ကလေးလုပ်သားတွေအတွက် အန္တရာယ်များတဲ့ အာရှစားအုန်းဆီ လုပ်ငန်း


ကမ္ဘာမှာဆီအုန်းတွေအဓိကထုတ်လုပ်နေတဲ့ အာရှတိုက်ထဲက ဆီအုန်း လုပ်ငန်းခွင်မှာလုပ်ကိုင်နေကြတဲ့ ကလေးတွေရဲ့အလုပ်ချိန်ရှည်လွန်းသလို အဆိပ်ရှိတဲ့ ပိုးမွှားတိရိစ္တာန်တွေ အကိုက်ခံရမယ့် ဘေး နဲ့လည်းနေ့စဉ်ရင်ဆိုင်နေကြရပါတယ်။ အသက် ၁၅ နှစ်သာရှိသေးတဲ့ Ima ကတော့ ကင်းမြီးကောက်ကိုက်ခံရတာတွေ မြွေဟောက်နဲ့ တည့်တည်းတိုးတာမျိုး မကြာခဏ ကြုံနေရတာပါ။ သူ့ကိုယ်အလေးချိန်ထက် ၃ ဆလောက်လေးတဲ့ လက်တွန်းလှည်းနဲ့ ဆီအုန်းသီးတွွေကို နေ့တိုင်းလိုက်ကောက်ရပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဆီအုန်းလုပ်ငန်းခွင်က ကလေးလုပ်သားတွေအကြောင်း အေပီသတင်းဆောင်းပါးကိုအခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံက ဆီအုန်းစိုက်ပျိုရေးခြံထဲမှာပဲ မွေးဖွားကြီးပြင်းလာတဲ့ Ima ဟာ အသက် ၁၀နှစ်အရွယ်မှာ ကျောင်းထွက်ခဲ့ရပါတယ်။ သချာင်္တော်ပြီး ကျောင်းပျော်တဲ့ Ima တယောက် ကျောင်းပြန်တက်ချင်ပေမယ့် သူ့အမေက စားအုန်းဆီခြံမှာ အလုပ်ကူလုပ်ဖို့ကျောင်းနုတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့တဖက်ခြမ်း အမေရိကန်ပြည်ထောင်စု Tennessee ပြည်နယ်က အသက် ၁၄ နှစ်အရွယ် Olivia Chaffin ကတော့ Ima ကိုလူချင်း မတွေ့ဖူးပေမယ့် သူ့ခံစားချက်ကိုသဘောပေါက်ပါတယ်။

အမျိုးသမီးကင်းထောက်လူငယ်ရန်ပုံငွေအဖြစ် ကွွတ်ကီးမုန့်တွေ အများဆုံးရောင်းချနိုင်ခဲ့တာကို Olivia တယောက်ဂုဏ်ယူခဲ့ဖူးပါတယ်။ကွတ်ကီးမုန့်အပါအဝင် သွားတိုက်ဆေးနဲ့ မိတ်ကပ်လို လူသုံးကုန်ပစ္စည်းမျိုးစုံမှာ ဆီအုန်းတွေကို အသုံးပြုကြတာပါ။ Ima အလုပ်လုပ်တဲ့ခြံကထွက်တဲ့ ဆီအုန်းတွေကို အသုံးပြုတဲ့ လုပ်ငန်းတွေကို APသတင်းဌာနက ခြေရာကောက်တာမှာ ကွတ်ကီးမုန့်တွေ ထုတ်လုပ်တဲ့ကုမ္ပဏီတွေလည်းပါဝင်ပါတယ်။ Ima ရဲ နေ့တဓူဝအလုပ်တွေကို မြင်ခဲ့ရတဲ့ Olivia က ခုတော့ ကွတ်ကီးမုန့်တွေရောင်းခဲ့မိတာကို နောင်တရလို့ မဆုံးဖြစ်နေပါတယ်။

