ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် အမေရိကန်အစိုးရအဖွဲ့ အာဏာလွှဲပြောင်းရေး ချောမွေ့စေရပါမယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောလိုက်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Joe Biden အနိုင်ရကြောင်း လွှတ်တော်က တရားဝင် အတည်ပြုခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ "ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး ကျနော် လုံးဝ သဘောမတူပါဘူး။၊ ဒီလိုသဘောမတူရတာကလည်း ခိုင်လုံတဲ့အထောက်အထားတွေရှိပါတယ်။၊ ဒါပေမဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့မှာ ချောမွေ့တဲ့ အာဏာလွှဲပြောင်းမှုဖြစ်စေရပါမယ်။" လို့ ဖော်ပြထားပါတယ်။
"ဥပဒေနဲ့ကိုက်ညီတဲ့ ဆန္ဒမဲတွေကိုပဲ ရေတွက်ရေး သေချာစေဖို့ ကျနော်တို့ ဆက်ပြီး တိုက်ပွဲဝင်သွားမယ်ဆိုတာ ကျနော် အမြဲပဲပြောခဲ့ပါတယ်။ သမ္မတသမိုင်းမှာ အကောင်းဆုံး ပထမသက်တမ်းရဲ့ အဆုံးသတ်ကို ရောက်လာပေမဲ့လည်း ဒါဟာ အမေရိကန်ပြည်ထောင်စု ပြန်ပြီး ကြီးမြတ် အောင်မြင်စေရေး ကျနော်တို့တိုက်ပွဲရဲ့ နိဒါန်းပဲဖြစ်ပါတယ်။" လို့ သမ္မတထရမ့်ပ်ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
သမ္မတထရမ့်ပ်ကို ဗုဒ္ဓဟူးညနေပိုင်းကစပြီး Twitter က ၁၂ နာရီကြာ ပိတ်ထားတဲ့အတွက် အခုထုတ်ပြန်ချက်ကို သမ္မတရဲ့ ဆိုရှယ်မီဒီယာ ဒါရိုက်တာ Dan Scavino က Twitter မှာ ဒီကနေ့မနက် အစောပိုင်းက ရေးတင်ခဲ့တာပါ။
Facebook နဲ့ Instagram လူမှုကွန်ယက်တွေကလည်း သမ္မတရဲ့ အကောင့်တွေကို ၂၄ နာရီပိတ်ထားပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက သမ္မတ Trump အပေါ် ထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို အတင်းဖျက်စီးဝင်ရောက်ခဲ့ကြတာနဲ့အတူ အခုလိုလူမှုကွန်ယက်ကုမ္ပဏီတွေက ကန့်သတ်လိုက်ကြတာဖြစ်ပါတယ်။ အတင်းဝင်ရောက်သူတွေကို အိမ်ပြန်ကြဖို့သမ္မတ ထုတ်ပြန်တဲ့ ဗီဒီယိုကိုလည်း ဖယ်ရှားခဲ့ကြပါတယ်။
ဗီဒီယိုထဲမှာ ရွေးကောက်ပွဲဟာ မသမာဘူးလို့သမ္မတက ပြောကြားထားသလို လွှတ်တော်အဆောက်အဦးဆီသွားကြဖို့ သမ္မတက ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။ သမ္မတရဲ့ ပြောကြားချက်တွေဟာ အထောက်အထားမရှိသလို အကြမ်းဖက်မှုကို ဆက်ဖြစ်စေနိုင်တာမို့ အရေးပေါ် ဆောင်ရွက်တာဖြစ်တယ်လို့ Facebook ကပြောခဲ့သလို သမ္မတရဲ့ ဗီဒီယိုဟာ အကြမ်းဖက်မှုအားပေးရာရောက်တယ်လို့ဆိုပြီး Twitter ကလည်း ထပ်မံဆင့်ပွား Tweet လုပ်တာတွေကို ပိတ်ပင်ခဲ့ပါတယ်။ YouTube ကလည်း မမှန်ကန်တဲ့အချက်အလက်တွေ ဖော်ပြထားတဲ့ ဗီဒီယိုဖြစ်တာမို့ သူတို့ ကုမ္ပဏီမူဝါဒနဲ့ မကိုက်ညီဘူးလို့ ပြောကြားခဲ့ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/trump-transition-power/5728339.html

No comments:
Post a Comment