ဝါးခယ်မ လယ်သမား ၃၂ ဦး ဒေသန္တရအမိန့်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရ


ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်က စီမံကိန်းတူးမြောင်းတစ်ခုရဲ့ အတားအဆီးတွေကို ဖယ်ခဲ့တဲ့ လယ်သမား ၃၂ ဦးကို ဝါးခယ်မမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ဒေသန္တရထုတ်ပြန်ချက် ဖောက်ဖျက်မှု ရာဇသတ် ကြီး ဥပဒေပုဒ်မ ၁၈၈ နဲ့ အမှုဖွင့်ထားပါတယ်။

အင်းလုပ်ငန်းရှင်ကလည်း နောက်ထပ်ပုဒ်မ သုံးခုနဲ့ လယ်သမား ခြောက်ဦးကို ထပ်မံအမှုဖွင့်ထားပါတယ်။ လယ်သမားတွေကတော့ တူးမြောင်းကိုပိတ်ဆို့မှုမှာ ပါဝင်ပတ်သက်တဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ ဆန္ဒပြတောင်းဆိုမှုနေကြပါတယ်။

ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် ကျုံပတုပ်ဝကျေးရွာအုပ်စုက အမှတ် ၄ စီမံကိန်းတူးမြောင်းမှာရှိတဲ့ အတား အဆီးတွေကို ဒေသခံလယ်သမား ၇၀ ကျော်က ဒီဇင်ဘာ ၁၀ ရက်နေ့က ဖယ်ရှားခဲ့တာပါ။ အင်းလုပ်ငန်းရှင်က တူးမြောင်းအတွင်း ငါးဖမ်းဖို့ ပိတ်ဆို့ထားတဲ့ အတားဆီးတွေဟာ လယ်ရေရရှိမှုနဲ့ လယ်ယာလုပ်ငန်းအတွက် သယ်ယူပို့ဆောင်ရေး အခက်အခဲတွေ ကြုံနေရတာကြောင့် အတားအဆီးတွေကို ဖယ်ရှားခဲ့တာလို့ တရားစွဲ ခံရတဲ့ လယ်သမား ဦးမြင့်ခိုင်က RFA ကို ပြောပါတယ်။

“လယ်သမားတွေက ကောက်လှိုင်းတွေ၊ စက်တွေ၊ သွားလာတဲ့အခါမှာ အခက်အခဲရှိတာပေါ့၊ အဲဒီ ပိတ်ဆို့ ထားတဲ့ ဟာတွေကလေ၊ ကျနော်တို့က ဆည်မြောင်းထုတ်ထားတဲ့ အမိန့်အတိုင်း ဖယ်ရှားပစ်တာပေါ့။ အဲဒါကို ကျနော်တို့ကို ၁၈၈ ပုဒ်မနဲ့ တရားစွဲထားတယ်။”

စီမံကိန်းတူးမြောင်းအတွင်း အတားအဆီးတွေလုပ်ထားလို့ လယ်ဧက ၂၀၀၀ လောက် ရေရဖို့လည်း အခက် တွေ့နေတယ်လို့ ဆိုပါတယ်။

အမှတ် ၄ စီမံကိန်း တူးမြောင်းကို အတားအဆီးတွေလုပ်ပြီး အင်းလုပ်ငန်းရှင်က ငါးဖမ်းဖို့ ပြုလုပ်ထားတာကို ဖယ်ရှားခဲ့တဲ့ လယ်သမား ၇၀ ကျော်ထဲက လယ်သမား ၃၂ ဦးကို လူစုလူဝေးနဲ့ အတားအဆီးတွေကို ဖျက်ခဲ့လို့ ဒေသန္တရအမိန့် ဖောက်ဖျက်မှုနဲ့ ဒီဇင်ဘာလလယ်မှာ ဝါးခယ်မ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက အမှုဖွင့်ခဲ့ တာပါ။ ဒီ လယ်သမား ၃၂ ဦးကို ဇန်နဝါရီလ ၆ ရက်နေ့ ၊ မနက်ဖြန်မှာ ဒုတိယအကြိမ် ရုံးချိန်းထပ်ခေါ်ထား တယ်လို့ လယ်သမားတွေက ပြောပါတယ်။