“ အဲဒီလိုဘဝမျိုးမှာ အသက်ရှင်ရတာ သိပ်ဆိုးပါတယ်။ ဘယ်လောက်တောင် ဆိုးမလဲဆိုတာ စဉ်းစားကြည့်လို့တောင်မရပါဘူး”

ဆီအုန်းဝယ်လိုအားတက်လာတာကြောင့်အပူပိုင်း အမြဲစိမ်းသစ်တောတွေ ဧကသန်းနဲ့ချီ ပျက်စီးခဲ့ရတာကြောင့် သဘာဝပတ်ဝန်းကျင်ကိုလည်း အကြီးအကျယ်ထိခိုက်လာစေပါတယ်။

San Francisco အခြေစိုက် အမြဲစိမ်းသစ်တောထိန်းသိမ်းရေးကွန်ယက် က ညွှန်ကြားရေးမှူး Robin Averbeck က အခုလို ထောက်ပြပါတယ်။

“ဆီအုန်းလုပ်ငန်းခွင်မှာ ကလေးလုပ်သားအသုံးပြုမှု၊ အတင်းအကြပ်အလုပ်ခိုင်းစေမှု၊ တရားမဝင် လူကုန်ကူးမှုနဲ့ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ပေါ်ပေါက်နေပါတယ်။”

ကမ္ဘာတဝှမ်းအသုံးပြုနေတဲ့ ဆီအုန်း ၈၅ ရာခိုင်နှုန်းနီးပါးက အလုပ်သမားသန်းနဲ့ချီခန့်ထားတဲ့ အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံကဖြစ်ပြီး ဒီထဲမှာ မိသားစုတခုလုံး လုပ်ကိုင်နေတာလည်းရှိပါတယ်။ ဆီအုန်းလုပ်ငန်းခွင်က မတရားအလုပ်ခိုင်းစေခံနေရတဲ့ကိစ္စတွေပေါ်ပေါက်နေတာကို အင်ဒိုနီးရှား အစိုးရပိုင်းကလည်း သဘောပေါက်ကြပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးနှင့် ကလေးငယ်များကာကွယ်ရေးဆိုင်ရာ ဝန်ကြီးဌာန ဒုဝန်ကြီး Rafail Walangitan က

“အမျိုးသမီးကျန်းမာရေးကိစ္စနဲ့ ကလေးလုပ်သားခိုင်းစေမှုတွေမှာ ကျနော်တို့ လုံလောက်စွာ အကာအကွယ်မပေးနိုင်သေးပါဘူး။ ဒီအကြောင်းအရာတွေက အစိုးရအတွက် စိုးရိမ်စရာကောင်းတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။”

အမေရိကန်ကလည်းအတင်းအကြပ်လုပ်အားခိုင်းစေမှုနဲ့ ဆက်စပ်နေတဲ့ မလေးရှားက ဆီအုန်းတွေကို တားမြစ်မယ်လို့ လတ်တလောကြေငြာထားပါတယ်။ ဆီအုန်းလုပ်ငန်းရှင်တွေ ကလည်း ဒီအခြေအနေတွေတိုးတက်အောင် လုပ်ကိုင်လာတာပါ။ ၂၀၀၄ ခုနှစ်မှာတော့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ကျင့်ဝတ်နဲ့ညီတဲ့ ဆီအုန်းဖြစ်ကြောင်း အသိအမှတ်ပြုနိုင်ရေးအတွက် ဆီအုန်းစိုက်ပျိုးသူ၊ ဝယ်ယူသူတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး စောင့်ကြည့်သူတွေစုပေါင်းပြီး Roundtable on Sustainable Palm Oil RSPO ဆိုတဲ့အဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

