တောင်ကိုရီးယားမှာ အရက်မူးပြီး ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို လျှော့ပေါ့ပြစ်ဒဏ်ပေးခဲ့လို့ ကန့်ကွက်သံတွေ ထွက်ပေါ်

လျှော့ပေါ့ ပြစ်ဒဏ်နဲ့ ချိုဒူးဆွန် ပြန်လွတ်လာတာကို လူအုပ်ကြီးက ကန့်ကွက်

ကလေးမလေးတစ်ဦးကို ရက်ရက်စက်စက် အဓမ္မပြုကျင့်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူတစ်ဦးကို လျှော့ပေါ့ပြစ်ဒဏ်နဲ့ ထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့အတွက် တောင်ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးစနစ် အပေါ် အချေအတင် အငြင်းပွားမှုတွေ ထပ်မံ ပေါ်ထွက်လာခဲ့တယ်လို့ ဘီဘီစီ ကိုရီးယားဌာန သတင်းထောက် ဒေးဗစ် အိုက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၂ နှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ခင်းမှာ ဆိုးလ်မြို့ရဲ့ အနောက်တောင်ပိုင်း အန်ဆန်မြို့မှာ ကျောင်းကို လမ်းလျှောက်သွားနေတဲ့ အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၅၆ နှစ်အရွယ် ထောင်ထွက် ချိုဒူးဆွန် က အနားမှာ ရှိတဲ့ ဘုရားကျောင်း တစ်ကျောင်းက အိမ်သာထဲ အတင်းခေါ်သွားခဲ့ပြီး ရက်ရက်စက်စက် ရိုက်နှက်၊ အဓမ္မ ပြုကျင့်ခဲ့တာပါ။

နာယန်း (အမည်လွှဲ) ဆိုတဲ့ အဲဒီကလေးမလေး အသက်မသေခဲ့ပေမဲ့ ခန္ဓာကိုယ်ပိုင်း ဒဏ်ရာတွေနဲ့ စိတ်ဒဏ်ရာတွေကို ခုချိန်ထိ ခံစားနေဆဲ ဖြစ်ပါတယ်။

အခုချိန်မှာ အဲဒီမြို့ကနေ နာယန်း ပြောင်းသွားခဲ့ရပါပြီ။ သူ့ကို အဓမ္မကျင့်ခဲ့သူကတော့ သူပြစ်မှုကျူးလွန်ခဲ့ရာ အန်ဆန်မြို့ဆီ ပြန်လာခွင့် ရခဲ့ပါတယ်။ ချိုဒူးဆွန် အခုနေတဲ့ နေရာသစ်ဟာ နာယန်း နေခဲ့တဲ့အိမ်နဲ့ တစ်ကီလိုမီတာတောင် မဝေးပါဘူး။

"ကျွန်တော်တို့ ဒီမြို့ကနေ ပြောင်းမပြေးချင်ပေမဲ့ ရွေးစရာလမ်း မရှိခဲ့ပါဘူး။ အစိုးရဘက်က ဘာမှ လုပ်မပေးခဲ့ပါဘူး။ အဓမ္မပြုကျင့်ခံခဲ့ရသူကိုတော့ တခြားကို ထွက်ပြေးခိုင်းခဲ့တယ် ဆိုတဲ့အကြောင်းကို အများ သိအောင် ပြောပြချင်ပါတယ်"လို့ ချိုဒူးဆွန် လျှော့ပေါ့ထောင်ဒဏ် ၁၂ နှစ် ကျခံပြီးလို့ ထောင်ကနေ ပြန်လွတ်လာခဲ့အပြီး ရက်ပိုင်းအကြာမှာ နာယန်းရဲ့ ဖခင်က ဘီဘီစီကို ပြောပါတယ်။

