အမေရိကန် ကွန်ဂရက်လွှတ်တော်ထဲကို အတင်းဝင်ရောက် ဖျက်ဆီးခဲ့သူတွေထဲက ခုချိန်ထိ စွဲချက်တင်ထားသူတွေထဲမှာ သမ္မတ Trump ကို ထောက်ခံသူတဦးဖြစ်ပြီး လွှတ်တော်ထဲ အတင်းဝင်တဲ့အချိန် ကိုယ့်ကိုယ်ကို ဗွီဒီယိုရိုက်ယူခဲ့တဲ့ ပြည်နယ်လွှတ်တော်အမတ်တဦး၊ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ရုံးခန်းထဲမှာ ထိုင်နေခဲ့တဲ့ ပုံထဲမှာပါသူ အာကင်ဆောပြည်နယ်သား တဦးတို့လည်း အပါအဝင် ဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့က ကွန်ဂရက်လွှတ်တော် ရုန်းရင်းဆန်ခတ်မှုကို စုံစမ်းစစ်ဆေးနေတာမှာ ခုချိန်ထိဆိုရင် လူပေါင်း တဒါဇင်ကျော်ကို စွဲချက်တင်ထားပြီလို့ တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ကို အမေရိကန်တနိုင်ငံလုံးက ရုပ်သံသတင်းတွေ၊ အင်တာနက်သတင်းတွေကနေ စောင့်ကြည့်ခဲ့ကြပြီး အများအားဖြင့် မယုံနိုင်အောင် ဖြစ်ရသူတွေထဲ အီလီနွိုင်းပြည်နယ်က အစိုးရဝန်ထမ်းဟောင်း တဦးလည်းဖြစ်၊ အငြိမ်းစား ပါမောက္ခတဦးလည်းဖြစ်တဲ့ Kent Redfield လည်း တဦးအပါအဝင်ပါ။
"ဒါဟာ အစိုးရနဲ့ တရားဥပဒေစိုးမိုးမှုရဲ့ တရားဝင်မှုနဲ့ အာဏာပိုင်ဆိုင်မှုပေါ် တိုက်ခိုက်မှုတခုပါပဲ။ လုံးဝ မျှော်လင့်မထားပါဘူး၊ တကယ့်ကို မယုံနိုင်လောက်အောင်ဖြစ်ပြီး နားလည်ဖို့ သိပ်ကိုခက်လှပါတယ်" လို့ အငြိမ်းစား ပါမောက္ခ Kent Redfield က ပြောပါတယ်။
ဗာဂျီးနီးယားပြည်နယ်လွှတ်တော်က ရီပတ်ဘလီကန် အမတ်တဦးဖြစ်တဲ့ Derrick Evans ဟာ လွှတ်တော်ပရဝုဏ်ထဲက တားမြစ်နေရာထဲ ဝင်ရောက်မှုနဲ့ စွဲချက်တင်ခံထားရပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ ရုံးခန်းထဲဝင်၊ ထိုင်ခုံမှာထိုင်ပြီး ဓာတ်ပုံရိုက်ခံ၊ အောက်လွှတ်တော်အမတ်တဦးဆီ ပို့မယ့် စာအိတ်တခုကို ယူသွားခဲ့တဲ့ အသက် ၆၀ အရွယ် အာကင်ဆောပြည်နယ်သား Richard Barnett ကိုတော့ သောကြာနေ့မနက်ပိုင်းက အာကင်ဆောမှာ ဖမ်းဆီးခဲ့ပြီး အများပိုင်ငွေ ခိုးယူမှု အပါအဝင် အမှုသုံးခုနဲ့ တရားစွဲဆိုထားပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment