အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ရဲ့မဲတွေ လွှတ်တော်မှာ အတည်ပြုဖို့ ဆောင်ရွက်နေစဥ် ဇန်နဝါရီလ ၆ ရက်မှာ သမ္မတထရမ့်ကို ထောက်ခံသူတွေ လွှတ်တော်ထဲ အကြမ်းဖက်ဝင်ရောက်ခဲ့တာကြောင့် အဓိကရုဏ်းဖြစ်ခဲ့တာကို ကမ္ဘာ့ခေါင်းဆောင်တွေက ရှုတ်ချလိုက်ပါတယ်။
ကမ္ဘာ့ခေါင်းဆောင်တွေက ငြိမ်းငြိမ်းချမ်းချမ်းဆောင်ရွက်ကြဖို့၊ အစိုးရအာဏာကို စနစ်တကျ လွှဲပြောင်းပေးဖို့ တောင်းဆိုကြပြီး လွှတ်တော်တွင်း စီးနင်း မှုဟာ ထိတ်လန့်စရာ ကောင်းသလို ဒီမိုကရေစီ ကို တိုက်ခိုက်မှု လို့ ဝေဖန်ကြပါတယ်။
ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အမေရိကန်ဟာ ကမ္ဘာတဝန်းမှာ ဒီမိုကရေစီ အတွက် ရပ်တည်ခဲ့ကြောင်း၊ ဒါကြောင့်မို့ ငြိမ်းချမ်းစွာ နဲ့ စနစ်တကျ အာဏာလွှဲပေးရေးဟာ အရေးကြီးကြောင်း တွစ်တာမှာ ရေးခဲ့ပါတယ်။
ယူကေ လေဘာ ပါတီ ခေါင်းဆောင် ဆာ ကီယာ စတာမာကလည်း ဒါဟာ ဒီမိုကရေစီစနစ်ကို တိုက်ရိုက် တိုက်ခိုက်တာလို့ ဝေဖန် လိုက်ပါတယ်။
ယူကေ ပြည်ထဲရေးဝန်ကြီး ပရစ်တီ ပတေးကလည်း မစ္စတာထရမ့် ရဲ့ပြောကြားချက်တွေဟာ ကွန်ဂရက်ကို ဝင်စီးပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့အောင် ညွှန်ကြားတာနဲ့ အတူတူပဲလို့ ဘီဘီစီကို ပြောပါတယ်။
စကော့တလန် ဝန်ကြီးချုပ် နီကိုလာ စတာဂျင်က လွှတ်တော်ထဲ စီးနင်းမှုဟာ အင်မတန် ကြောက်ရွံ့စရာကောင်းတဲ့ အဖြစ်အပျက်လို့ ပြောပါတယ်။
ဂျာမန် ဝန်ကြီးချုပ် အင်ဂလာ မာကဲလ်ကလည်း လွှတ်တော်ထဲ စီးနင်း တိုက်ခိုက်မှုဟာ အဓိကရုဏ်း ဖန်တီးမှု ဖြစ်လို့ မြင်ရတဲ့ ပုံတွေအရ ဒေါသဖြစ်သလို ဝမ်းနည်းမိတဲ့ အကြောင်း၊ မစ္စတာ ထရမ့်ဟာ ရွေးကောက်ပွဲရလဒ် အပေါ် သံသယ ဝင်သလို သူရှုံးနိမ့်တာကိုလည်း ဝန်မခံခြင်းဟာ ဝမ်းနည်းစရာကောင်းကြောင်း ပြောပါတယ်။
တရုတ်အစိုးရကတော့ အမေရိကန်နဲ့ ဟောင်ကောင်က ဒီမိုကရေစီ တောင်းဆိုသူတွေ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင် ဥပဒေပြုကောင်စီ ကို စီးနင်း ဝင်ရောက်တာကို နှိုင်းယှဉ်ရာမှာ ဟောင်ကောင်မှာ ပိုဆိုးပေမယ့် သေသူ မရှိဘူးလို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ ဟွာချွန်ယင်းက ဆိုပါတယ်။
ဒီလို နှိုင်းယှဉ် ပြောတာကို ဟောင်ကောင် ဒီမိုကရေစီတောင်းဆိုသူတွေက အမျက်ထွက်ကြပါတယ်။
