ဆိုင်နိုဗက် တရုတ်ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ၅၀.၄ ရာခိုင်နှုန်း ထိရောက်တယ်လို့ ဘရာဇီးလ်ရလဒ်တွေက ဖော်ပြ

တရုတ်ရဲ့ ကိုဗစ်ကာကွယ်ဆေးဟာ ဘရာဇီးလ်မှာ စမ်းသပ် အသုံးပြုခဲ့တဲ့ ကိုဗစ်ကာကွယ်ဆေးနှစ်မျိုးထဲက တစ်မျိုးဖြစ်

တရုတ် ဆိုင်နိုဗက် ဆေးဝါးလုပ်ငန်းထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ဘရာဇီးလ်နိုင်ငံက စမ်းသပ်အသုံးပြုမှုတွေအရ ၅၀.၄ ရာခိုင်နှုန်း ထိရောက်မှု ရှိတာ တွေ့ရတယ်လို့ လေ့လာသူတွေ ထုတ်ပြန်လိုက်တဲ့ နောက်ဆုံးရလဒ်တွေမှာ ဖော်ပြနေပါတယ်။

အဲဒီလေ့လာချက်အရ ဒီကိုဗစ်ကာကွယ်ဆေးဟာ အရင် အကြံပြုခဲ့သလောက် သိသိသာသာ ထိရောက်မှု မရှိဘဲ စည်းမျဉ်းပိုင်းဆိုင်ရာ အတည်ပြုဖို့ လိုအပ်တဲ့ ၅၀ ရာခိုင်နှုန်းကို ကျော်တယ်ဆိုရုံ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။

တရုတ် ကိုဗစ်ကာကွယ်ဆေးဟာ ဘရာဇီးလ် အစိုးရက ဝယ်ယူ အသုံးပြုဖို့ စီစဉ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးထဲက တစ်မျိုး ဖြစ်ပါတယ်။

ဘရာဇီးလ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ရောဂါဒဏ်ကို အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။

အဲဒီ ကိုရိုနာဗက် (CoronaVac) ကာကွယ်ဆေးကို ဘေဂျင်းမြို့အခြေစိုက် ဆိုင်နိုဗက် ဆေးကုမ္ပဏီက ထုတ်ခဲ့တာပါ။

ဒီဆေးဟာ ဗိုင်းရပ်စ်ပိုးအသေရဲ့ အစိတ်အပိုင်းတွေကို သုံးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ဒီဗိုင်းရပ်စ်ကို သိရှိအောင် လုပ်တာ ဖြစ်ပြီး ရောဂါ ပြင်းပြင်းထန်ထန် ကူးစက်မှု မရှိအောင် လုပ်တာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ တူရကီနဲ့ စင်္ကာပူ အပါအဝင် နိုင်ငံ အတော်များများက ဒီကာကွယ်ဆေးကို အသုံးပြုဖို့ မှာယူထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ ဘရာဇီးလ်နိုင်ငံမှာ ဒီဆေးနဲ့ စမ်းသပ်ကုသမှုတွေ လုပ်နေတဲ့ Butantan Institute အဖွဲ့က ဒီကာကွယ်ဆေးဟာ ကိုဗစ် ၁၉ ရောဂါ အပျော့စားကနေ အပြင်းစားတွေကို ၇၈ ရာခိုင်နှုန်း ထိထိရောက်ရောက် ကုသပေးနိုင်တယ်လို့ ထုတ်ဖော်ကြေညာခဲ့တာပါ။

ဒါပေမဲ့ ဒီကိန်းဂဏန်းထဲမှာ ဆေးရုံအကူအညီ မလိုတော့ဘဲ ဒီကာကွယ်ဆေး သုံးခဲ့ကြတဲ့ ရောဂါကူးစက်မှု အရမ်းကြီး မပြင်းထန်တဲ့ အုပ်စုတစ်စုမှာ လေ့လာတွေ့ခဲ့ရတဲ့ အချက်အလက်တွေတော့ မပါဝင်ဘူးလို့ လေ့လာသူတွေက မနေ့က အင်္ဂါနေ့မှာ ထုတ်ဖော်ပြောလိုက်ပါတယ်။

