အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင်

ကိုဗစ် ကာကွယ်ဆေးထိုးနေတဲ့ အင်ဒိုနီးရှား သမ္မတ Joko Widodo။ (ဇန်နဝါရီ ၁၃၊ ၂၀၂၁)

အင်ဒိုနီးရှားနိုင်ငံတဝန်းမှာ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးမှု အစီအစဉ်ကို စတင်နေပါပြီ။ သမ္မတ Joko Widodo က တရုတ်နိုင်ငံကထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို ဗုဒ္ဓဟူးနေ့က ထိုးပြီးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်ခဲ့တာပါ။ ကိုဗစ်ကာကွယ်ဆေးကို ဦးစားပေးအဆင့်လိုက်ထိုးသွားမယ့်ထဲမှာ သက်ကြီးရွယ်အိုတွေအစား ၁၈ နှစ်ကနေ ၅၉ နှစ်ကြားအရွယ်တွေကို ပထမဦးစားပေးအနေနဲ့ ကိုဗစ်ကာကွယ်ဆေးထိုးပေးသွားမယ့်အကြောင်း မစုမြတ်မွန်က စုစည်းတင်ပြပါမယ်။

တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ အရေးပေါ်အသုံးပြုဖို့ အင်ဒိုနီးရှား အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ခွင့်ပြုပြီး ၂ ရက်အကြာ ဗုဒ္ဓဟူးနေ့က နိုင်ငံတဝန်း ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်တွေကို စတင်ခဲ့ပါတယ်။ Sinovac ကာကွယ်ဆေးကို တရုတ်နိုင်ငံပြီးရင် အင်ဒိုနီးရှားက ဒုတိယနိုင်ငံအဖြစ် အရေးပေါ်အသုံးပြုခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ အသက် ၅၉ နှစ်အရွယ် အင်ဒိုနီးရှားသမ္မတ Joko Widodo က နိုင်ငံထဲမှာ ပထမဆုံးအဖြစ် Sinovac ကိုဗစ်ကာကွယ်ဆေး အထိုးခံခဲ့ပါတယ်။

"ကျနော်တို့ အခုလိုကာကွယ်ဆေးထိုးမှု စတင်ပြီးတာနဲ့ နိုင်ငံတဝန်းလုံးက ပြည်နယ်တွေ၊ ခရိုင်တွေ၊ မြို့တွေမှာ ကာကွယ်ဆေးထိုးအစီအစဉ်တွေကို ဆက်လုပ်သွားမှာဖြစ်ပါတယ်။ အင်ဒိုနီးရှား အစားအစာနဲ့ဆေးဝါးကြီးကြပ်ရေးဌာနရဲ့ အရေးပေါ် အသုံးပြုခွင့်နဲ့ အင်ဒိုနီးရှား အစ္စလာမ်ဘာသာရေးခေါင်းဆောင်များအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိပြီးနောက်မှာ ပထမဆုံးကာကွယ်ဆေးထိုး အစီအစဉ်ကို စတင်တာဖြစ်ပါတယ်။"

သမ္မတအိမ်တော်မှာ ဗုဒ္ဓဟူးနေ့က သမ္မတ Widodo အပြင် နိုင်ငံခြားရေးဝန်ကြီးနဲ့ တခြားအစိုးရထိပ်တန်းအရာရှိ တချို့ ပထမတကြိမ် ကိုဗစ်ကာကွယ်ဆေး အထိုးခံခဲ့ကြပါတယ်။ ၂ ကြိမ်ထိုးဖို့လိုတဲ့ Sinovac ကာကွယ်ဆေးကို နောက်ပိုင်းရက်တွေမှာ ဒုတိယအကြိမ်ထိုးမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ စတင်နေတဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်က တခြားနိုင်ငံတွေမှာလို သက်ကြီးရွယ်အိုတွေကို ဦးစားမပေးဘဲ အသက် ၁၈ နှစ်ကနေ ၅၉ နှစ်ကြား အရွယ်တွေကို ပထမဦးစားပေး ဆေးထိုးပေးနေတာပါ။ တရုတ်ရဲ့ Sinovac ကိုဗစ်ကာကွယ်ဆေးက သက်ကြီးရွယ်အိုတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲဆိုတဲ့ စမ်းသပ်မှုအဖြေ အပြည့်အစုံ မသိရသေးတာကြောင့်ရော၊ တခြားသူတွေနဲ့ ထိတွေ့မှုပိုများတဲ့ လုပ်ငန်းခွင်ဝင်နေကြသူတွေကို ဦးစားပေးတဲ့အနေနဲ့ ခုလို ကာကွယ်ဆေးထိုးပေးနေတာဖြစ်ပါတယ်။