လယ်သမား ၃၂ ဦးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲခဲ့တဲ့အပြင် အတားအဆီးတွေကို ဖယ်ရှားခဲ့တဲ့အထဲမှာ ပါဝင်ခဲ့တဲ့ ကျေးရွာရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေ အပါအဝင် လယ်သမား ခြောက်ဦး ကိုလည်း အင်းလုပ်ငန်းရှင်က ရွှေလောင်းနယ်မြေရဲစခန်းမှာ ပုဒ်မ (၃) ခုနဲ့ အမှုဖွင့်ထားပါတယ်။ ပုဒ်မ ၁၈၈ အပြင် တခြားပုဒ်မ (၃) ခုနဲ့ပါ အမှုဖွင့်ခံခဲ့ရတာလို့ တရားစွဲခံထားရတဲ့ ကျုံပတုပ်ဝကျေးရွာအုပ်စု၊ မနန်းတုပ် ကျေးရွာ ရာအိမ်မှူး ဦးချစ်စံက RFA ကို ပြောပါတယ်။

“တောင်သူလယ်သမားတွေက ကျနော့်ကိုလာပြီး အပ်နှံတဲ့အခါကျတော့ ကျနော့် အိမ်ရှေ့မှာတောင် ကျနော် မထားပါဘူး။ ဆည်မြောင်းဦးစီး ထုတ်ထားတဲ့အမိန့် ဗီနိုင်းအောက်မှာပဲ ကျနော်တို့က ပုံထား တယ်။ အဲဒီပစ္စည်းနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကို ပုဒ်မ သုံးခုနဲ့ စွဲဆိုထားတယ်”

ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေပါဝင်တဲ့ ရွာသားခြောက်ဦးကို ခိုးမှု ပုဒ်မ ၃၇၉၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇၊ အားပေးကူညီမှု ပုဒ်မ ၁၁၄ တို့နဲ့ အင်းသားကြီးက အမှုဖွင့်ထားတာပါ။

မြို့နယ်ဆည်မြောင်းဦးစီးဌာနက တူးမြောင်းအတွင်းက အတားအဆီးတွေကို ဖယ်ပေးဖို့ စာထုတ်ခဲ့ပေမယ့် အင်းလုပ်ငန်းရှင်က မဖယ်ရှားပေးလို့ လူစုလူဝေးနဲ့ ဖယ်ရှားခဲ့တာလို့ လယ်သမားတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အင်းလုပ်ငန်းရှင်တွေဘက်ကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဧရာဝတီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးတင်အောင်ဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဝါးခယ်မမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင် ကတော့ ဖြစ်စဉ်ကို ဥပဒေကြောင်းအရ စိစစ်နေဆဲ ကာလမှာ ဒေသန္တရအမိန့်ကို ချိုးဖောက်တာကြောင့် အရေးယူတာလို့ ပြောပါတယ်။

ပြဿနာဖြစ်တဲ့နေရာက အင်းချောင်းဖြစ်တာ၊ ဆည်မြောင်းဖြစ်တာတွေကို သက်ဆိုင်ရာဌာနတွေက ရှင်းရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက တရားစွဲထားတဲ့အမှု ပထမဆုံးရုံးချိန်းကို ဒီဇင်ဘာ ၂၃ ရက်နေ့က ရုံးချိန်းခေါ်ယူခဲ့ပါတယ်။ တရားစွဲခံရတဲ့ လယ်သမားတွေ ပထမဆုံးရုံးချိန်းနေ့မှာ တရားရုံးကို မသွားဘဲ ဌာနဆိုင်ရာတွေကို အရေးယူပေးဖို့နဲ့ ဝါးခယ်မမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်တွေ နုတ်ထွက်ပေးဖို့ မြို့ပေါ်မှာ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။

တရားရုံးက ဆင့်ခေါ်စာ လယ်သမားတွေဆီကို မရောက်တဲ့အတွက် ပထမဆုံးရုံးချိန်းနေ့မှာ မသွားဘဲ ဆန္ဒပြခဲ့တာလို့ ပုဒ်မ ၁၈၈ နဲ့ တရားစွဲခံရတဲ့ အထဲမှာပါဝင်တဲ့ တက်ကြွလှုပ်ရှားသူ ဒေါ်သန်းသန်းမိုးက ပြောပါတယ်။

“တရားရုံးက သမ္မာန်စာ မတည်တဲ့အတွက် ပြန်သွင်းမယ်ဆိုလို့ ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ရုံးချိန်းရက်လည်း ဖြစ်တယ်။ ဆန္ဒဖော်ထုတ်တဲ့နေ့ပေါ့။ သက်သက်မဲ့ လယ်သမားတွေကို အနိုင်ကျင့်တာ၊ ဒါထွေအုပ်အစီ အမံနဲ့ ပြောမယ်ဆိုရင် တရားရုံးရော၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးရော၊ ရွှေလောင်းနယ်မြေရဲစခန်းရော၊ ဒါသက်သက်မဲ့ အချုပ်ထဲထည့်ချင်လို့ ပူးပေါင်းကြံစည်တာ။”

