ရခိုင်မှာ ကိုဗစ်ပိုးတွေ့ရှိမှု ကျဆင်း၊ တောင်ပိုင်းမှာ ကူးစက်မှုရှိဆဲ

ပြီးခဲ့တဲ့ သြဂုတ်လလယ်မှာ ဒုတိယလှိုင်း ရခိုင်ပြည်နယ်မှာ စတင်ခဲ့

ရခိုင်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရမှု အခြေအနေ အခုလပိုင်းအတွင်း လျော့နည်းလာနေတယ်လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

၂၀၂၀ ပြည့်နှစ် သြဂုတ်လ ၁၆ ရက်က ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦးဆီမှာ စစ်ဆေးတွေ့ရှိ ခဲ့ပြီး စစ်တွေမြို့ဟာ ကိုဗစ် ဒုတိယလှိုင်းစတင်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ကိုဗစ်ဒုတိယလှိုင်းစတင်ခဲ့ချိန်ကနေ၂၀၂၁ ဇန်နဝါရီ ၇ ရက် အထိ ကူးစက်သူ ၄၁၈၅ ဦး ရှိပြီဖြစ်ပြီး သေဆုံးသူပေါင်း ၃၆ ဦးအထိ ရှိပြီ ဖြစ်ပါတယ်။ သေဆုံးသူတွေအနက် စစ်တွေဆေးရုံမှာ သေဆုံးသူ ၁၉ ဦး ရှိခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ လူလတ်ပိုင်းတွေလည်း ပါဝင်သလို အများစုကတော့ ရောဂါအခံရှိပြီး အသက်အရွယ်ကြီးရင့်နေသူတွေ ဖြစ်ပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့မနက်ပိုင်းမှာ ဘူးသီးတောင်မြို့နယ်ကနေ စစ်တွေဆေးရုံကိုရောက်ရှိနေတဲ့ ကိုဗစ်အတည်ပြုလူနာ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားခဲ့ပါတယ်။

နေ့စဥ်ကူးစက်မှု အခြေအနေ

ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားပြီးမကြာခင်မှာ စစ်တွေမြို့နယ်အတွင်း ကူးစက်ခံရသူတွေ များပြားခဲ့သလို ရခိုင်တစ်ပြည်နယ် လုံးအတိုင်းအတာမှာလည်း အမြင့်ဆုံးအနေအထားကိုရောက်ရှိခဲ့တဲ့အတွက် စစ်တွေမြို့အပါအဝင် မြို့နယ်တော်တော်များများ မှာ ကုသဆောင်တွေတိုးချဲ့ဖွင့်လှစ်ပြီး ဆေးဝါးကုသမှုတွေပြုလုပ်ခဲ့ကြရပါတယ်။

ကူးစက်ခံရသူတွေထဲမှာ အသက် ၂ လအရွယ်ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအပြင် သက်လတ်ပိုင်းတွေနဲ့ သက်ကြီးပိုင်းတွေလည်းပါဝင်ခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ကူးစက်ပြန့်ပွားမှု အမြင့်အဆုံးအခြေအနေကိုရောက်ရှိခဲ့တဲ့အတွက် လူနာတွေကိုကောင်းမွန်စွာ ဆေးဝါးကုသမှုတွေပြုလုပ်ပေးနိုင်ရေး ရန်ကုန်အပါအဝင် ပြည်မဘက်က ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေ ရာနဲ့ချီပြီး စေတနာ့ဝန်ထမ်း လာရောက်ကုသခဲ့ကြပါတယ်။

လတ်တလောမှာတော့ ကျန်းမာရေးဌာနအနေနဲ့ ကိုဗစ်ကူးစက်ခံရမှုရှိမရှိ စစ်ဆေးမှုတွေကို ပုံမှန်ပြုလုပ်ပေးနေပြီး တစ်နေ့ကို ပျမ်းမျှလူ ၅၀၀ ဦးအထိ စစ်ဆေးလျက်ရှိနေပြီး ပိုးတွေ့ရှိသူအရေအတွက်ကတော့ သိသိသာသာလျော့နည်းလာ နေတာကိုတွေ့ရတယ်လို့ ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

