နော်ဝေးမှာ မြေပြိုလို့ ပျောက်နေသူတွေကို ဆွီဒင်ကပါ ကူရှာပေးနေ

မြေပြိုသွားတဲ့ နေရာကို ကောင်းကင်က တွေ့ရပုံ

နော်ဝေးနိုင်ငံမှာ ဒီဇင်ဘာ ၃၀ ဗုဒ္ဓဟူးနေ့က တောင်ပြိုပြီး ချောက်ထဲကျသွားတဲ့ အိမ်တွေက ပျောက်ဆုံးနေတဲ့ လူ ၁၀ ဦးကို ဆွီဒင်နဲ့ နော်ဝေးက ကယ်ဆယ်ရေးသမားတွေက ကယ်ဆယ်ရေးခွေးတွေနဲ့အတူ အန္တရာယ်ကြားက စွန့်စွန့်စားစား ကယ်ဆယ်ဖို့ ကြိုးစားနေကြပါတယ်။

မြို့တော် အော်စလိုကနေ အရှေ့မြောက်ဘက် ၁၅ မိုင်လောက်မှာ ရှိတဲ့ အာ့စ်ခ်ဆိုတဲ့ ရွာလေးမှာ နှင်းတွေ ထူထူထဲထဲကျနေပြီး စီးမျောလာတဲ့ ရွှံ့ရေတွေ တိုက်စားလို့ အိမ်တွေ ချောက်ကြီးထဲ ပြိုကျသွားကြတာဖြစ်ပါတယ်။

ချောက်ထဲကျသွားတဲ့ အိမ်တွေထဲက တစ်အိမ် နှစ်အိမ်လောက်ဟာ ကယ်ဆယ်ရေးသမားတွေ အထဲဝင်ဖို့ အန္တရာယ် မရှိနိုင်လောက်ဘူးလို့ ရဲမှူး ရွိုင်းအဲလ်ကဗစ်က ပြောပါတယ်။

ရဟတ်ယာဉ်တွေက မြေပြိုတဲ့ နေရာတစ်ဝိုက် ပျံဝဲရှာနေကြပြီး ကြာသပတေးနေ့ကတော့ ခွေးတစ်ကောင်ကို ရှာတွေ့ကယ်ဆယ်နိုင်ခဲ့ပါတယ်။

စစ်သုံး တံတားခင်းယာဉ် အကူအညီယူ

သောကြာနေ့ ရှာဖွေရေးလုပ်ငန်းတွေမှာတော့ ဆွီဒင်နဲ့ နော်ဝေးက ကယ်ဆယ်ရေးသမားတွေဟာ လမ်းခင်းသူ လို့အမည်ပေးထားတဲ့ စစ်ယာဉ်တစ်စီးကို အသုံးပြုဖို့ ပြင်နေကြပါတယ်။ အဲဒီယာဉ်မှာက သံမဏိတံတားရှည်ကြီး တစ်ခုပါလို့ အဲဒီတံတားကို ချခင်းနိုင်ရင် ကယ်ဆယ်ရေးသမားတွေ အဲဒီအပေါ်ကနေ လျှောက်ပြီး လိုချင်တဲ့ နေရာကို သွားနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် မြေပြင်အနေအထားက မကောင်းသေးလို့ တန်ချိန် ၅၀ လေးတဲ့ အဲဒီယာဉ်ကို ဖြစ်တဲ့နေရာမှာ သုံးလို့ အဆင်မပြေသေးဘူးလို့လည်း သိရပါတယ်။

အိမ်တွေပြိုပြီး ချောက်ထဲကျ

ပြိုကျသွားတဲ့ အိမ်တွေဆီသွားဖို့ မြေပြင်က ခိုင်မာမှု မရှိဖြစ်နေပါတယ်။

ဒါကြောင့် ကယ်ဆယ်ရေးသမားတွေက ဖော့တုံးတွေကို စီချပြီး မြေပြိုကျတဲ့ချောက်ထဲက အိမ်တွေကို သွားဖို့ ကြိုးစားကြပါတယ်။ လိမ္မော်ရောင်ဖော့တုံးတွေကို တစ်ခုနဲ့တစ်ခုထပ်ပြီးစီတန်းချကာ အိမ်တစ်လုံးဆီကို အဲဒီအပေါ်ကနေ သွားဖို့ ကြိုးစားတာပါ။