သူငယ်ချင်းတွေနဲ့ မခွဲချင်တဲ့အတွက် အဲဒီမြို့ကနေ နာယန်း မပြောင်းချင်ခဲ့ဘူးလို့ သူ့ဖခင်က ပြောပြပါတယ်။ ပြီးတော့လည်း အဲဒီမြို့ကနေ ပြောင်းပြေးသွားရင် အဓမ္မကျင့်ခံရသူက သူ့တို့ရဲ့ သမီး ဖြစ်တယ်ဆိုတာကို လူတွေ သိကုန်မှာကိုလည်း မိသားစုက စိုးရိမ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့မှာ မြို့ကနေ ပြောင်းပြေးဖို့ကလွဲလို့ တခြားရွေးစရာလမ်း မရှိတော့ဘူးလို့ ယူဆခဲ့ကြတာပါ။

"နှစ်တွေ အတော်များများ ကျော်လွန်သွားခဲ့ပေမဲ့ ဘာတစ်ခု မပြောင်းလဲသေးပါဘူး။ ခံခဲ့ရသူတွေဘက်ကပဲ တစ်ဖက်သတ် နစ်နာနေကြရဆဲပါ" လို့ သူက ပြောပါတယ်။

အမှုတွဲကို ပြန်ကြားနာပေးဖို့ ပန်ကြားစာကို လူ ၆ သိန်းကျော် လက်မှတ်ရေးထိုး တောင်းဆိုခဲ့

ချိုဒူးဆွန်ရဲ့ အမှုကြောင့် လိင်ကိစ္စကျူးလွန်သူတွေအပေါ် သက်သက်ညှာညှာ ပြစ်ဒဏ်ချတတ်တဲ့ တောင်ကိုရီးယား တရားစီရင်ရေး စနစ်ကို အကြီးအကျယ် ဝေဖန်မှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

သူ့ကို ကနဦးက ထောင်ဒဏ် ၁၅ နှစ် အပြစ်ချမှတ်ခဲ့တာပါ။ ဒါပေမဲ့ ကလေးမလေးကို အဓမ္မကျင့်တုန်းက သူအရက်မူးနေပါတယ်လို့ ထွက်ဆိုခဲ့တဲ့အတွက် တရားရုံးက နောက်ပိုင်းမှာ ထောင်ဒဏ် ၁၂ နှစ် လျှော့ပေါ့ ချမှတ်ခဲ့ပါတယ်။ တောင်ကိုရီးယားမှာက အရက်အရမ်းမူးနေချိန် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် သက်သက်ညှာညှာ အပြစ်ပေးလေ့ ရှိတာမို့ပါ။

ဆင်မ်ဆင်မီယက် လို့ခေါ်တဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ရာဇဝတ် အက်ဥပဒေ ပုဒ်မ ၁၀( ၂) အရ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတဲ့ အမျိုးသားတွေ ရာဇဝတ်မှု ကျူးလွန်ရင် တရားရုံးက ပြစ်ဒဏ်လျှော့ပေါ့ ချမှတ်နိုင်ခွင့် ရှိပါတယ်။ တခါ အရက်၊ ဆေး သုံးစွဲထားတဲ့ သူဟာ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေတယ်လို့လည်း ဂျူးချီဂမ်ဟွန်း ဥပဒေက သတ်မှတ်ထားပါတယ်။

ဒါပေမဲ့လည်း သူ့ကို ထောင်ဒဏ် လျှော့ချခဲ့ချိန်မှာ လူထုက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ ချိုဒူးဆွန်ရဲ့ အမှုကြောင့် နိုင်ငံတဝန်းမှာ အချေအတင် အငြင်းပွားစရာကြီး ဖြစ်လာခဲ့ရတယ်လို့ တောင်ကိုရီးယား ရာဇဝတ်မှုရေးရာအဖွဲ့က ယွန်းဂျွန်ဆွတ် က ပြောပါတယ်။

"သူ့အမှုကြောင့် အရက်မူးပြီး ရာဇဝတ်မှု ကျူးလွန်တာအပေါ် ချမှတ်ထားတဲ့ ဥပဒေနဲ့ ကျွန်တော်တို့ရဲ့ အမြင်ကို ပြောင်းလဲသွားစေခဲ့ပါတယ်"

ချိုဒူးဆွန်ရဲ့ အမှုဖြစ်ပွားခဲ့ပြီးကတည်းက တောင်ကိုရီးယား စည်းမျဉ်းဥပဒေရေးဆွဲရေးအဖွဲ့က ပြစ်မှုကျူးလွန်သူတွေ အရက်မူးတာကို ဆင်ခြေတစ်ခုအနေနဲ့ အကာအကွယ်ယူတာမျိုး မလုပ်နိုင်အောင် ဥပဒေကို ပိုတင်းကျပ်ဖို့ ပြင်ဆင် ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ဒီဥပဒေကို လုံးဝ ဖျက်သိမ်းဖို့ တောင်းဆိုမှုတွေ တိုးပွားလာနေပေမဲ့လည်း ဥပဒေက ဆက်ရှိနေဆဲ ဖြစ်ပြီး အရက်မူးမှု အကြောင်းပြချက်အပေါ် တရားရုံးက လိုရင်လိုသလို စီရင်ဆုံးဖြတ်နေဆဲ ဖြစ်ပါတယ်။

မှတ်မှတ်ရရ ဆိုရင် ၂၀၁၉ ခုနှစ် အောက်တိုဘာလတုန်းက ကောလိပ်ကျောင်းသူတစ်ဦးကို လိင်ပိုင်း မတော်မတရားပြုကျင့်ခဲ့မှုနဲ့ ထောင်ဒဏ် ၃ နှစ် အပြစ်ပေးခံထားရတဲ့ ၂၆ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထောင်အပြင်မှာ ၄ နှစ် ကောင်းမွန်စွာ နေပါ့မယ်ဆိုတဲ့ ကတိနဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အခင်းဖြစ်ချိန်က သူဟာ အရက်မူးနေတာပါလို့ သူ့ရှေ့နေတွေက လျှောက်လဲခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ အမျိုးသမီးနေ့ အထိမ်းအမှတ် #MeToo ဆန္ဒပြမှု

အခုနှစ်အစောပိုင်းကလည်း ကလေးသူငယ်တွေရဲ့ ပုံတွေကို မဖွယ်မရာ ဖော်ပြတဲ့ ကမ္ဘာ့ အကြီးဆုံး တရားမဝင် အွန်လိုင်းဝက်ဆိုက်ကြီးကို ဖွင့်ခဲ့မှုနဲ့ ဆွန်ဂျုံဝူး ဆိုသူ ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ ထောင်ဒဏ် တစ်နှစ်ခွဲသာ ကျခံခဲ့ပြီး ပြန်လွတ်လာခဲ့ပါတယ်။ သူ့ကို လွှဲပြောင်းပေးဖို့ အမေရိကန်အစိုးရရဲ့ ပန်ကြားမှုကို ဒေသန္တရ တရားရုံးက ဇူလိုင်လတုန်းက ပယ်ချခဲ့ပါတယ်။

သူ့ကို အမေရိကန်နိုင်ငံထံ လွှဲပြောင်းပေးဖို့ ပျက်ကွက်ခဲ့တာဟာ လိင်မှုကျူးလွန်သူတွေအပေါ် သက်သက်ညှာညှာ အပြစ်ပေးလေ့ရှိတဲ့ တောင်ကိုရီးယား တရားစီရင်ရေးစနစ်ကို မီးမောင်းထိုးပြနေတယ်လို့ အမျိုးသမီး အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတွေက ပြောပါတယ်။

