မြောက်ဦး စစ်ရှောင်စခန်းတွေကို လူဦးရေစစ်မယ်

စစ်ဆေးတွေ့ရှိတဲ့ လူဦးရေစာရင်းအရပဲ ရိက္ခာထောက်ပံ့ ကူညီမှုတွေ ဆက်လုပ်မယ်လို့ အကြောင်းကြားထား

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကို စစ်ဆေးဖို့ရှိတယ်လို့ ဇန်နဝါရီ ၂ ရက်နေ့ က သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီကို အကြောင်းကြားထားပါတယ်။

ဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေကို စစ်ဆေးပြီး စစ်ဆေးတွေ့ရှိတဲ့ လူဦးရေစာရင်းအရပဲ ရိက္ခာထောက်ပံ့ ကူညီမှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ်လို့ အဲ့ဒီအကြောင်းကြားစာမှာ ရေးသားဖော်ပြထားပါတယ်။

အဲ့ဒီအကြောင်းကြားစာမှာ မြောက်ဦးမြို့ပေါ်နဲ့ ကျေးရွာတွေမှာ တည်ရှိနေတဲ့ စစ်ဘေးရှောင် ဒုက္ခသည်စခန်း ၁၅ ခုရဲ့အမည် စာရင်းတွေပါဝင်ပြီး အဲ့ဒီစခန်းတွေမှာနေထိုင်လျက်ရှိနေသူတွေစာရင်းကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေရဲ့စာရင်းတွေအရ မြောက်ဦးမြို့နယ်အတွင်းမှာ ဒုက္ခသည်စခန်းပေါင်း ၂၇ ခုရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ မြို့နယ်စီမံခန့်ခွဲမှုကော်မတီက လူဦးရေစစ်ဆေးဖို့ထုတ်ပြန်ထားတာက စခန်း ၁၅ ခုဖြစ်ပါတယ်။

မြောက်ဦးခရိုင် စီမံခန့်ခွဲမှုကော်မတီရဲ့ ညွှန်ကြားချက်အရ စစ်ဘေးရှောင် စခန်းတွေကို စစ်ဆေးရေး မြို့နယ်စီမံခန့်ခွဲမှုကော်မတီက သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီကို ကြိုတင်အကြောင်းကြားစာပေးပို့ထားတာ ဖြစ်ပါတယ်။

လာစစ်မယ့်ရက်ကိုတော့ မသိရသေး ဘူးလို့ တိမ်ညိုစခန်း စိမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင် ဦးစိုးနိုင်က ပြောပါတယ်။

လက်ရှိမှာတိုက်ပွဲဖြစ်ပွားတာတွေလည်းမရှိဘဲ တချို့ဒုက္ခသည်စခန်းတွေမှာ လူဦးရေတိုးလာတာတွေ ရှိနေတဲ့အတွက် အခုလိုစစ်ဆေးမှုတွေပြုလုပ်ပြီး ရိက္ခာထောက်ပံ့မှုတွေကို လူဦးရေစာရင်းအတိကျနဲ့ ပေးသွားဖို့အတွက် ပြင်ဆင်တာဖြစ် တယ်လို့ သတင်းတွေကြားသိနေရကြောင်း စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

စစ်ဘေးရှောင်စခန်းအများစုမှာ လူဦးရေအတိုးအလျော့ဖြစ်နေတာက လက်ရှိမှာစပါးရိတ်သိမ်းချိန်ဖြစ်တဲ့အတွက် ရွာပြန်ပြီး စပါးရိတ်သိမ်းနေတဲ့မိသားစုတွေရှိနေသလို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာ တပ်မတော်စစ်ကြောင်းတွေ က စခန်းတချို့ကိုဝင်ရောက်စစ်ဆေးတာကြောင့် ကြောက်ရွံ့ပြီး စခန်းပြောင်းရွှေ့နေထိုင်ကြသူတွေလည်းရှိနေတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။

"ကျွန်တော်တို့ဆီမှာ နေထိုင်တဲ့သူတွေက လက္ကာတို့၊ တခြားရွာတွေက အမှန်တကယ်နေထိုင်တဲ့သူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့မှာက ကြောင့်ကြစရာမရှိသလို ဖြေစရာစကားတွေလည်းရှိတယ်။ ပြမယ့်လူတွေလည်းရှိတယ်။ စစ်မယ်ဆိုရင်လည်း စစ်ဆေးခံနိုင်ပါတယ်"လို့ ပြလှ စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဘကျော်က ပြောပါတယ်။

လက်ရှိမှာ ပြလှဒုက္ခသည်စခန်းအတွင်းလူဦးရေထပ်တိုးလာတာတွေရှိနေပြီး ယခင်ကရှိတဲ့အိမ်ထောင်စုအရေအတွက်ထက် နောက်ထပ်တိုးလာတဲ့အိမ်ထောင်စု ၃၅ စုရှိနေတယ်လို့ ဦးဘကျော်က ပြောပါတယ်။

စခန်းအားလုံးနီးပါးမှာ လူဦးရေ မတည်မငြိမ် ဖြစ်နေ

အဲ့ဒီလူတွေဟာ ဒီဇင်ဘာ ၂ ရက်နေ့မှာ ရောက်ရှိလာခဲ့ကြသူတွေဖြစ်ကြတာဖြစ်ပြီး တိမ်ညိုစခန်းကိုတပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးချိန်မှာ ကြောက်ရွံ့ပြီး ပြောင်းရွှေ့လာခဲ့ကြတဲ့ မိသားစုတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစခန်းတွေကို စစ်ဆေးတဲ့အခါမှာတော့ တပ်မတော်၊ ရဲတပ်ဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကျေးစာရေး တို့ပါဝင်တဲ့ အဖွဲ့တွေက စစ်ဆေးသွားမှာဖြစ်သလို သက်ဆိုင်ရာစခန်းတွေရဲ့ စီမံခန့်ခွဲမှုကော်မတီတွေက အပြည့်အဝပူးပေါင်း ပါဝင်ဆောင်ရွက်ရမယ်လို့ အကြောင်းကြားစာမှာ ရေးသားထားပါတယ်။