အချိန်လုနေရ

နော်ဝေးဆောင်းရာသီမှာ နေ့ခင်းဖက် အလင်းရောင်ရချိန်က နည်းနည်းလေးမို့ ကယ်ဆယ်ရေးသမားတွေလည်း အချိန်လုပြီး လုပ်နေကြရပါတယ်။ ဆေးပညာရှင်တွေနဲ့ ဘူမိဗေဒပညာရှင်တွေလည်း ကယ်ဆယ်ရေးအဖွဲ့နဲ့လာပူးပေါင်းခဲ့ပြီး ရဲတွေကတော့ လူတွေကို ကယ်ထုတ်နိုင်မယ်လို့ မျှော်လင့်နေကြောင်း ပြောပါတယ်။

အာ့စ်ခ်ရွာအပါအဝင်ဖြစ်တဲ့ အဲဒီ ဂျာဒရမ်ဒေသက လူပေါင်း ၁၀၀၀ ကျော်ကို မြေပြိုတာတွေ ဖြစ်တဲ့နေ့မှာပဲ နေရာရွှေ့ပြောင်းပေးခဲ့ပါတယ်။ မနေ့က နှစ်သစ်ကူးအကြိုနေ့မှာလည်း နောက်ထပ် လူတွေကို သူတို့ အိမ်တွေကနေ တခြားနေရာတွေကို ပြောင်းရွှေ့ပေးထားပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက ဒရုန်းတွေနဲ့ ရဟတ်ယာဉ်တွေမှာ အပူလှိုင်းကို ထောက်လှမ်းနိုင်တဲ့ ကင်မရာတွေတပ်ပြီး အပျက်အစီးပုံတွေအောက်မှာ လူတွေ ရှိနေနိုင်သလားဆိုတာကို ရှာကြပါတယ်။

ပျောက်နေဆဲဆိုတဲ့ လူ ၁၀ ယောက်အကြောင်းရဲတွေက အသေးစိတ်သတင်းမထုတ်ပေမယ့် သူတို့အထဲမှာ မိန်းမနဲ့ ကလေးတွေလည်း ပါတယ်လို့ ယူဆရပါတယ်။

သူတို့ထဲမှာ ခွေးနဲ့လမ်းလျှောက်ရင်း သူ့အမျိုးသားကို ဖုန်းနဲ့စကားပြောနေတဲ့ အမျိုးသမီးတစ်ယောက်လည်း ပါတယ်၊ စကားပြောနေရင်း ဖုန်းက ရုတ်တရက် ပြတ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံသတင်းစာတစ်စောင်မှာ ရေးထားပါတယ်။

လင်မယားနှစ်ယောက်နဲ့ သူတို့ရဲ့ ကလေးငယ်၊ နောက် အသက် ၅၀ကျော်အမျိုးသမီးတစ်ယောက်နဲ့ သူ့ရဲ့ အရွယ်ရောက်ပြီး သားတစ်ယောက်တို့လည်း ပျောက်နေတယ်လို့ တခြားသတင်းတွေအရ သိရပါတယ်။

စစ်တပ်က သုံးတဲ့ တံတားခင်းယာဉ်

နော်ဝေးစစ်တပ်က သုံးတဲ့ တံတားခင်းယာဉ်မျိုးကို ကယ်ဆယ်ရေးအတွက်သုံးဖို့ စဉ်းစားနေကြ

အိမ် ၃၀ ကျော်လည်းပျက်စီးသွားပါတယ်။ မြေပြိုလို့ဖြစ်လာတဲ့ ချောက်ကြီးရဲ့ အစပ်မြေသားတွေကလည်း တဖြည်းဖြည်းချင်းပဲ့ကျလာနေလို့ နောက်ထပ် အိမ်တွေပျက်စီးနိုင်သေးတယ်လို့ ဒေသခံအရာရှိတွေက ပြောပါတယ်။

ရာသီဥတုကလည်း အနုတ် ၁ ဒီဂရီမှာရှိနေပြီး အောက်ခံရွှံ့မြေသားက လမ်းလျှောက်ဖို့တောင် မလွယ်လောက်အောင် ပျော့နေတဲ့အတွက် ကယ်ဆယ်ရေးလုပ်သားတွေ အလုပ်လုပ်ဖို့ အတော်လေး အန္တရာယ်များတယ်လို့လည်း သိရပါတယ်။