ပြည်သူလူထုရဲ့ ဒေါသအမျက်

ချိုဒူးဆွန် လွတ်လာတဲ့အတွက် တောင်ကိုရီးယား ပြည်သူတွေကို စိုးရိမ်ကြောက်လန့်မှုတွေ ဖြစ်ပေါ်စေခဲ့ပါတယ်။ သူ့အမှုကို ပြန်စစ်ဆေး ကြားနာပေးဖို့နဲ့ သူ့ကို လူ့အသိုင်းအဝိုင်းထဲ ပြန်ပို့တာကို ကန့်ကွက်တဲ့ အနေနဲ့ သမ္မတရုံး ဝက်ဆိုက်မှာ ပန်ကြားစာတစ်စောင်ကို လူ ၆ သိန်းကျော်က လက်မှတ်ထိုး တောင်းဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အစိုးရက ပယ်ချခဲ့ပါတယ်။

အခုအခါ အသက် ၆၈ နှစ်အရွယ် ရှိပြီ ဖြစ်တဲ့ ချိုဒူးဆွန် ဒီဇင်ဘာလ ၁၂ ရက်နေ့က အန်ဆန်မြို့က သူ့ဇနီးရဲ့ အိမ်ကို ပြန်လာချိန်မှာ လူထုကြီးက အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။ "သူ့ကို သေဒဏ်ပေးပါ၊ သင်းကွပ်ပစ်လိုက်ပါ" လို့ လူအုပ်ကြီးက အော်ဟစ် တောင်းဆိုခဲ့ကြပါတယ်။

ထောင်အရာရှိတွေ ခြံရံပြီး အစိုးရ ဗင်ကားတစ်စင်းနဲ့ ချိုဒူးဆွန် ရောက်လာတဲ့အချိန်မှာ ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတချို့က ကြက်ဥတွေနဲ့ပေါက်၊ ကားကို ကန်ကျောက်တာတွေ လုပ်ခဲ့ကြပါတယ်။

လူထုရဲ့ စိုးရိမ်စိတ်တွေ ပြေလျော့သွားအောင် ရဲက ၂၄ နာရီ မပြတ် စောင့်ကြည့်ပေးနေမယ်လို့ ကတိပေးခဲ့ပါတယ်။ စောင့်ကြည့်ကင်မရာ ၃၅ ခုကို တပ်ပေးခဲ့ပြီး ချိုဒူးဆွန် နေနေတဲ့ နေရာတဝိုက်မှာ ရဲကင်းအသစ်တွေ ဆောက်ပေးခဲ့ပါတယ်။ ဒါ့အပြင် ချိုဒူးဆွန်ဟာ အီလက်ထရောနစ် စောင့်ကြည့် ကိရိယာတစ်ခုကိုလည်း သူ့ကိုယ်မှာ ၇ နှစ်ကြာ တပ်ထားရပါလိမ့်မယ်။

အမျိုးသမီးတွေကို လျို့ဝှက်ကင်မရာတွေနဲ့ ခိုးရိုက်ထားပြီး အပြာကားတွေမှာ ဖော်ပြတဲ့ ရာဇဝတ်မှုတွေ အနှံ့အပြား ဖြစ်ပွားနေတာကို အရေးယူပေးဖို့ အစိုးရကို တောင်းဆို

ဒါ့အပြင် တကယ်လို့ ချိုဒူးဆွန် အနားကပ်လာရင် အချက်ပေးမယ့် စမာ့တ်နာရီတစ်ခုကိုလည်း နာယန်းရဲ့ မိသားစုကို ပေးထားမယ်လို့ ရဲက ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့အတွက် ပိုစိတ်စိုးရိမ်ကြောင့်ကြစရာ ဖြစ်လာမယ်လို့ နာယန်းရဲ့ ဖခင်က ပြောခဲ့ပြီး လက်မခံခဲ့ပါဘူး။

"တကယ်လို့ အဲဒီနာရီက ကျွန်တော့်သမီးကို သတိပေးချက် ပို့လာရင် သူအကြီးအကျယ် ကြောက်လန့် သွားလိမ့်မယ်" လို့ သူက ပြောပါတယ်။ ဒါ့အပြင် သူ့သမီးဟာ အဓမ္မကျင့်ခံခဲ့ရသူ ဆိုတာကို ဒီနာရီကြောင့် လူတွေ သိကုန်ကြလိမ့် မယ် လို့လည်း သူက ပြောပါတယ်။