အခုလိုပိုးတွေ့ရှိမှုနှုန်းကျဆင်းလာနေတာဟာ ထိန်းထားနိုင်တဲ့ အခြေအနေတစ်ခုတည်းကြောင့် မဟုတ်ဘဲ အခြေအနေ အားလုံးနဲ့သက်ဆိုင်နေသလို အကာအကွယ်ပစ္စည်းအသုံးပြု ကြတဲ့အပေါ်မှာလည်း မူတည်နေတယ်လို့ သုံးသပ်ပြော ဆိုပါတယ်။

"ထိန်းလို့လည်းပါကောင်းပါမယ်။ Mask တပ်တာတွေလည်းပါကောင်းပါမယ်။ တခြာအကြောင်းတွေလည်းရှိမှာပေါ့။ အားလုံးကူးစက်ပြီးသား ဖြစ်သွားတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။ နေ့စဉ် နှစ်ရာ၊သုံးရာစစ်တယ်။ နှစ်ရာဆိုတာ မနေ့က ကျွန်တော်တို့ ရီပို့တင်း စနစ်တစ်ခုအပြောင်းအလဲကြောင့်ပါ။ တကယ်စစ်တာကတော့ ငါးရာကျော်စစ်တာ၊ ငါးရာကျော်မှာ တကယ်တွေ့တာကတော့ သုံးယောက်လောက်ပဲ တွေ့တာပေါ့နော်။ ပိုးတွေ့မှုနှုန်းကတော့ ကျလာတယ်"လို့ ဒေါက်တာစိုးဝင်း ပိုင်က ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း ကူးစက်ခံထားရသူပမာဏနဲ့ တိုင်းတာပါက သေဆုံးသူရာခိုင်နှုန်းက ၀ ဒသမ ၈၆ ရှိတယ်လို့ ကျန်းမာရေးဌာနရဲ့ တွက်ချက်မှုတွေအရ သိရပါတယ်။

တောင်ပိုင်းမှာ ကူးစက်မှုရှိဆဲ

၂၀၂၀ စက်တင်ဘာလကနေ နိုဝင်ဘာလလောက်ထိ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့နယ်တွေမှာ ပိုးကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိမှု များပြားခဲ့သလို အခုနောက်ပိုင်းအခြေအနေမှာတော့ မြောက်ပိုင်းမြို့နယ်အများစုမှာ ပိုးမတွေ့တဲ့မြို့နယ် လည်း ရှိလာနေပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လက်ရှိမှာတော့ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိသူတွေ သိသိသာသာလျော့နည်းလာခဲ့ပေမယ့် စစ်တွေမြို့နဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း မြို့နယ်တွေမှာတော့ နေ့စဉ်လိုလို တွေ့နေဆဲပါ။

ဇန်နဝါရီ ၇ ရက် ကျန်းမာရေးဌာနက ညနေပိုင်းထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်တွေမြို့နယ်မှာ သုံးဦးနဲ့ တောင်ပိုင်းက တောင်ကုတ်၊ အမ်း၊ သံတွဲ၊ ရမ်းဗြဲမြို့နယ်တွေမှာ တစ်ယောက်စီ စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

တစ်ပြည်နယ်လုံးမှာတော့ စစ်တွေမြို့နယ်ဟာ ၁၅၃၀ ဦးနဲ့ အများဆုံးကူးစက်ခံရတဲ့မြို့ဖြစ်ပြီး ကျောက်ဖြူမြို့ နယ်ကတော့ ၄၄၂ ဦးနဲ့ ဒုတိယအများဆုံးဖြစ်ကာ မောင်တောမြို့နယ်ကတော့ ၃၉၈ ဦးထိကူးစက်ခံထားရတဲ့ တတိယအများဆုံးမြို့နယ် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တောင်ကုတ်မြို့မရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားတဲ့ အချုပ်သားတွေမှာလည်း ပိုးကူးစက်ခံထားရ ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အချုပ်သားတချို့ကို သံတွဲခရိုင်ဆေးရုံကို ပို့ဆောင်ပြီးကုသနေတယ်လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းက ပြောပါတယ်။

