Post a Comment