နစ်နာခဲ့ရသူဘက်က ထုတ်ဖော်ပြောခွင့် ဘယ်မှာလဲ

တရားစီရင်ရေးစနစ်က ပြောင်းလဲလာနေပြီ ဆိုပေမဲ့ မလုံလောက်သေးဘူးလို့ တရားရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တန်ပြန် ကလဲ့စားချေ ခံရဖို့ စိတ်ပူစရာမလိုအောင် အကျဉ်းထောင်ကနေ ပြန်လွတ်လာတဲ့ ရာဇဝတ်သားတွေကို တရားဝင် စောင့်ကြည့်နိုင်ဖို့အတွက် ပြစ်ဒဏ်ချမှတ်မှု၊ အကျဉ်းထောင်ကနေ လွှတ်ပေးတဲ့ လုပ်ထုံးလုပ်နည်း စတာတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုတယ်လို့ ပူဆန်တက္ကသိုလ်က ဥပဒေပါမောက္ခ ဂျွန်ဆွန်ယွန်းက ပြောပါတယ်။

"တကယ်လို့ တရားရုံးက ချိုဒူးဆွန်ကို ထောင်ဒဏ် ၁၂ နှစ်အစား အနှစ် ၃၀ ချမှတ်ခဲ့မယ်ဆိုရင် သူ့ကို ၁၂ နှစ် အကြာမှာလည်း ပြန်လွှတ်ပေးကောင်း ပေးနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ နောက်ထပ် ရာဇဝတ်မှု ထပ်မကျူးလွန် နိုင်အောင် တားဆီးထားတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေချမှတ်ပြီးမှ လွှတ်ပေးနိုင်ပါတယ်"လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိ တရားစီရင်ရေးစနစ်က ခံခဲ့ရသူတွေရဲ့ အခြေအနေကို စဉ်းစား ညှာတာပေးတာမျိုး မရှိသလောက်ပဲ လို့လည်း ပါမောက္ခ ဂျွန်ဆွန်ယွန်းက ပြောပါတယ်။

"တောင်ကိုရီးယားနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ခံရသူတွေဘက်က သဘောထားအမြင်တွေကို ပိုစာနာ ထောက်ထားဖို့ သင့်ပါတယ်။ ချိုဒူးဆွန် ကို တရားရုံးက ထောင်ဒဏ် ၁၂ နှစ် လျှော့ပေါ့ ချမှတ်လိုက်ချိန်မှာ တရားလို မိန်းကလေးဘက်က ထုတ်ဖော်ပြောဆိုခွင့်က ဘယ်မှာလဲ"

ချိုဒူးဆွန် ကို လွှတ်ပေးလိုက်မှုကြောင့် တစိတ်တပိုင်း တွန်းအား ဖြစ်လာခဲ့ရတာကတော့ ထောင်က လွတ်လာတဲ့ လိင်ပြစ်မှု ကျူးလွန်သူတွေအတွက် စည်းမျဉ်းအများအပြားကို ဥပဒေရေးဆွဲသူတွေက အဆိုပြုတင်ပြ လာကြတာပါ။ အထင်ကရ အနေနဲ့ဆိုရင် အစိုးရ ဒီမိုကရက်တစ် ပါတီဝင်အမတ် ကင်မ်ယုန်းဟို က ကလေးတွေအပေါ် လိင်ပြစ်မှု ကျူးလွန်ခဲ့သူတွေကို နောက်တစ်ခါ ပြစ်မှု ထပ်ကျူးလွန်ခဲ့ရင် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ပေးနိုင်ဖို့နဲ့ သူတို့ကို လူ့အသိုင်းအဝိုင်းနဲ့ သီးသန့် ခွဲထားနိုင်ဖို့ ဥပေဒတစ်ခုကို အဆိုပြု တင်ပြခဲ့ပါတယ်။

ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှုတွေ တိုးပွားလာနေချိန်မှာပဲ ဒီအဆိုပြုချက် ထွက်ပေါ်လာတာပါ။ အသက် ၁၃ နှစ်အောက် ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ ရာဇဝတ်မှု အရေအတွက်က ၂၀၁၆ ခုနှစ်မှာ ၁၀၈၃ ခု ရှိခဲ့ရာကနေ ၂၀၁၉ ခုနှစ်မှာ ၁၃၇၄ ခုအထိ တိုးလာခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေက ဖော်ပြနေပါတယ်။

တောင်ကိုရီးယား၊ ကလေးအဓမ္မပြုကျင့်မှု၊ အရက်၊ ဥပဒေ

တရားစီရင်မှု စနစ်က ခံရသူတွေဘက်က ထောက်ထားစာနာမှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေ ပေါ်ထွက်နေ

ဒီမိုကရက်တစ်ပါတီဝင် အမတ် ဂျွန်းချောင်းဆွတ် ကလည်း ပြစ်မှုကျူးလွန်ဖူးသူတွေကို စာသင်ကျောင်းတွေ၊ ကလေးကစားကွင်းတွေအနား မလာဖို့ သတ်မှတ်ထားတဲ့ အကွာအဝေး မီတာ ၁၀၀ ကို တစ် ကီလို မီတာအထိ တိုးမြှင့် သတ်မှတ်ဖို့ ရည်ရွယ်တဲ့ ဥပဒေကြမ်းတစ်ခုကို အဆိုပြုထားပါတယ်။

"အဓိကအချက်ကတော့ ကလေးသူငယ်တွေအပေါ် လိင်ကိစ္စ ပြစ်မှုကျူးလွန်ခဲ့ဖူးသူတွေကို ပြစ်ဒဏ် တိုးမြှင့် ချမှတ်ဖို့နဲ့ လိင်မှုကျူးလွန်ခံခဲ့ရသူတွေအတွက် ကာကွယ်စောင့်ရှောက်မှုတွေ ပိုတိုးလုပ်ပေးဖို့ ဖြစ်ပါတယ်"လို့ မစ်စ် ဂျွန်း က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးထားပါတယ်။

ချိုဒူးဆွန်ရဲ့ ဒီအမှုကြောင့် ချိုဒူးဆွန် ဥပဒေလို့ ခေါ်ကြတဲ့ ဥပဒေကြမ်းတစ်ခုကို နိုင်ငံတော် ဥပဒေပြု အဖွဲ့က ရေးဆွဲချမှတ် လာရတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ ဒီဥပဒေအရ ကလေးသူငယ် လိင်ကိစ္စ ကျူးလွန်ခဲ့ကြောင်း ပြစ်မှုထင်ရှားဖူးသူတွေကို ကျောင်းသူ ကျောင်းသားတွေ ကျောင်းတက်ကျောင်းဆင်းချိန်အတွင်းနဲ့ ညဘက်တွေမှာ အိမ်အပြင်ထွက်တာကို တားမြစ်ထားပါတယ်။

ဒါပေမဲ့လည်း ဒီရာဇဝတ်သမားတွေကို လူ့အသိုင်းအဝိုင်းကနေ တစ်သက်လုံး ဖယ်ကျဉ်ထားဖို့ မဖြစ်နိုင်တဲ့အတွက် အဲဒီလူတွေ ပြန်လာတဲ့အခါ သူတို့တွေ တကယ့်ကို ပြောင်းလဲသွားအောင် ရာဇဝတ်ကြောင်း အရေးယူမှုစနစ်က လုပ်ဆောင်ပေးဖို့ လိုတယ်လို့ တောင်ကိုရီးယား ရာဇဝတ်မှုပိုင်းဆိုင်ရာအဖွဲ့က ယွန်းဂျွန်ဆွတ် က ပြောပါတယ်။