ရဟတ်ယာဉ်တွေ၊ ခွေးတွေသုံးပြီး ရှာဖွေကယ်ဆယ်ရေးလုပ်နေကြ

ကယ်ဆယ်ရေးခွေးတစ်ကောင်ကို ရဟတ်ယာဉ်ပေါ်ကနေ မြေပြင်ကို ချနေစဉ်

မြေပြိုတာက ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ စဖြစ်လာခဲ့တာပါ။ အဲဒီမှာ နေသူတွေက အရေးပေါ်ကယ်ဆယ်ရေးဌာနကို ဖုန်းဆက်ကြပြီး သူတို့ရဲ့ အိမ်တွေ လှုပ်နေ ရွေ့နေတယ်လို့ ပြောခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အသက်၆၈ နှစ်ရှိပြီဖြစ်တဲ့ ဒေသခံ အွိုင်စတိန်း ဂျာဒရမ်ဆိုသူက မြေကြီးလှုပ်ပြီးတုန်ခါသွားတာကြီး နှစ်ကြိမ် အကြာကြီးဖြစ်ခဲ့တယ်။ အစကတော့ သူက နှင်းတွေကို လာဖယ်ရှားနေတာလား၊ တစ်ခုခုပဲလို့ ထင်ခဲ့တယ်လို့ နော်ဝေး NRK သတင်းဌာနကို ပြောပါတယ်။

"ပြီးတော့ မီးပျက်သွားတယ်၊ အိမ်နီးချင်းတစ်ယောက်က ကျွန်တော့်တံခါးဝကိုလာပြီး ဒီနေရာက ရွှေ့ကြဖိုလိုတယ်လို့ ပြောတယ်။ အဲဒါနဲ့ ကျွန်တော်လည်း မြေးသုံးယောက်ကို အိပ်ရာကနှိုးပြီး၊ အဝတ်အစားတွေ အမြန်ဝတ်ခိုင်းခဲ့တယ်။"

နော်ဝေးက ရေအရင်းအမြစ်နဲ့ စွမ်းအင်ညွှန်ကြားမှုအဖွဲ့ရုံးက ပြောခွင့်ရအမျိုးသမီးက အခုမြေပြိုမှုဟာ မီတာ၃၀၀အနက်နဲ့ မီတာ ၇၀၀ အကျယ်ရှိတဲ့ ရွှံ့စေးပျော့ ပြိုကျတာဖြစ်တယ်လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

အိမ်တွေပျက်စီးတဲ့အရေအတွက်နဲ့ လူတွေ ရွှေ့ပြောင်းရတဲ့ အရေအတွက်ကို ကြည့်ရင် အခုမြေပြိုမှုဟာ နော်ဝေးမှာတော့ ဒီနှစ်ပိုင်းတွေအတွင်းမှာ အကြီးဆုံး တစ်ခုပဲလို့ လိုင်လာဟွိုင်ဗစ်က ပြောပါတယ်။

ရွှံ့စေးပျော့ဆိုတာ နော်ဝေးနဲ့ ဆွီဒင်မှာတွေ့ရတတ်တဲ့ ရွှံ့မျိုးဖြစ်ပြီး လွယ်လွယ်ပြိုကျနိုင်သလို ဖိမိရင် အရည်ပျော်သွားတတ်တဲ့ မြေအမျိုးအစားဖြစ်ပါတယ်။

မိုးတွေ သည်းသည်းသည်းထန်ထန် ရွာနေတာကလည်း မြေသားကို ပျော့ပြီးပြိုကျတာဖြစ်နိုင်ပေမယ့် ဘာလို့ အဲဒီလို နေရာမှာ နေအိမ်တွေဆောက်ခွင့် ပေးခဲ့ရတာလဲလို့ နော်ဝေးအသံလွှင့်ဌာန NRK က မေးခွန်းထုတ်ပါတယ်။

၂၀၀၅ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ဘူမိတိုင်းထွာချက်တွေအရ အဲဒီဒေသကို မြေပြိုနိုင်တဲ့ အန္တရာယ်ကြီးကြီးမားမားရှိရာ နေရာတစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။ အဲဒီလို သတိပေးချက်ရှိနေလျက်နဲ့ နောက်သုံးနှစ်အကြာ ၂၀၀၈ ခုနှစ်မှာ အဲဒီနေရာမှာပဲ နေအိမ်တွေ စဆောက်ခဲ့တာဖြစ်ကြောင်း နော်ဝေးက TV2 သတင်းဌာနကလည်း သတင်းဖော်ပြခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55446675

နော်ဝေးမှာ မြေပြိုလို့ ပျောက်နေသူတွေကို ဆွီဒင်ကပါ ကူရှာပေးနေ  နော်ဝေးမှာ မြေပြိုလို့ ပျောက်နေသူတွေကို ဆွီဒင်ကပါ ကူရှာပေးနေ Reviewed by THITHTOOLWIN on 05:48 Rating: 5

No comments:

Powered by Blogger.