ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်း ထားဝယ် ရေနက်ဆိပ်ကမ်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းခွင်တစ်ခုကို ၂၀၁၂၊ ဇန်နဝါရီ ၂၇ ရက်နေ့က တွေ့ရစဉ် / Photo: SOE THAN WIN / AFP

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့် စီမံကိန်း ကိုးခုအတွက် ရင်းနှီးတည်ဆောက်ခွင့်ရခဲ့တဲ့ အီတာလျံ-ထိုင်း ကုမ္ပဏီ အနေနဲ့ စီမံကိန်း အကောင်အထည်ဖော်ဖို့ နှောင့်နှေးကြန့်ကြာမှု၊ စာချုပ်မှာပါဝင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ တာဝန်တွေကို ဖြည့်ဆည်းဖို့ ပျက်ကွက်မှု၊ ဘဏ္ဍာငွေ အထောက်အထား မတင်ပြနိုင်မှု တွေကြောင့် လုပ်ငန်းစာချုပ် ရပ်ဆိုင်းခဲ့တာလို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ပြောပါတယ်။

အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်းတဲ့ အကြောင်းကြားစာကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၀ ရက်နေ့က ပေးပို့ခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အတွင်းရေးမှူး ဒေါက်တာ တင့်ထူးနိုင်က ပြောပါတယ်။

"ထားဝယ်အထူးစီးပွားရေးဇုန် ကနဦး အဆင့်စီမံကိန်း လုပ်ငန်း ကိုးခုအတွက် ချုပ်ဆိုထားသော စီမံကိန်း လုပ်ငန်းဆောင်ရွက်ခွင့် စာချုပ်များ (Concession Agreements) အားလုံးကို ၃၀ ရက် ၁၂ လ ၂၀၂၀ ပြည့်နှစ်တွင် ရပ်ဆိုင်းကြောင်း ကနဦးအဆင့် စီမံကိန်း ရင်းနှီးတည်ဆောက်ခွင့်ရှိသူ ကုမ္ပဏီထံသို့ အကြောင်းကြားစာ ပေးပို့ခဲ့သည်ကို အများပြည်သူသို့ အသိပေးအပ်ပါသည်။"

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း ဆောင်ရွက်ရာမှာ ပါဝင်ဖို့ ဂျပန်အစိုးရရဲ့ အဆိုပြုလွှာကို မြန်မာအစိုးရ က လက်ခံခဲ့ပြီးဖြစ်လို့ မြန်မာ၊ ထိုင်းနဲ့ ဂျပန် အစိုးရတို့ ပူးပေါင်းပြီး စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

ဂျပန်အစိုးရဘက်က အဆိုပြုလွှာကို လက်ခံတယ်လို့ မြန်မာအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက အကြောင်းပြန်ခဲ့ပါတယ်။

စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အတွက် အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က မြန်မာအစိုးရကို ဥပဒေကြောင်းအရ တုံ့ပြန် တရားစွဲဆိုလာခဲ့ရင် ကုမ္ပဏီဘက်က ပျက်ကွက်ခဲ့တဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အထောက်အထား ခိုင်ခိုင်လုံလုံရှိတယ်လို့ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

"ထိုသက်ဆိုင်ရာ ကုမ္ပဏီအနေနဲ့ ပျက်ကွက်ခဲ့တဲ့ တာဝန်တွေ၊ ဝတ္တရားတွေ အချက်အလက်တွေ၊ ကျနော်တို့ လက်ထဲမှာ ခိုင်ခိုင်မာမာ အထောက်အထားတွေ ရှိပါတယ်။ ယခင်ကလည်း သက်ဆိုင်ရာ ကုမ္ပဏီထံ စာချုပ်ပါ စည်းမျဉ်းစည်းကမ်းတွေကို မကိုက်ညီဘူးဆိုတဲ့အကြောင်း အကြိမ်ကြိမ် အကြောင်းကြားခဲ့တဲ့ အထောက်အထားတွေ ရှိပါတယ်။ ဆက်လက်ပြီး ဖြစ်ပေါ်လာမယ့် အခြေအနေ အပေါ်မှာ မူတည်ပြီး ကျနော်တို့ တုံ့ပြန်သွားရမှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ လိုလားချက်ကတော့ အိမ်နီးချင်းနိုင်ငံက ကုမ္ပဏီလည်းဖြစ်ပြီးတော့ ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး သူတို့ရဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်ပြီး ရပ်ဆိုင်းလိုက်ရတဲ့အဖြစ်မှန် အပေါ်မှာ နှစ်ဘက် ပြေပြေလည်လည် ဖြေရှင်းဆောင်ရွက် သွားဖို့ကိုပဲ ရည်မှန်းမျှော်လင့်ပါတယ်လို့ ဖြေကြားပါရစေ။"

လက်ရှိအချိန်အထိတော့ အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က တုံ့ပြန်မှု မရှိသေးဘူးလို့ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