ဒါ့အပြင် ပညာပေးစခန်းတွေအနေနဲ့ လူမှုအသိုင်းအဝိုင်း ကောင်းကျိုးအတွက် ဒီရာဇဝတ်သမားတွေကို ပြန်လည် ပျိုးထောင်ပေးရေးကို ပိုမို အားစိုက် ဆောင်ရွက်သင့်တယ်။ အပြစ်ပေး အရေးယူတာမျိုးဟာ ရာဇဝတ်မှုကို ထပ်ခါထပ်ခါ ပြန်မကျူးလွန်မိအောင် မတားဆီးနိုင်ဘူးလို့ သူက ပြောပါတယ်။

"လိင်ကိစ္စကျူးလွန်ခဲ့ဖူးသူတွေကို လူတိုင်း မုန်းတီးရွံရှာကြပါတယ်။ ဒါကို လူတိုင်း သိပါတယ်။ သူတို့ကို တစ်ကမ္ဘာလုံးက မုန်းတီးရွံရှာကြပါတယ်။ ဒါပေမဲ့ လူ့အသိုင်းအဝိုင်းထဲ သူတို့ ပြန်ဝင်လာကြမှာ မလွဲမသွေပါပဲ။ ပြန်ကို ပြန်လာကြမှာပါ" လို့ ဆိုပါတယ်။

တနုံ့နုံ့ တာရှည် ခံစားနေရတဲ့ စိတ်ဒဏ်ရာ

ဒါ့အပြင် ခံခဲ့ရသူတွေအပေါ် အားပေးထောက်ကူမှုတွေ အများကြီး ပိုလုပ်ဖို့ လိုတယ်လို့ နာယန်းရဲ့ ဖခင်က ပြောပါတယ်။

ချိုဒူးဆွန် ကို ပြန်လွှတ်ပေးခဲ့တာကနေ လူတွေရဲ့ အကြီးအကျယ် အာရုံစိုက်လာခဲ့မှုဟာ နောက်ပိုင်းမှာ တဖြည်းဖြည်း ပျောက်ပြယ်သွားမှာကို စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ ခံရသူတွေရဲ့ မိသားစုတွေ လိုအပ်နေတာက အမြဲ ဂရုတစိုက် ရှိနေဖို့ပါ လို့ ဆိုပါတယ်။

"တကယ်လို့များ ကျူးလွန် ခံခဲ့ရသူတွေကို မပြတ် အဆက်အသွယ် လုပ်ပေးနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ် ဒါမှမဟုတ် လူမှုဝန်ထမ်း တဦး ခန့်ထားမယ် ဆိုရင်တော့ ပိုပြီး အထောက်အကူ ဖြစ်ပါလိမ့်မယ်။ တစ်လ တစ်ခါ ဒါမှမဟုတ် နှစ်လ တစ်ခါလောက် ဖုန်းဆက်ပြီး ကျွန်တော်တို့ ဘယ်လို နေသလဲလို့ မေးတာမျိုး လုပ်ရင် ကျွန်တော်တို့အနေနဲ့ ပိုလုံခြုံ စိတ်ချသလို ခံစားမိမှာပါ"

"မင်းတို့က ခိုကိုးရာမဲ့ မဟုတ်ပါဘူး။ ငါတို့ အားပေးကူညီနေပါတယ် ဆိုတဲ့ အားပေးစကားက ခံရသူတွေရဲ့ မိသားစုတွေ တကယ်တမ်း ကြားချင်နေတဲ့ စကားပါ"


BBC Burmese

https://www.bbc.com/burmese/world-55558833

တောင်ကိုရီးယားမှာ အရက်မူးပြီး ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို လျှော့ပေါ့ပြစ်ဒဏ်ပေးခဲ့လို့ ကန့်ကွက်သံတွေ ထွက်ပေါ်  တောင်ကိုရီးယားမှာ အရက်မူးပြီး ကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့သူကို လျှော့ပေါ့ပြစ်ဒဏ်ပေးခဲ့လို့ ကန့်ကွက်သံတွေ ထွက်ပေါ် Reviewed by THITHTOOLWIN on 04:19 Rating: 5

No comments:

Powered by Blogger.