မြန်မာကျန်းမာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီလလောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မယ်

ကိုဗစ်-၁၉ ကုသရေးဌာန(သုဝဏ္ဏ)၊ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။ (ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၁၆၊ ၂၀၂၀)

မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အစောဆုံး ရှေ့လ၊ ဖေဖော်ဝါရီလမှာ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး စတင်ထိုးနှံပေးဖို့ စီစဉ်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက ပြောပြပေးပါမယ်။

အိန္ဒိယနိုင်ငံက ဝယ်ယူမယ့် ကိုဗစ်ရောဂါ ကာကွယ်ဆေးကို ရှေ့လကျရင် စတင်အသုံးပြုနိုင်တော့မှာ ဖြစ်တာကြောင့် ဦးစားပေးအဖြစ် ကပ်ရောဂါ တိုက်ဖျက်ရေး ကြိုးပမ်းနေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို ထိုးနှံပေးဖို့ စီစဉ်နေတာပါ။ အိန္ဒိယနိုင်ငံက ကာကွယ်ဆေး ရပြီဆိုတာနဲ့ စထိုးပေးမှာ ဖြစ်ကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ ခုနှစ် နှစ်သစ်ကူး မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုသွားခဲ့တာပါ။

"ပထမဆုံး ကာကွယ်ဆေးတသုတ်ကို အိန္ဒိယနိုင်ငံမှရရှိရေး အတွက် အရောင်းအဝယ်စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ အိန္ဒိယရှိ သက်ဆိုင်ရာ ဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာနိူင်ငံတွင်းသွင်းနိုင်ဖို့ စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးကို ဦးစားပေးရမယ့် အစုအဖွဲ့တွေဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပထမဆုံး စတင်ထိုးပေးမှာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်တလျှောက် ကာကွယ်ဆေးထိုးပေးရေး လုပ်ငန်းစဉ်တွေကို နိုင်ငံ တဝန်း၊ တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆရပါတယ်။"

အိန္ဒိယနိုင်ငံ Serum Institute က ထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး ထိုးဆေး အလုံးရေ ၁၅ သန်း ဝယ်နိုင်ဖို့ မြန်မာနိုင်ငံက မကြာသေးခင်ကပဲ သဘောတူညီချက်ရရှိထားတာဖြစ်ပါတယ်။ ကမ္ဘာတဝန်း ကိုဗစ်ကပ်ရောဂါကြုံနေရတာကြောင့် ကာကွယ် ဆေးရဖို့ ကြိုးစားနေကြချိန်မှာ မြန်မာနိုင်ငံကလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးကို အိန္ဒိယနိုင်ငံအပါအဝင် တရုတ်နိုင်ငံကပါ ဝယ်ယူဖို့ စီစဉ်နေသလို COVAX နဲ့ UNICEF တို့လို နိုင်ငံတကာ အဖွဲ့အစည်းတွေ အကူအညီနဲ့ လူဦးရေ သန်း ၂၀ စာ ကာကွယ်ဆေးဝယ်နိုင်ဖို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။

ကိုဗစ်ရောဂါ ကာကွယ်ဆေးကိုတော့ ပထမဦးစားပေးအဖြစ် မြန်မာတနိုင်လုံးက ကျန်းမာရေးဝန်ထမ်း ၁၂၀,၀၀၀ ကျော်ကို ထိုးနှံပေးမှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ထိုးသင့်ထိုးထိုက်တဲ့လူကတော့ ကျန်းမာရေးဝန်ထမ်းတွေပေါ့။ သူတို့ကရောဂါရှိတဲ့သူတွေ ပိုးကူးစက်ခံရနိုင်တဲ့သူတွေကို အမြဲထိတွေ့ရတဲ့သူတွေမို့ သူတို့က အန္တရာယ်ရှိတဲ့သူတွေထဲပါတယ်။ နောက်တခုကတော့ အသက်ကြီးတဲ့သူတွေပေါ့နော်... အသက် ၆၀ နဲ့ ၆၅ နှင့်အထက်။ ဒီလို အသက်ကြီးတဲ့ သူတွေမှာဆိုလို့ရှိရင် နဂိုကတည်းက ကိုယ်ခံအားတွေက ကောင်းစွာအလုပ်လုပ်နိုင်ခြင်းမရှိတော့ဘူး။ ဒီလိူအသက်ကြီးတဲ့ သူတွေကလည်း အသက်ကြီးတဲ့လူအုပ်စုပေါ့နော်။ နောက်တခုကတော့ အသက် အဲဒီလောက်မရှိပေမဲ့လည်း ရောဂါအခံတွေရှိနေတယ်။ သွေးတိုး၊ နှလုံးရောဂါ၊ ကျောက်ကပ်မကောင်းတာ၊ ကင်ဆာသည်တွေ၊ ကိုယ်ခံအားတွေကျနေတဲ့သူတွေ၊ အဲဒီလိုမျိုးလူတွေမှာလည်း ကာကွယ်ဆေး ထိုးပေးနိုင်ဖို့ လိုပါတယ်။ သူတို့က ရောဂါဖြစ်ရင် ဆိုးဆိုးရွားရွားဖြစ်နိုင်တာပေါ့နော်။ ဒီလိုလူတွေကို ကာကွယ်ဆေးတွေကို သေချာ ထိုးနှံပေးနိုင်မယ်ဆိုလို့ရှိရင် သူတို့တွေ ရောဂါဖြစ်မှု၊ သေဆုံးမှုတွေ လျော့ပြီး ကျမတို့အမြန်ဆုံး ကာကွယ်ထိန်းချုပ်နိုင်ပါမယ်။ ဒီလူတွေကတော့ကျမတို့ ဦးစားပေးထိုးပေးမယ့်သူတွေပါ။"

ဒီသီတင်းပတ်ထဲမှာပဲ တရုတ်အစိုးရက တရားဝင်သုံးစွဲခွင့်ပြုလိုက်တဲ့ Sinopharm ကိုဗစ်ကာကွယ်ဆေးကိုလည်း မြန်မာနိုင်ငံက ဝယ်ယူဖို့ စီစဉ်နေပါတယ်။ တရုတ်အစိုးရပိုင် Sinopharm ဆေးကုမ္ပဏီကတော့ သူတို့စမ်းသပ်ထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးဟာ ၇၉ ရာခိုင်နှုန်းကျော် ထိရောက်မှုရှိကြောင်း ပြောဆိုထားပါတယ်။ အနောက်နိုင်ငံတွေက ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေထဲက Moderna ဆေးကတော့ ထိရောက်မှု ၉၄ ရာခိုင်နှုန်းနဲ့ Pfizer/BioNTech ကထုတ်လုပ်တဲ့ ဆေးက ၉၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့လည်း သက်ဆိုင်ရာ ဆေးကုမ္ပဏီတွေက သတင်းထုတ်ပြန်ထားပါတယ်။


ေမခ/VOA (Burmese)

https://burmese.voanews.com/a/myanmar-covid-vaccine/5721035.html

မြန်မာကျန်းမာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီလလောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မယ် မြန်မာကျန်းမာရေးဝန်ထမ်းတွေ ဖေဖော်ဝါရီလလောက်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မယ် Reviewed by THITHTOOLWIN on 05:54 Rating: 5

No comments:

Powered by Blogger.