တကယ်လို့ အီတာလျံ-ထိုင်း ကုမ္ပဏီဘက်က တရားစွဲဆိုချက် အောင်မြင်ခဲ့ရင် စာချုပ်ပါ ဥပဒေ စည်းကမ်းချက်တွေအရ အဲဒီစီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် ကုမ္ပဏီ အသစ်က အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ညှိနှိုင်းပြီး လျော်ကြေးပေးရမှာပါ။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းရဲ့ နယ်နိမိတ်ဧရိယာဟာ မူလက ၂၀၄ စတုရန်း ကီလိုမီတာ ရှိခဲ့ပြီး နောက်ပိုင်းမှာ ၁၉၆ စတုရန်းကီလိုမီတာအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

အဲဒီထဲက ၂၇ စတုရန်းကီလိုမီတာရှိတဲ့ မြေဧရိယာပေါ်မှာ ကနဦးစီမံကိန်း ဧရိယာ သတ်မှတ်ခဲ့ပြီး ကျန်ဧရိယာ ကို ပင်မစီမံကိန်းဧရိယာလို့ သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ကနဦး စီမံကိန်းတွေအတွက် အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ၂၀၁၅ ခုနှစ်က စာချုပ် ကိုးခု ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မယ့် နယ်မြေထဲမှာ ရွာ ခြောက်ရွာရှိပြီး စီမံကိန်း မစတင်နိုင်သေးတဲ့အတွက် ပြောင်းရွှေ့တာတွေမရှိသေးဘဲ မြေယာ လျော်ကြေးကိစ္စတွေအတွက် မြေယာနဲ့ သီးနှံလျော်ကြေး စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားပြီး နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဒေသခံတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီက ပြောပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကို စောင့်ကြည့်လေ့လာနေတဲ့ ဒေသခံ ကိုဘိုဘိုက အီတာလျံ-ထိုင်း ကုမ္ပဏီအစား ဂျပန်နိုင်ငံက လုပ်ကိုင်မယ်ဆိုရင် ဒေသခံတွေအတွက် ပိုမိုကောင်းမွန်တဲ့အခြေအနေ ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။

"၂၀၁၅-၁၆ ကနေ တောက်လျှောက်ကတော့ အစိုးရ ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းတဲ့ဟာတွေနဲ့ပဲ အချိန် ကုန်ခဲ့တယ်၊ မြေပြင်မှာ လက်တွေ့လုပ်ဆောင်နိုင်မှုကတော့ မရှိဘူးပေါ့နော်၊ ဒါကြောင့် မြေပြင်မှာ သက်ရောက်မှု ကြီးကြီးမားမား မရှိနိုင်ဘူး၊ ထိုင်းကုမ္ပဏီ ထွက်သွားတာက ဒေသကလူတွေအတွက် အကောင်းဘက်ကို ပိုမြင်မယ်ထင်တယ်၊ တခြားရင်းနှီးမြှုပ်နှံသူတွေရောက်လာရင် ဒေသခံတွေအတွက် မျှော်လင့်ချက်အသစ်တွေ ရှိလာမယ်ထင်တယ်၊ ဒါပေမဲ့ ကြာဦးမယ်တော့ထင်တယ်၊ ဂျပန်ပါလည်း ညှိနှိုင်းစရာတွေရှိတော့ ကြာအုံးမယ်ထင်ပါတယ်။"

အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အားလုံးကို ဖျက်သိမ်းခဲ့တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က ထိုင်းနိုင်ငံ သံရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားခြင်း မရှိသေးပါဘူး။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဘက်ကတော့ အခုလို စာချုပ်ဖျက်သိမ်းခဲ့တာက အီတာလျံ-ထိုင်း ကုမ္ပဏီနဲ့သာဖြစ်ပြီး မြန်မာနဲ့ ထိုင်းအစိုးရတို့ ပူးပေါင်းပြီး စီမံကိန်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စီမံကိန်းဧရိယာ ကြီးမားကျယ်ပြန့်တာက ရင်းနှီးမြှုပ်နှံသူတွေအတွက် အခက်အခဲဖြစ်ပြီး နိုင်နိုင်နင်းနင်းရှိမယ့် ဧရိယာကို ရွေးချယ်လုပ်ကိုင်သင့်တယ်ဆိုတဲ့ သင်ခန်းစာရခဲ့တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထွန်းနိုင်က ပြောပါတယ်။

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ ကနဦးလုပ်ငန်းတွေထဲမှာ ၁ဝ မိုင်ပတ်လည် စက်မှုဇုန်နယ်မြေ၊ ဆိပ်ကမ်းငယ်၊ သဘာ၀ ဓာတ်ငွေ့ဆိပ်ကမ်း၊ ဓာတ်အားပေးစက်ရုံ၊ မြို့ပြစီမံကိန်း၊ ဆက်သွယ်ရေးလုပ်ငန်း၊ ရေလှောင်ကန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်မှ မြန်မာ-ထိုင်းနယ်စပ်ကို ဖောက်လုပ်မယ့် နှစ်လမ်းသွား ကားလမ်းနဲ့ အခြေခံ အဆောက်အအုံစီမံကိန်းတွေ ပါဝင်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/stop-contract-for-dawei-special-zone-project-01182021044528.html

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင်  ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းလုပ်ကိုင်ခွင့် အီတာလျံ-ထိုင်းကုမ္ပဏီနဲ့ စာချုပ်ရပ်ဆိုင် Reviewed by THITHTOOLWIN on 21:49 Rating: 5

No comments:

Powered by Blogger.