လယ်သမားတွေ တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် ၁ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဌေးအောင်ကို ဆက်သွယ်မေးမြန်းရာမှာ သူ့အနေနဲ့ဒီကိစ္စကို မသိရှိသေးဘူးလို့ ပြော ပါတယ်။

“အဲဒါ ကိုယ်လည်း ဘာမှမသိဘူးကွ၊ ကိုယ်က လွှတ်တော်ကို ရောက်နေတယ်။ ဧရာဝတီတိုင်း လွှတ်တော်မှာ ရောက်နေတယ်။ "

ဝါးခယ်မမြို့နယ် မဲဆန္ဒနယ် ၂ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါ်မြင့်မြင့်စန်းကတော့ ပြဿနာတွေ မဖြစ်ခင် ကြိုတင်တားဆီးမှုတွေ မရှိခဲ့တာဟာ မေးခွန်းထုတ်စရာဖြစ်နေကြောင်း ပြောပါတယ်။

“ဒီလိုလုပ်နေတာသည် ရပ်ကျေးအုပ်ချုပ်ရေးမှူး သိတယ်။ ဘာကြောင့် မတားဆီးသလဲ၊ ရပ်ကျေးအုပ်ချုပ် ရေးမှူးက မြို့နယ်အုပ်ချုပ်ရေးမှူးကို တင်ပြတယ်။ ဘာကြောင့် မဖြေရှင်းပေးနိုင်သလဲ၊ ပြဿနာဖြစ်မယ် ဆိုမှ ဥပဒေထုတ်ပြီးတော့ ဒီဥပဒေအရ ဖမ်းတယ်ဆိုတာက ဖြစ်သင့်သလား။ ဒါ အန်တီ့ရဲ့ သုံးသပ်ချက်။ တကယ်တမ်း အပြစ်ယူမယ်ဆိုရင် ဟိုဘက်က အပြစ်ကျူးလွန်တယ်လို့ ယူဆတယ်ဆိုရင် သူတို့ကိုလည်း ဖမ်း၊ ဒီဘက်က ပြတ်ပြတ်သားသား ဥပဒေအရ မဖြေရှင်းနိုင်တဲ့ ထွေအုပ်တွေကိုလည်းဖမ်း၊ ငါးဦးစီးကို လည်းဖမ်း။ ဒါမှ ကျေလည်မယ်။ ဒါ အန်တီ့ သဘောထားပဲ။"

ဝါးခယ်မမြို့နယ်မှာ အင်းသမားနဲ့ လယ်သမားတွေကြား ပြဿနာတွေဖြစ်နေတာကို ဧရာဝတီတိုင်း လွှတ်တော်ကို အစီရင်ခံစာတင်သွားမယ်လို့လည်း ဒေါ်မြင့်မြင့်စန်း က ပြောပါတယ်။

ဧရာဝတီတိုင်းထဲက မြို့နယ်တချို့မှာ လယ်ယာလုပ်ငန်းအတွက် ရေအခက်အခဲနဲ့ ပတ်သက်ပြီး အင်းသမားနဲ့ လယ်သမားအကြားမှာ မကြာခဏဆိုသလို ပဋိပက္ခတွေ ဖြစ်ပွားနေတာပါ။

လယ်သမားတွေကို တရားစွဲထားတဲ့ ပုဒ်မ ၁၈၈ ဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တစ်လကနေ ခြောက်လ အထိ ကျခံရနိုင်ပြီး ငွေဒဏ်အနေနဲ့ ၂၀၀ ကျပ်ကနေ တစ်ထောင်ကျပ်အထိ ဒဏ်ရိုက်ခံရနိုင်တဲ့ပုဒ်မ ဖြစ် ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/32-farmers-prosecuted-in-wakema-01052021070827.html

ဝါးခယ်မ လယ်သမား ၃၂ ဦး ဒေသန္တရအမိန့်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရ  ဝါးခယ်မ လယ်သမား ၃၂ ဦး ဒေသန္တရအမိန့်ဖောက်ဖျက်မှုနဲ့ တရားစွဲခံရ Reviewed by THITHTOOLWIN on 23:03 Rating: 5

No comments:

Powered by Blogger.