ရုရှားကတော့ အမေရိကန်ရဲ့ ရွေးကောက်ပွဲစနစ်ဟာ ခေတ်နဲ့မညီတော့သလို မီဒီယာတွေကလည်း နိုင်ငံရေး လွန်ဆွဲပွဲ မှာ ကြားဝင်တဲ့ပမာ ဖြစ်နေကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ မာရီရာ ဇာတ်ခါရိုဗာက ဝေဖန် လိုက်ပါတယ်။
ဥရောပခေါင်းဆောင်တွေကတော့ ဒီမိုကရေစီစနစ် တိုက်ခိုက်ခံရမှုကို ရှုတ်ချကြပါတယ်။
စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်ကတော့ အမေရိကန်ရဲ့ ဒီမိုကရေစီ ခိုင်မာမှုကို ယုံကြည်တဲ့ အတွက် သမ္မတသစ် ဂျိုးဘိုင်ဒန် အနေနဲ့ တင်းမာမှုအဆင့် ကို ကျော်လွှားနိုင်ပြီး ပြည်သူတွေကို စည်းရုံးနိုင်မှာပါလို့ ပြောပါတယ်။
ပြင်သစ်သမ္မတ မက်ခရွန်းကတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဒီမိုကရေစီနိုင်ငံမှာ ရာထူးက စွန့်ရတော့မယ့် သမ္မတကို ထောက်ခံသူတွေဟာ လက်နက်ကိုင်ပြီး ရွေးကောက်ပွဲရလဒ်ကို စိန်ခေါ်တာဟာ အများလက်ခံထားတဲ့ လူတဦး မဲတစ်မဲ နဲ့ ဆန္ဒမဲပေးမှု အပေါ်မှာ လွဲမှားတဲ့ အမြင် သက်ရောက်စေတယ်လို့ ဆိုလိုက်ပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် စတက်ဖန် လိုဗန်ကတော့ ဒီမိုကရေစီစနစ် တိုက်ခိုက်တာခံရတာကို စိုးရိမ်ကြောင်း ပြောပါတယ်။
ဥရောပသမဂ္ဂ ခေါင်းဆောင်ပိုင်းကလည်း သူတို့ အမြင်တွေ ထုတ်ပြောခဲ့ပါတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ ချားလ်စ်မီရှဲက အမေရိကန် အနေနဲ့ မစ္စတာ ဘိုင်ဒန်ကို ငြိမ်းငြိမ်းချမ်းချမ်း အာဏာလွှဲပြောင်းမှု ဖြစ်မြောက်ရေး လုပ်ဆောင်ဖို့ ပြောလိုက်ပါတယ်။
ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဖွန်ဒါလိုင်ယန်ကလည်း ရွေးကောက်ပွဲအနိုင်ရထားသူ ဒီမိုကရက်တွေနဲ့ လက်တွဲ အလုပ်လုပ်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။
နေတိုးတပ်ဖွဲ့ အတွင်းရေးမှူးချုပ် ယန်းစတိုလ်တင်ဘဂ်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့လိုကြောင်း ဆိုပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ "မဲ မတရားလုယူမှု ရပ်" ဆန္ဒပြပွဲကို ဇန်နဝါရီ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ ရောက်လာတဲ့ ထရမ့်ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အင်တိုနီယို ဂူတားရက်ရှ် ကိုယ်စား သူ့ရဲ့ ပြောခွင့်ရ အရာရှိက အမေရိကန် လွှတ်တော်တွင်းဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်း ပြောပါတယ်။