လက်ရှိမှာ သံတွဲခရိုင်ဆေးရုံအတွင်း ဆေးကုသမှုခံယူနေရတဲ့ ကိုဗစ်အတည်ပြုလူနာ ၁၀ ဦး ရှိနေတယ်လို့ ဒေါက်တာထွန်းထွန်း ဝင်းက မနေ့က နေ့လယ်ပိုင်းမှာ ပြောဆိုပါတယ်။

ညနေပိုင်းမှာတော့ ငပလီက ဟိုတယ်တစ်ခုမှာ တည်းခိုနေတဲ့ ပြည်တွင်းခရီး သည်တစ်ဦးကို စစ်ဆေးရာမှာ ပိုးတွေ့ရှိခဲ့တဲ့အတွက် အဲ့ဒီဟိုတယ်ကို လော့ဒေါင်းလုပ်ထားတယ်လို့ သိရပါတယ်။

တတိယလှိုင်းအတွက်ဘာတွေပြင်ဆင်ထားဖို့လိုအပ်လဲ

လက်ရှိမှာ လေကြောင်းလိုင်းတွေလည်း ပြန်ဖွင့်ပေးထားပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေကိုလည်း ပြန်လည် အသွားအလာပြုနေ

ကိုဗစ် ပထမလှိုင်းကို ရခိုင်ပြည်နယ်မှာ မေလ ၁၇ ရက်နေ့မှာ မလေးရှားနိုင်ငံက ပြန်လာသူတစ်ဦးကို တောင်ကုတ်မြို့နယ် အတွင်းမှာ စတင်တွေ့ရှိခဲ့ပြီး တောင်ကုတ်၊ သံတွဲ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်နဲ့ စစ်တွေမြို့နယ်တွေမှာ စုစုပေါင်း ၁၆ ဦး တွေ့ရှိခဲ့ပါတယ်။

အဲ့ဒီလူတွေဟာ မလေးရှားကပြန်လာသူတွေနဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာသူတွေအပြင် ဒေသတွင်းကူးစက်ခံခဲ့ရသူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

ပထမလှိုင်းဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပေမယ့် ခရီးသွားလာမှုတွေ၊ နယ်စပ်ဂိတ်တွေကို ဆက်လက်ဖွင့်ပေးထားခဲ့တဲ့အတွက် ဒုတိယလှိုင်းဖြစ်ပွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ဝေဖန်မှုတွေလည်းရှိခဲ့ပါတယ်။

ကျန်းမာရေးဌာကတော့ ကိုရိုနာ ဗိုင်းရပ်ပိုးဟာ တတိယလှိုင်းအဖြစ် ကူးစက်မှုပြန်လည်ပြန့်ပွားလာမှာကို သတိပေးချက် တွေ ထုတ်ပြန်ထားရှိပါတယ်။

ပထမလှိုင်းဟာလည်း ရခိုင်ပြည်နယ်အတွင်းမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာခဲ့ကြသူတွေဆီက ကူးစက်ခဲ့ရတာဖြစ်သလို ဒုတိယလှိုင်းဟာလည်း အလားတူ ကူးစက်မှုဖြစ်ပွားခဲ့ကြတာဖြစ်တဲ့အတွက် တတိယလှိုင်းမဖြစ်လာဖို့အတွက်ကိုလည်း နယ်စပ်ဂိတ်တွေနဲ့ အသွားအလာပြုနေသူတွေကို နိုင်နိုင်နင်းနင်း တားဆီးထိန်းချုပ်ဖို့လိုအပ်တယ်လို့ ဘူးသီးတောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ပြောပါတယ်။