Sinovac ကိုဗစ်ကာကွယ်ဆေးကို အင်ဒိုနီးရှားနိုင်ငံမှာ စမ်းသပ်တာ ထိရောက်မှု ၆၅.၃% ထိရောက်မှု ရှိတယ်လို့ အင်ဒိုနီးရှားကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ ဘရာဇီးလ်နိုင်ငံမှာ စမ်းသပ်တာတော့ ၅၀% ပဲ ထိရောက်မှုရှိတယ်လို့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကိုဗစ်ဒဏ်ရောဂါ အဆိုးဆုံးကူးစက် ပျံ့နှံ့နေတဲ့ နိုင်ငံတခုဖြစ်ပြီး နေ့စဉ်အတည်ပြုလူနာ ပ ျှမ်းမ ျှ ၉,၀၀၀ လောက်ရှိနေတာပါ။

ကိုဗစ်ကြောင့် နှစ် ၂၀ ကျော်အတွင်း ပထမဆုံး စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အတွက် စီးပွားရေးပြန်လည်ဦးမော့နိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရက စိတ်အားသန်နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးနိုင်ပြီဆိုပြီး အနေအထိုင်မပေါ့ကြဖို့ သမ္မတ Widodo ကလည်း ခုလိုထပ်ပြီး သတိပေးခဲ့ပါတယ်။

"ကာကွယ်ဆေးထိုးအစီအစဉ်တွေ လုပ်နေပေမဲ့ ကျန်းမာရေးဆိုင်ရာ လုပ်ဖို့အရေးကြီးတဲ့ အချက်တွေကို မမေ့ကြဖို့လည်း ပြောချင်ပါတယ်။ နှာခေါင်းစည်းတပ်ပါ။ လက်ဆေးပါ။ တယောက်နဲ့တယောက် ခပ်ခွာခွာနေပါ။ လူကြားထဲသွားတာ ရှောင်ကြပါ။"

ကိုဗစ်ကပ်ရောဂါအဆုံးသတ်ဖို့ ကိုဗစ်ကာကွယ်ဆေးက အဓိကလို့ မမှတ်ယူကြဖို့ ကျွမ်းကျင်သူတွေကလည်း သတိပေးနေပါတယ်။ ကာကွယ်ဆေးထိုးထားပြီးသူတွေ ရောဂါ ကူးနိုင်သလားဆိုတာကို လေ့လာစစ်ဆေးမှုတွေ လုပ်ဖို့ လိုအပ်နေသေးတယ်လို့ သူတို့က ထောက်ပြနေကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက AstraZenec၊ Pfizer၊ အပြင် တရုတ်က Sinopharm ကိုဗစ်ကာကွယ်ဆေး စုစုပေါင်း သန်း ၃၃၀ ကိုဝယ်ယူဖို့လည်း စာချုပ်ထားပါတယ်။


မစုမြတ်မွန်/VOA (Burmese)

https://burmese.voanews.com/a/indonesia-vaccine-covid/5735726.html

အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင် အင်ဒိုနီးရှားနိုင်ငံ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု စတင် Reviewed by THITHTOOLWIN on 00:31 Rating: 5

No comments:

Powered by Blogger.