ကနေဒါ ဝန်ကြီးချုပ် ဂျပ်စတင် ထရူးဒိုးကတော့ ဒီမိုကရေစီ တိုက်ခိုက်ခံရမှုအပေါ် မှာ ထိတ်လန့် တုံလှုပ်မိသလို ဝမ်းနည်းကြောင်း ပြောပါတယ်။ အကြမ်းဖက်ဝါဒဟာ အောင်မြင်မှုမရှိနိုင်သလို အမေရိကန် ဒီမိုကရေစီလည်း တည်တံ့ရမယ်လို့ ပြောပါတယ်။
နယူးဇီလန်ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒန်ကလည်း ပြည်သူတွေရဲ့ ရပိုင်ခွင့် အရ မဲပေးရာမှာ သူတို့ ဆန္ဒကို ငြိမ်းချမ်းစွာ ဆုံးဖြတ်ပြီး ဒါကို လူစုလူရမ်းကားတို့ နှောင့်ယှက်မှု လုံးဝ မဖြစ်စေသင့်ဘူးလို့ တွစ်တာမှာ ရေးတင်ပါတယ်။
သြစတြေးလျ ဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က အမေရိကန်နဲ့ နီးစပ်တဲ့ မိတ်ဖက် နိုင်ငံပီပီ တွေ့လိုက်ရတဲ့ မြင်ကွင်းတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ပေမယ့် အေးအေးချမ်းချမ်းအာဏာလွှဲတာကို မြင်လိုကြောင်း ပြောပါတယ်။
ကမ္ဘာ့ အကြီးဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်တဲ့ အိန္ဒိယက ဝန်ကြီးချုပ် နာရင်ဒြာမိုဒီကလည်း ဝါရှင်တန်မှာ အဓိကရုဏ်း နဲ့ အကြမ်းဖက်မှု သတင်းတွေ ကြောင့် စိတ်ပျက်မိကြောင်း ငြိမ်းချမ်းစွာ စနစ်တကျ အာဏာလွှဲတာကို ဆက်လက်လုပ်ဖို့ လိုကြောင်း တွစ်တာ မှာ ရေးလိုက်ပါတယ်။
နေတိုးတပ်ဖွဲ့ကတဆင့် မဟာမိတ်ဖြစ်တဲ့ တူရကီကတော့ အမေရိကန်က နိုင်ငံရေး ပါတီတွေ အနေနဲ့ စိတ်ရှည်ပြီး လုပ်သင့်တာတွေလုပ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။
အာဂျင်တီးနား သမ္မတ အယ်လ်ဘတ်တို ဖာနန်းဒက်စ် နဲ့ ချီလီ သမ္မတ ဆာဘက်စ်ရှန် ပီညဲရားတို့ကလည်း လွှတ်တော် အဓိကရုဏ်းဖြစ်မှုကို ရှုတ်ချခဲ့ပြီး မစ္စတာ ပီညဲရားက အမေရိကန် ဒီမိုကရေစီ စနစ်က တရားဥပဒေ စိုးမိုးရေးကို အာမခံချက်ပေးနိုင်ရေးကို ယုံကြည်ကြောင်း ပြောကြပါတယ်။
အမေရိကန်နဲ့ နီးစပ်တဲ့ မဟာမိတ်နိုင်ငံ ဂျပန်က ကက်ဘိနက် ဝန်ကြီးအဖွဲ့ ခေါင်းဆောင် ကတ်ဆူနိုဘူ ကေတိုကတော့ အေးချမ်းစွာ အာဏာလွှဲပြောင်း နိုင်ရေးကို မျှော်လင့်ကြောင်း ပြောပါတယ်။
စင်ကာပူ ထိပ်တန်း ဝန်ကြီး တိုချီဟင်းက အမေရိကန်က ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတွေကြောင့် တုန်လှုပ်မိသလို ဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ကြောင်း ပြောပါတယ်။
BBC Burmese

No comments:
Post a Comment