RSPO အဖွဲ့ပြောခွင့်ရသူ Dan Strechay က

“ဆီအုန်းလုပ်ငန်းခွင်က အလုပ်သမားတွေ သင့်တင့်မ ျှတစွာ နေထိုင်နိုင်တဲ့ လုပ်အားခမျိုးပေးနိုင်အောင် ဒေသန္တရဥပဒေပြဌာန်းချက်တွေထက်ကျော်လွန်ပြီး လုပ်ကိုင်ပေးနိုင်တဲ့စနစ်မျိုး ဖန်တီးကြဖို့ RSPO အဖွဲ့ဝင်တွေကို တိုက်တွန်းထားပါတယ်။ လူ့အခွင့်အရေး ကိစ္စရပ်တွေမှာတော့ RSPO က စစ်ဆေးတဲ့ ပုံစံတွေ ဒီထက်တိုးတက်အောင်လုပ် ရမယ်ဆိုတာကိုလည်း ကျနော်တို့ သဘောပေါက်ပါတယ်”

RSPO အဖွဲ့ရဲ အတည်ပြုလက်မှတ်ရတာဟာ ဆီအုန်းလုပ်ငန်းခွင်မှာ ကလေးလုပ်သားဒါမှမဟုတ် မတရားမှုတွေရှိမနေဘူးဆိုတဲ့အဓိပါယ်မဟုတ်ဘူးလို့ တက်ကြွလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။အီတာလျံမုန့်မျိုးစုံလုပ်ငန်း Little Brownie Bakers ကလည်း RSPO ကအပြည့်အဝအသိအမှတ်ပြုထားတဲ့ ဆီအုန်းတွေကိုသာ အမြန်ဆုံး အသုံးပြုသွားဖို့ လုပ်ကိုင်နေပါတယ်လို့ ၂၀၁၉ ဧပြီလမှာပြောကြားထားပါတယ်။

ကနေဒါနိုင်ငံအခြေစိုက် Weston Foods ကလည်း သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေပဲ ကျင့်ဝတ်နဲ့အညီထုတ်လုပ်ထားတဲ့ ဆီအုန်းတွေကိုသာ သူ့မုန့်တိုက်တွေမှာအသုံးပြုဖို့ အဓိဌာန်ပြုထားပါတယ်လို့ ကုမ္ပဏီရဲ့ အင်တာနက်စာမျက်နှာမှာဖော်ပြထားပါတယ်။

ဒါပေမယ့်လည်း ဘယ်ကုမ္ပဏီတွေကနေ ဆီအုန်းဝယ်ယူနေသလဲဆိုတာကိုတော့ ဖော်ပြမထားပါဘူး။ Olivia ကတော့ ကုမ္ပဏီတွေက ဒီလိုပြောနေရုံနဲ့မကျေနပ်နိုင်ပါဘူး။ အမြဲစိမ်းသစ်တောတွေနဲ့ Ima အတွက် ဒီထက်ပိုလုပ်ကိုင်ကြဖို့ တိုက်တွန်းနေပါတယ်။

Ima ဖြစ်ချင်တဲ့ ဆရာဝန်တယောက်ဖြစ်လာအောင် ကျောင်းပြန်တက်နိုင်ပါစေလို့ Olivia ကဆုတောင်းပေးနေပေမယ့် Ima အတွက်ကတော့ သူ့အိမ်မက်တွေနဲ့အလှမ်းဝေးနေပြီး တနေ့တနေ့ ခြံထဲက ဆီအုန်းသီးတွေ အပြီးကောက်နိုင်ဖို့ပဲ အာရုံထား လုပ်ကိုင်နေရတာဖြစ်ပါတယ်။ 


နန်းလောင်ဝ်/VOA (Burmese)

https://burmese.voanews.com/a/child-labor-palm-oil-asia-/5719182.html

ကလေးလုပ်သားတွေအတွက် အန္တရာယ်များတဲ့ အာရှစားအုန်းဆီ လုပ်ငန်း ကလေးလုပ်သားတွေအတွက် အန္တရာယ်များတဲ့ အာရှစားအုန်းဆီ လုပ်ငန်း Reviewed by THITHTOOLWIN on 01:38 Rating: 5

No comments:

Powered by Blogger.