အင်ဒိုနီးရှားနိုင်ငံ ဆူလာဝေဆီကျွန်းမှာ အနည်းဆုံး လူပေါင်း ၃၄ ယောက်ထိ သေဆုံးခဲ့ရတဲ့ ငလျင်တခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း တစိတ်တပိုင်း ပျက်စီးပြိုကျသွားတဲ့ ဆေးရုံတရုံရဲ့ အပျက်အစီးပုံတွေကြားကနေ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ဆယ်ရေးသမားတွေ ရှာဖွေနေကြပါတယ်။
သောကြာနေ့ မနက်ပိုင်းက ငလျင်အသေးစားလေးတွေ လှုပ်ခတ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ပြင်းအား၆.၂ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့တာပါ။
ငလျင်ဒဏ်ကြောင့် လူပေါင်း ရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပြီး လူထောင်နဲ့ချီကိုလည်း ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ပြင်းထန်တဲ့ ငလျင်တွေ၊ ဆူနာမီတွေ လှုပ်ခတ်ခဲ့ဖူးတဲ့ သမိုင်းကြောင်း ရှိပါတယ်။
၂၀၁၈ ခုနှစ် ဆူလာဝေဆီငလျင်ကြောင့် လူပေါင်း ၂,၀၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။
မာမူ့ဂျုမြို့က အထပ်ငါးထပ်မြင့် ဆေးရုံတရုံ တဝက်တပျက် ပြိုကျသွားမှုအတွင်း လူ ၈ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
အဲဒီဆေးရုံကနေ လူ ၆၀ လောက်ကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
"ငလျင်လှုပ်သွားတာတော့ ခဏလေးပဲ။ ၁၀ စက္ကန့်လောက်ပဲကြာတယ်"လို့ ဒေသဆိုင်ရာရဲတပ်ဖွဲ့ ပြောခွင့်ရသူ Syamsu Ridwan က ဘီဘီစီက ပြောပါတယ်။
ငလျင်လှုပ်ခတ်နေစဉ်အတွင်း ဆေးရုံမှာ မီးပြတ်တောက်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။
ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လုပ်နေတဲ့အချိန်မှာ သေဆုံးသူဦးရေ ထပ်တိုးလာမှာကို အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။
မီးပြတ်နေပြီး ဖုန်းလိုင်းတွေပါ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေးသမားတွေ အခက်ကြုံနေရပါတယ်။
ဒီငလျင်ရဲ့ ဗဟိုချက်က မာဂျီးနီးမြို့ အရှေ့မြောက်ပိုင်း ၆ ကီလိုမီတာအကွာ အနက် ၁၀ ကီလိုမီတာကို ဦးတည်လှုပ်ခတ်ခဲ့တာပါ။
မာဂျီးနီးမြို့မှာ သေဆုံးသူ ၈ ဦး သေဆုံးခဲ့ပြီး လူရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
လူမှုကွန်ရက်ပေါ်မှာ တက်လာတဲ့ ဗီဒီယိုတွေမှာတော့ အိမ်တွေ ပြိုကျပျက်စီးနေပြီး အပျက်အစီးပုံအောက်မှာ ပိတ်မိနေတဲ့ မိန်းကလေးတဦး အကူအညီတောင်းခံနေတာကို တွေ့ရပါတယ်
အခြေအနေဟာ "အတော်လေးဆိုးဝါးတယ်" လို့ ယိုဂါကာတာမြို့ ဂါဂျာ မာဒါ တက္ကသိုလ် ဘူမိဗေဒဌာနက ဒေါက်တာ ဂါရာတွီ မာလီရန်နီက ဘီဘီစီကို ပြောပါတယ်။
ပျက်စီးပြိုကျခဲ့တဲ့ အဆောက်အအုံတွေထဲမှာ ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးလည်း ပါပြီး ဆေးရုံတချို့နဲ့ဟိုတယ်တလုံးလည်း ပျက်စီးခဲ့တယ်လို့ သူက အတည်ပြုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အဲဒီဒေသကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေရောက်ဖို့ အခက်ကြုံရနိုင်တယ်လို့လည်း သူက သတိပေးပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ ငလျင်ဒဏ်ဆိုးဆိုးဝါးဝါး ခံရလေ့ရှိသောကြာနေ့ ဒေသစံတော်ချိန် မနက် ၁ နာရီလောက်မှာ ၇ စက္ကန့်လောက် ငလျင်အသေးလေးတွေ လှုပ်ခတ်ခဲ့ပါတယ်။
ဆူနာမီသတိပေးချက်တွေ ကြေညာမထားပေမယ့် လူထောင်နဲ့ချီ သူတို့အိမ်တွေကနေ ထွက်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ ခဲ့ကြတယ်လို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
အားပြင်းတဲ့ နောက်ဆက်တွဲ ငလျင်ကြီး ၂ ခု ဆက်လက်လှုပ်ခတ်နိုင်ပြီး ဒီငလျင်တွေကြောင့် ဆူနာမီအထိ ဖြစ်လာနိုင်ခြေရှိတယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ Ring of Fire လို့ခေါ်တဲ့ ပစိဖိတ် သမုဒ္ဒရာအစွန်းက မီးတောင်ပေါက်ကွဲမှုတွေ၊ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိတဲ့ ငလျင်ရပ်ဝန်းပေါ်မှာ တည်ရှိတာကြောင့် ငလျင်ဒဏ်တွေကို ခကြာခဏ ရင်ဆိုင်ကြုံတွေ့ရလေ့ရှိပါတယ်။
၂၀၀၄ ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းမှာ ဖြစ်ခဲ့တဲ့ ဆူနာမီကြောင့် အိန္ဒိယသမုဒ္ဒရာတဝန်း လူပေါင်း ၂၂၆,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
သေဆုံးသူတွေထဲက ၁၂၀,၀၀၀ ကျော်ဟာ အင်ဒိုနီးရှားက ဖြစ်ပါတယ်။
ပြင်းအား ၉.၁ ငလျင် တခု လှုပ်ခတ်ခဲ့ပြီးနောက်ပိုင်း ၂၀၀၄ ခုနှစ်က ဖြစ်ခဲ့တဲ့ ဆူနာမီ လှိုင်းလုံးကြီးတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းပေါ်က လူပေါင်း ၁၇၀,၀၀၀ အသက်ဆုံးရှုံးခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment