လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို

လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို ၂ဝ၂ဝ ရွေးကောက်ပွဲအတွင်း မဲရလဒ်ရေတွက်နေသည့် မြင်ကွင်းတခု။ Photo: AFP

လုံခြုံရေး အခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက မြို့နယ်တွေမှာ အမြန်ဆုံး ရွေးကောက်ပွဲပြန်ကျင်းပဖို့ တပ်မတော်က ဒီကနေ့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ တစ်ရက်နေ့မှာ ရွေးကောက်ခံ ကိုယ်စားလှယ်သစ်တွေပါဝင်မယ့် လွှတ်တော်အစည်းအဝေးတွေ ပြန်စတော့မှာ ဖြစ်တာကြောင့် ဒီကာလမတိုင်ခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပပေးဖို့ တပ်မတော်က တိုက်တွန်းတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပနိုင်ဖို့ တပ်မတော်က ရခိုင့်တပ်တော် AAနဲ့ ဆွေးနွေးထားပြီးဖြစ်သလို ပစ်ခတ်တိုက်ခိုက်မှုတွေလည်း ရပ်စဲပေးထားကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

AA တပ်ဖွဲ့က ဖမ်းဆီးခံထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က NLD ရွေးကောက်ခံအမတ်လောင်း သုံးယောက်ကိုလည်း ရခိုင်ပြည်နယ်တွင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်နိုင်ရေးအတွက် ရည်ရွယ်ပြီး တပ်မတော်နဲ့ ရခိုင်တပ်တော် AA တို့ကြား ညှိနှိုင်းမှုရယူ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ရခိုင့်တပ်တော် AA ကလည်း တောင်းဆိုထားပါတယ်။ ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲပြန်ကျင်းပဖို့ အဆင်သင့်ရှိနေပြီလို့ RFA ကိုပြောထားပါတယ်။ ဒါပေမဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ရွေးကောက်ပွဲ ပြန်ကျင်းပဖို့ အစီအစဉ်ရှိ၊ မရှိကို ဘာမှ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။

ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ ရွေးကောက်ပွဲ အမြန်ဆုံး ကျင်းပနိုင်ဖို့ သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေက ဝိုင်းဝန်းဆောင်ရွက်ကြဖို့လည်း နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ဇန်နဝါရီလ (၄) ရက်နေ့ လွတ်လပ်ရေးနေ့မှာ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်က ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦး စတဲ့ မြို့နယ် ၉ မြို့နယ်လုံးနဲ့ ရှမ်းပြည်နယ်က မိုင်းလား၊ ပန်ဆန်း (ပန်ခမ်း)၊ နားဖန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ မိုင်းကိုင် စတဲ့မြို့နယ်၆ မြို့နယ်လုံးမှာ ရွေးကောက်ပွဲ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-calls-on-to-hold-election-in-shan-and-rakhine-01072021092248.html

လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို လွှတ်တော်သစ်ပြန်မစခင် အမြန်ဆုံး ရွေးကောက်ပွဲကျင်းပဖို့ တပ်မတော်တောင်းဆို Reviewed by THITHTOOLWIN on 21:56 Rating: 5

No comments:

Powered by Blogger.