ကိုဗစ်အတည်ပြုမြန်မာ ၃၀၀ ခန့် ထိုင်းဆေးရုံက ပြန်ဆင်းနိုင်

ဆေးရုံက ဆင်းခွင့်ရတဲ့ မြန်မာအလုပ်သမားတချို့။ (ဓာတ်ပုံ - AAC - ဇန်နဝါရီ ၁၁၊ ၂၀၂၁)

ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်ဆာခွန်းခရိုင်မှာ မကြာသေးခင်တုန်းကပဲ ကိုဗစ်ရောဂါပိုး ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် အရေးပေါ် ကုသပေးခဲ့တဲ့ မြန်မာအလုပ်သမား ၃၀၀ လောက်ကို ဆေးရုံက ဆင်းခွင့်ပေးလိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်းမြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

စမွတ်ဆာခွန်းခရိုင် မဟာချိုင်မြို့က ပင်လယ်စာစျေးမှာ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေထဲက ကိုဗစ်ရောဂါ ကူးစက်သူတွေကို အရေးပေါ် ယာယီဖွင့်လှစ်ထားတဲ့ ဆေးရုံမှာ ကုသပေးနေရာက ပြန်လည်သက်သာလာသူ ၃၀၀ လောက်ကို ဆေးရုံက ဆင်းခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဆေးရုံက ဆင်းလာသူတွေကို ရောဂါကင်းရှင်းကြောင်း အထောက်အထားတွေ ထုတ်ပေးခဲ့တယ်လို့လည်း မနေ့တုန်းကပဲ ဆေးရုံက ဆင်းလာတဲ့ မြန်မာအလုပ်သမား မဇင်မာဝေက ပြောပါတယ်။

“ဆေးရုံသွားသွားချင်းနေ့ပြီးတော့ နောက်တနေ့မှာတော့ ဓါတ်မှန်ရိုက်ပေးတယ်။ ဆေးရုံဆင်းတော့ ကိုဗစ်ကင်းစင်ကြောင်းဆိုပြီးတော့ ကျန်းမာရေး ထောက်ခံစာစာရွက်တော့ ထုတ်ပေးလိုက်တယ်။”

ဆေးရုံဆင်းခွင့်ရသူတွေကိုတော့ ထိုင်းအာဏာပိုင်တွေက အလုပ်လုပ်ခွင့်ပြုထားပါတယ်။ ရောဂါအခြေအနေ သက်သာလာသူ အများစုကို ဆေးရုံတင်ပြီး ၅ ရက်အကြာ မနေ့တုန်းကပဲ ဆင်းခွင့်ပြုလိုက်တာလို့လည်း AAC မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းကပြောပါတယ်။

"ပထမ လူ ၃၀၀ ကျော်ပြန်ပို့ဖို့ပဲ... အဲဒီထဲက လေး၊ ငါးယောက်ကတော့ ကျန်းမာရေးအနေအထား သိလို့လား မသိဘူး။ ဘယ်လိုလဲတော့မသိဘူး။ အခုတော့ ၂၉၀ ကျော်ကိုပြန်ပို့တယ်။ သူတို့ကိုခေါ်လာတာ ကိုဗစ်ပိုးတွေ့တယ်ဆိုပြီး ပုဇွန်စျေးကနေ အနီရောင်လက်ပတ်ပေးပြီး ပိုးတွေ့လူနာအဖြစ် သတ်မှတ်ပြီးတော့ ခေါ်လာတယ်။ အနီရောင်က ပိုးရှိတဲ့သူ၊ အဖြူလက်ပတ်က ပိုးမရှိတဲ့သူ အဲဒီလိုခွဲတယ်။"

ရောဂါကူးစက်မှု အများအပြား တွေ့ရှိခဲ့တဲ့ မဟာချိုင်စျေးမှာ အလုပ်လုပ်ကြတဲ့ မြန်မာအလုပ်သမားတွေ နေထိုင်ရာနေရာတွေကိုတော့ ကန့်သတ်တားဆီးထားပါတယ်။

ကိုဗစ်ကပ်ရောဂါကြောင့်သေဆုံးသူ ၆၇ ဦးနဲ့ ကူးစက်သူ အတည်ပြုလူနာ ၁၀,၀၀၀ ကျော်ရှိတဲ့ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ လလယ်ကစလို့ ကူးစက်မှုတွေ တကျော့ပြန် တွေ့ရှိခဲ့တဲ့အထဲမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အများစုပါဝင်နေတာပါ။

မြန်မာနိုင်ငံမှာတော့ သေဆုံးသူ ၂,၈၀၀ ကျော်နဲ့ ကူးစက်သူအတည်ပြုလူနာ ၁၃၀,၀၀၀ ကျော်ရှိနေတာကြောင့် ထိုင်းအာဏာပိုင်တွေက နယ်စပ်ဒေသတွေမှာ သွားလာလှုပ်ရှားမှုတွေကို ကန့်သတ်ထားပြီး လုံခြုံရေးကိုလည်း တင်းကြပ်ထားပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/thai-myanmar-migrant-covid/5732664.html

ကိုဗစ်အတည်ပြုမြန်မာ ၃၀၀ ခန့် ထိုင်းဆေးရုံက ပြန်ဆင်းနိုင် ကိုဗစ်အတည်ပြုမြန်မာ ၃၀၀ ခန့် ထိုင်းဆေးရုံက ပြန်ဆင်းနိုင် Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.