အမေရိကန် ရွေးကောက်ပွဲရလဒ်ကို လွှတ်တော်က တရားဝင်အတည်ပြုဖို့ အထူး အစည်းဝေးပွဲလုပ်နေစဉ် လွှတ်တော်အဆောက်အဦးကို Trump လိုလားသူတွေ အတင်းဝင်ရောက်ခဲ့တာဟာ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်တယ်လို့ သမ္မတဟောင်း George W. Bush ကပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲပြီးထဲက တချို့နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မဆင်ခြင်တဲ့ လုပ်ရပ်တွေအပြင် အမေရိကန်အဖွဲ့အစည်းတွေ၊ ဓလေ့ထုံးစံတွေနဲ့ တရားဥပဒေစိုးမိုးရေးဆောင်ရွက်သူတွေအပေါ် ဒီနေ့ မလေးစားတဲ့လုပ်ရပ်တွေအတွက် သူ့အနေနဲ့ တုန်လှုပ်စိတ်ပျက်ခဲ့ကြောင်း Republican ပါတီရဲ့ တဦးတည်းသော အသက်ရှင်ကျန်တဲ့ သမ္မတဟောင်း George W. Bush က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
သမ္မတ Trump ကြောင့်လို့ တိုက်ရိုက်မပြောပေမဲ့ Capitol လွှတ်တော်အဆောက်အဦးအပေါ် အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဖွဲ့စည်းပုံအရဆောင်ရွက်တဲ့ လွှတ်တော်စည်းဝေးပွဲကို နှောင့်ယှက်မှုသူတွေဟာ မှားယွင်းတဲ့အမြင် မေ ျှာ်လင့်ချက်တွေကြောင့် ဒေါသထွက်နေကြသူတွေဖြစ်တယ်လို့ ဖော်ပြပြောဆိုပါတယ်။ Trump အပေါ်ထောက်ခံတဲ့ လူအုပ်ကြီးရဲ့ လုပ်ရပ်အပေါ် သမ္မတဟောင်း George W. Bush အပြင် တခြားထင်ရှားတဲ့ Republican ပါတီဝင်တွေကလည်း ပြစ်တင် ဝေဖန်ခဲ့ကြတာပါ။ အမေရိကန်ဒီမိုကရေစီစနစ်မှာ အကြမ်းဖက်မှုအတွက် လုံးဝနေရာမရှိဘူးလို့ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း Robert O'Brien ကလည်းပြောပါတယ်။
လွှတ်တော်အဆောက်အဦးမှာ ဥပဒေမဲ့ ဆန္ဒပြမှုတွေမြင်ရတာ အင်မတန်ဒေါသထွက်တယ်လို့ Oklahoma ပြည်နယ် အောက်လွှတ်တော်အမတ် Tom Cole ကလည်း ကြေညာချက်ထုတ်ပြန်ပါတယ်။ Democrat သမ္မတဟောင်း Barack Obama ကတော့ သမ္မတ Donald Trump နဲ့ သူရွေးကောက်ပွဲအနိုင်ရတယ်ဆိုတဲ့ ပြောကြားမှုတွေအပေါ် ထောက်ခံနေကြတဲ့ Republican ပါတီဝင်တွေကို တိုက်ရိုက် အပြစ်တင်ခဲ့ပါတယ်။ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ကလည်း အမေရိကန်ဒီမိုကရေစီကို အရှက်ရအောင် စော်ကားမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-officials-reaction/5728389.html

No comments:
Post a Comment