"ကျွန်တော်တို့က နယ်စပ်ဒေသဖြစ်တဲ့အတွက်ကြောင့် နယ်စပ်ဒေသတွေကို လုံခြုံစွာနဲ့ စိစစ်မှုတွေလုပ်သင့်တယ်လို့ မြင်တယ်။ အဲ့လိုမျိုးမဟုတ်ဘူးဆိုရင် ပထမလှိုင်း၊ ဒုတိယလှိုင်းလို ဘင်္ဂလားဒေ့ရှ်ကတစ်ဆင့် ဝင်လာတဲ့လူတွေဆီက ကူးစက်တဲ့အခြေအနေတွေလို ဖြစ်လာနိုင်တဲ့အတွက် တတိယလှိုင်းအတွက်ကိုလည်း ကြိုတင်ကာကွယ်ထားဖို့ အရေးကြီး တယ်လို့မြင်ပါတယ်"လို့ ဦးထွန်းအောင်သိန်းက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျန်းမာရေးဌာနအနေနဲ့တော့ တတိယလှိုင်း မဖြစ်လာဖို့အတွက် လူနာလိုက်ရှာတာတွေ၊ လူတွေ တစ်ဦးနဲ့ တစ်ဦး ခပ်ခွာခွာနေရမှာတွေစတဲ့ ကျန်းမာရေးအသိပညာပေးတွေကိုဆောင်ရွက်နေသလို ကွာရန်တင်းစင်တာတွေနဲ့ လိုက်ထိန်းပေးနေတာရှိတယ်လို့ ကျန်းမာရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောပါတယ်။

ကျန်းမာရေးဌာနအနေနဲ့တော့ နေထိုင်မှုပုံစံအသစ်နဲ့ အကာအကွယ်ပစ္စည်းတွေကို အသုံးပြုနေထိုင်ကြဖို့ ထုတ်ပြန်ထားပေမယ့် လက်ရှိမှာတော့ လေကြောင်းလိုင်းတွေကိုလည်း ပြန်လည်ဖွင့်ပေးထားပြီး ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွေမှာလည်း ပြန်လည် အသွားအလာပြုတာတွေရှိနေပြီလို့ သိရပါတယ်။

ကိုဗစ် ဒုတိယလှိုင်းဖြစ်ပွားခဲ့ပြီး လေးရက်အကြာ သြဂုတ်လ ၂၀ ရက်နေ့မှာ လူတွေအပြင်မထွက်ကြဖို့၊ Stay at home အိမ်မှာပဲ နေကြဖို့နဲ့ နှာခေါင်းစည်းတွေတပ်ဆင်ပြီးမှ အပြင်ထွက်ကြဖို့အတွက် ကျန်းမာရေးဌာနက ရခိုင်ပြည်နယ်ကို အမိန့်ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ ပိုးကူးစက်ပြန့်ပွားမှုပိုမိုမြင့်မားလာခဲ့တဲ့အချိန်မှာ လူစုလူဝေးတွေရှိနေတဲ့ ဈေးကြီးတွေကို ဒေသအာဏာပိုင်တွေဘက်က ဆက်လက်ပိတ်ထားခဲ့ပြီး အခုကူးစက်မှုလျော့နည်းလာတဲ့အခါမှာ ပြန်လည်ဖွင့်ပေးလိုက်ပြီ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55588511

ရခိုင်မှာ ကိုဗစ်ပိုးတွေ့ရှိမှု ကျဆင်း၊ တောင်ပိုင်းမှာ ကူးစက်မှုရှိဆဲ  ရခိုင်မှာ ကိုဗစ်ပိုးတွေ့ရှိမှု ကျဆင်း၊ တောင်ပိုင်းမှာ ကူးစက်မှုရှိဆဲ Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.