တရုတ်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံ

မြန်မာနိုင်ငံကို ရောက်နေတဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က တနလာင်္နေ့မှာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံပြီး COVID-19 ကာကွယ် အရေး၊ တရုတ် - မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အပါအဝင် နှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေ ဆွေးနွေးခဲ့ပါတယ်။

အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အဖြစ် မြန်မာနိုင်ငံ ခရီးစဉ်နဲ့ တနလာင်္နေ့က စတင်လိုက်တဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi က မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဖို့လည်း စီစဉ်ထားပါတယ်။ COVID-19 ရောဂါ တိုက်ဖျက်ရေး၊ ကာကွယ်ရေး လုပ်ငန်းစဉ်တွေမှာ တရုတ်ဘက်က ထောက်ပံ့ပေးမယ့် ကိစ္စတွေကို တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi နဲ့ မြန်မာ သမ္မတ ဦးဝင်းမြင့်တို့ တနလာင်္နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြပါတယ်။

တရုတ်ထုတ် COVID ကာကွယ်ဆေး အလုံးရေ ၃ သိန်း မြန်မာနိုင်ငံ အတွက် ထောက်ပံ့ရေး၊ နောက် အမေရိကန် ဒေါ်လာ ၄၆၀,၀၀၀ ကျော်နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၃ သန်း တန်ဖိုးရှိ COVID-19 ရောဂါ တိုက်ဖျက်ရေး ဆေးပစ္စည်းတွေ ပံ့ပိုးရေးတွေလည်း ဆွေးနွေးခဲ့ကြတာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi တို့ သီးခြားတွေ့ဆုံတာမှာတော့ တရုတ် မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းတွေ အရေး ၊ နယ်စပ်ဒေသ တလျှောက် တည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ မျက်နှာစာမှာ နှစ်နိုင်ငံ ပိုပြီး ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးကြပါတယ်။

အာဏာရ NLD အစိုးရ ဒုတိယ သက်တမ်း အတွင်း ပြည်တွင်း ငြိမ်းချမ်းရေး ကိစ္စတွေမှာ တရုတ်ဘက်က ပံ့ပိုးပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သလို တရုတ်နိုင်ငံခြားရေး ဝန်ကြီးဘက်ကလည်း မြန်မာ့ ရွေးကောက်ပွဲ အောင်မြင်ခဲ့တဲ့ အတွက် တရုတ်နိုင်ငံ အကြီးအကဲများက ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး Wang Yi ရဲ့ အခု ခရီးစဉ် အတွင်းမှာ မြန်မာ- တရုတ် စီးပွားရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေး၊ စီးပွားရေးနဲ့ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ၅ နှစ် အစီအစဉ်၊ မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု ဆိုင်ရာ MOU ၊ နောက် ကချင်ပြည်နယ်တွင်း အိုးအိမ်စွန့် ထွက်ပြေးရသူများ ပြန်လည်နေရာချထားရေး အတွက် တရုတ်ဘက်က ငွေကြေး ထောက်ပံ့မယ့် အစီအစဉ်၊ လူစီးရထားတွဲတွေကို တရုတ်ရဲ့ အတိုးမဲ့ ချေးငွေနဲ့ ဝယ်မယ့် အစီအစဉ်ဆိုင်ရာ စာလွှာတွေကို လက်မှတ်ထိုးခဲ့ကြောင်းလည်း အစိုးရက ထုတ်ပြန်ထားပါတယ်။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/wang-yi-meet-with-aung-san-suu-kyi-/5733383.html

တရုတ်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံဆွေးနွေး တရုတ်နိုင်ငံခြားရေးဝန်ကြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့်တွေ့ဆုံဆွေးနွေး Reviewed by THITHTOOLWIN on 09:43 Rating: 5

No comments:

Powered by Blogger.