တချို့စခန်းတွေမှာ လူဦးရေဖောင်းပွနေပြီး တချို့စခန်းတွေမှာ နေရပ်ပြန်သူတွေနဲ့ ပြန်လာသူတွေ ရှိနေကြသလို စခန်းအားလုံး နီးပါးလိုလိုမှာတော့ လူဦးရေ မတည်မငြိမ် ဖြစ်နေကြတယ်လို့ တိမ်ညိုစခန်းကော်မတီဝင် ဦးစိုးနိုင်က ပြောပါတယ်။

စခန်းစီမံခန့်ခွဲမှုကော်မတီအနေနဲ့ ပူးပေါင်းပါဝင်မှုမရှိပါကလည်း အဲ့ဒီအဖွဲ့ရဲ့စစ်ဆေးတွေ့ရှိချက် ရလဒ်တွေအတိုင်း အတည်ပြုဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။

"စခန်းတာဝန်ခံတွေက ပူးပေါင်းဆောင်ရွက်ရမယ်ပေါ့။ အဲ့လိုမျိုးမဆောင်ရွက်ဘူးဆိုလည်း စစ်ဆေးသူရဲ့အဖြေကို အတည်ယူပြီး တော့ ရိက္ခာတွေကိုဆက်ပေးမယ်လို့ ပါတယ်။ ကျွန်တော်တို့ဆီမှာက အိမ်ထောင်စုပေါင်း ၇၀၀ ကျော်ရှိတယ်။ အပြင်မှာ တစ်ရာကျော်ကျော် ရောက်နေတယ်။ အဲ့ဒီလူတွေကို ကျွန်တော်လိုက်ပြီးတော့ ပြန်လာဖို့ သွားခေါ်နေတာတွေ ရှိတယ်။ တိမ်ညိုမှာက တပ်က စခန်းထိုင်နေတော့ ကြောက်ပြီး မလာရဲကြဘူး။ ဒါပေမယ့် ကျွန်တော်တို့ကတော့ အဲ့ဒီလူတွေအကုန်လုံး ကို ရိက္ခာထောက်ပံ့ဆောင်ရွက်နေပါတယ်"လို့ ဦးစိုးနိုင်က ပြောပါတယ်။

တပ်မတော်စစ်ကြောင်းက ဝင်ရောက်စစ်ဆေးတဲ့အတွက် တိမ်ညိုစခန်းကနေ ကြောက်ရွံ့ပြီးထွက်ထပ်မံထွက်ပြေး သွားခဲ့ကြ တဲ့ မိသားစုတွေဟာ ပြလှစခန်းအပါအဝင် သပြေကန်၊ ခွဆုံ၊ တောင်မြင့်၊ တင်းထိန်ကန်စတဲ့ တိမ်ညိုနဲ့ဝေးတဲ့ကျေးရွာတွေက စခန်းတွေမှာ နေထိုင်နေကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက တစ်လကို မိသားစုတစ်စုကို ဆန် ၁၇ ပြည်ခွဲစီ ထောက်ပံ့ပေး နေပေမယ့် အဲ့ဒီရိက္ခာတွေ ဟာ လစဉ်ပုံမှန်မရောက်ရှိသလို နှစ်လ သုံးလလောက်မှ တစ်ကြိမ်စီပေးပို့နေတာဖြစ်တယ်လို့ ပြလှစခန်းတာဝန်ခံ ဦးဘကျော် က ပြောပါတယ်။

အစိုးရဆီက ထောက်ပံ့ပေးတဲ့ဆန်ရိက္ခာတွေဟာ လုံလောက်မှုမရှိသလို ပုံမှန်လည်း မထောက်ပံ့ပေးတဲ့အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ပေးတဲ့ရိက္ခာတွေကို အဓိက မှီခို အသုံးပြုနေကြရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြောက်ဦးမြို့နယ်အတွင်းမှာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေမှာ လူဦးရေ ၂၀၇၀၀ ကျော် နေထိုင်နေပြီး ရခိုင်တစ်ပြည်နယ်လုံးမှာတော့ နိုဝင်ဘာလအထိ စစ်ဘေးရှောင်ဦးရေ ၁၉၄၀၀၀ ကျော်ရှိနေတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များအစည်းအရုံး REC ရဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလမတိုင်ခင်အထိ တစ်ပြည်နယ်လုံးမှာ စစ်ဘေးရှောင်ဦးရေ နှစ်သိန်းခွဲနီးပါးရှိခဲ့ပြီး စပါးရိတ်သိမ်းချိန်လည်းဖြစ်သလို တိုက်ပွဲတွေလည်းတည်ငြိမ်နေတဲ့အတွက် နေရပ်ပြန်သွားကြသူတွေ ရှိပါတယ်။

ဒါပေမဲ့ တပ်မတော်ဘက်က လက်နက်ရိက္ခာစုဆောင်းမှုတွေကို ဆက်လုပ်နေတယ်ဆိုပြီး တိုက်ပွဲတွေ ဖြစ်မှာစိုးရိမ်တာကြောင့် တစတစပြန်လည်ရောက်ရှိလာနေကြတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55575787

မြောက်ဦး စစ်ရှောင်စခန်းတွေကို လူဦးရေစစ်မယ်  မြောက်ဦး စစ်ရှောင်စခန်းတွေကို လူဦးရေစစ်မယ် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.