ဂျိုးဘိုင်ဒန်- အမေရိကန် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို


၄၆ ယောက်မြောက် အမေရိကန် သမ္မတ အဖြစ် ဂျိုးဘိုင်ဒန် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး အမေရိကန် နိုင်ငံရေး သမိုင်းမှာ အလှုပ်အရမ်းအများဆုံး အာဏာလွှဲပြောင်းမှုတွေထဲက တစ်ခုကို အဆုံးသတ်ခဲ့ပါတယ်။

"ဒီမိုကရေစီ အောင်ပွဲခံပြီ" လို့ တရားသူကြီးချုပ် ဂျွန်ရောဘတ်စ်ဆီမှာ ရာထူးတာဝန်ယူ သစ္စာပြုအပြီး မိန့်ခွန်းမှာ သူက ပြောပါတယ်။

မစ္စတာ ဘိုင်ဒန် သမ္မတအဖြစ် ရွေးကောက်ပွဲမှာ အနိုင်ရလာတာကို တရားဝင် အသိအမှတ် မပြုတဲ့ ဒေါ်နယ်ထရမ့်ကတော့ ဒီကျမ်းကျိန်ပွဲကို မတက်ရောက်ခဲ့ပါဘူး။

သမ္မတသစ်က ထရမ့်ရဲ့ မူဝါဒတွေကနေ ပြောင်းလဲမယ့် အစီအစဥ်တွေကို ကြေညာပါတယ်။

ဒုသမ္မတ ကမလာဟဲရစ်က မစ္စတာ ဘိုင်ဒန် မတိုင်ခင် ကျမ်းကျိန်ခဲ့ပါတယ်။

ဒီကျမ်းကျိန်ပွဲကို ဇန်နဝါရီ ၂၀ ရက်မှာ အမေရိကန် ကွန်ဂရက် လွှတ်တော်မှာ ကျင်းပခဲ့တာပါ။

ဇန်နဝါရီ ၆ ရက် ထရမ့်ကို ထောက်ခံသူတွေ လွှတ်တော်ကို အကြမ်းဖက် ဝင်စီးပြီးနောက်မှာ လုံခြုံရေးတွေကို အရင်နဲ့မတူ တင်းတင်းကျပ်ကျပ် ချထားပါတယ်။

လုံခြုံရေးတင်းတင်းကျပ်ကျပ်ချထား

ထရမ့်တာဝန်ယူခဲ့တဲ့ နှစ်တွေထဲမှာ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့အပြီး မစ္စတာဘိုင်ဒန်က သူ့ကိုမဲမပေးခဲ့သူတွေ အပါအဝင် အမေရိကန်တွေ အားလုံးရဲ့ သမ္မတ ဖြစ်စေရမယ်လို့ ညီညွတ်ရေးကို အဓိကထား ပြောပါတယ်။

ဒီအခမ်အနားကို တက်ခဲ့သူတွေထဲမှာ သမ္မတဟောင်း သုံးယောက်ဖြစ်တဲ့ ဘားရက် အိုဘားမား၊ ဘီလ်ကလင်တန်နဲ့ ဂျော့ဘုရှ်တို့လည်း ပါဝင်ပါတယ်။

ဂျိုးဘိုင်ဒန်- အမေရိကန် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

သမ္မတထရမ့်လက်ထက် ဒုသမ္မတ မိုက်ပန့်စ်လည်း တက်ရောက်ခဲ့ပါတယ်။ သူဟာ မစ္စတာ ထရမ့်ကို စစ်တပ်က အလေးပြု နှုတ်ဆက်တဲ့ အခမ်းအနားကိုတော့ မတက်ရောက်ခဲ့ပါဘူး။

ပထမဆုံးနေ့ ဘာတွေ လုပ်မလဲ

သမ္မတသစ်က ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ အလုပ်တွေ စလုပ်တော့မှာပါ။

ကန်အစိုးရသစ်ရဲ့ နိုင်ငံခြားရေး မူဝါဒ ဘယ်လို ဖြစ်နိုင်မလဲ

သမ္မတရဲ့ အမိန့် ကြေညာချက် ၁၅ ခုကို လက်မှတ် ရေးထိုးဖွယ် ရှိပါတယ်။ အဲဒါတွေထဲမှာ-

    ထရမ့် ပါရီရာသီဥတုသဘောတူစာချုပ်က နုတ်ထွက်ထားတာကို ပြန်ဝင်မယ်

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေနဲ့ ဌာနေ အမေရိကန်အုပ်စုတွေ ကန့်ကွက်နေတဲ့ Keystone XL Pipeline ရေနံပိုက်လိုင်း စီမံကိန်းကို ပြန်ရုပ်သိမ်းမယ်

    လူဝင်မှု ကြီးကြပ်ရေး မူဝါဒ နဲ့ မက္ကဆီကိုနယ်စပ် တံတိုင်းတည်ဆောက်ရေး ရံပုံငွေ အရေးပေါ် ကြေညာချက် တို့ကို ပြန်ရုပ်သိမ်းမယ်

    ကိုဗစ်ကပ်တိုက်ဖျက်ရေး ဖက်ဒရယ် အစိုးရရုံးတွေမှာ ဝန်ထမ်းတွေ နှာခေါင်းစည်းတပ်ရေး နဲ့ လူချင်းခွာရေးတို့ မဖြစ်မနေ ဆောင်ရွက်ရေး

    အဓိကအားဖြင့် မွတ်ဆလင်နိုင်ငံတချို့က လာရောက်လည်ပတ်သူတွေကို ဝင်ခွင့်ပိတ်ထားတာကို အဆုံးသတ်ရေးတို့ ပါဝင်ပါတယ်။

တခြား အမိန့်တွေထဲမှာတော့ လူမျိုး၊ ကျားမတန်းတူရေးတို့နဲ့အတူ ရာသီဥတုရေးရာတွေ ပါဝင်ပါမယ်။


BBC Burmese

https://www.bbc.com/burmese/world-55743486

ဂျိုးဘိုင်ဒန်- အမေရိကန် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို  ဂျိုးဘိုင်ဒန်- အမေရိကန် သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို Reviewed by THITHTOOLWIN on 06:26 Rating: 5

No comments:

Powered by Blogger.