အဲဒီအချက်အလက်တွေ ထည့်သွင်းမယ်ဆိုရင်တော့ ဒီကာကွယ်ဆေးရဲ့ ထိရောက်မှုနှုန်းက ၅၀.၄ ရာခိုင်နှုန်းသာ ဖြစ်လိမ့်မယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့လည်း ဒီကာကွယ်ဆေးဟာ ဆေးကုသဖို့ လိုအပ်တဲ့ အပျော့စား ကိုဗစ်ရောဂါကူးစက်မှုကို တားဆီးရာမှာ ၇၈ ရာခိုင်နှုန်း ထိရောက်မှု ရှိပြီး အလယ်အလတ်နဲ့ ပြင်းထန်တဲ့ ရောဂါကူးစက်မှုတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရာမှာတော့ ၁၀၀ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ Butantan လေ့လာသူတွေက အခိုင်အမာ ပြောခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံအများအပြားမှာ ဆိုင်နိုဗက် ဆေးကုမ္ပဏီက ထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး စမ်းသပ် အသုံးပြုမှုတွေ ကနေ မတူကွဲပြားတဲ့ ရလဒ်တွေ ရခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လတုန်းက တူရကီနိုင်ငံက လေ့လာသူတွေက ဆိုင်နိုဗက် ကိုဗစ်ကာကွယ်ဆေးဟာ ၉၁.၂၅ ရာခိုင်နှုန်း ထိရောက်မှု ရှိတယ်လို့ ပြောခဲ့ပေမဲ့ ဗုဒ္ဓဟူးနေ့က ကာကွယ်ဆေး စီမံကိန်းနဲ့ လူတွေကို အစုလိုက်အပြုံလိုက် ကာကွယ်ဆေး ထိုးပေးခဲ့တဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ ဒီကာကွယ်ဆေးဟာ ၆၅.၃ ရာခိုင်နှုန်းပဲ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အဲဒီတွေ့ရှိချက် နှစ်ခုစလုံးဟာ စမ်းသပ်အသုံးပြုမှု နောက်ဆုံးအဆင့် တွေ့ရှိချက်တွေ ဖြစ်ပါတယ်။

တရုတ် ကိုဗစ်ကာကွယ်ဆေး စမ်းသပ်အသုံးပြုမှုတွေဟာ အနောက်အုပ်စုနိုင်ငံတွေမှာလောက် စေ့စေ့စပ်စပ် စောင့်ကြည့် စစ်ဆေးခံရတာမျိုး၊ ပွင့်လင်းမြင်သာမှုမျိုး မရှိဘူးဆိုပြီး စိုးရိမ် ဝေဖန်မှုတွေ ရှိနေပါတယ်။

တရုတ် ဆိုင်နိုဗက် ဆေးကုမ္ပဏီက ထုတ်တဲ့ ဒီကာကွယ်ဆေးရော၊ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ဆေးကုမ္ပဏီက ထုတ်တဲ့ ကာကွယ်ဆေးရောကို ဘရာဇီးလ်နိုင်ငံမှာ အရေးပေါ် သုံးနိုင်ခွင့် ပြုဖို့ ဘရာဇီးလ် ဥပဒေရေးဆွဲသူတွေဆီမှာ ခွင့်တောင်းထားတာပါ။

ဘရာဇီးလ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုတွေ တိုးပွားလာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာပဲ တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးက ထင်သလောက် မထိရောက်ဘူး ဆိုတဲ့ သတင်း ထွက်ပေါ်လာတာပါ။

ဘရာဇီးလ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၈.၁ သန်းကျော် ရှိနေပြီး အမေရိကန်နဲ့ အိန္ဒိယပြီးရင် ကမ္ဘာပေါ်မှာ ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှု တတိယ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။

ဘရာဇီးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအသေအပျောက်အများဆုံး နိုင်ငံတွေထဲက တစ်ခုလည်း ဖြစ်ပေမဲ့ ကာကွယ်ဆေးထိုးဖို့ စီမံကိန်း ဘယ်တော့ စတင်မလဲ ဆိုတာကို ထုတ်ဖော်ကြေညာတာမျိုး မရှိသေးဘူးလို့ ဘီဘီစီကမ္ဘာတလွှား သတင်းဌာနက အမေရိကဒေသဆိုင်ရာ သတင်းအယ်ဒီတာ ကန်ဒေ့စ် ပီယက်တေး ကပြောပါတယ်။

ဒီလို နှောင့်နှေးနေတာဟာ အစိုးရရဲ့ နည်းလမ်းတကျ မစီစဉ်တတ်မှုကြောင့်ရော၊ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကွဲပြားခြားနားတဲ့ ချဉ်းကပ်ပုံတွေကြောင့် ဖြစ်တယ်လို့ သူက ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55648997

ဆိုင်နိုဗက် တရုတ်ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ၅၀.၄ ရာခိုင်နှုန်း ထိရောက်တယ်လို့ ဘရာဇီးလ်ရလဒ်တွေက ဖော်ပြ ဆိုင်နိုဗက် တရုတ်ကုမ္ပဏီထုတ် ကိုဗစ်ကာကွယ်ဆေးဟာ ၅၀.၄ ရာခိုင်နှုန်း ထိရောက်တယ်လို့ ဘရာဇီးလ်ရလဒ်တွေက ဖော်ပြ Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.