မလေးရှားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုတွေ တိုးမြင့်လာနေတာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘုရင် အယ်လ် ဆူလ်တန် အဗ္ဗဒူလာက နိုင်ငံတဝန်းမှာ လနဲ့ချီကြာမယ့် အရေးပေါ်အမိန့်တစ်ရပ် ထုတ်ပြန်လိုက်ပါတယ်။
ဒီလိုအမိန့် ထုတ်ပြန်ဖို့ ဝန်ကြီးချုပ် မူယစ်ဒင် ယက်ဆင် က ပန်ကြားခဲ့တာပါ။ မစ္စတာ မူယစ်ဒင်ရဲ့ အစိုးရအဖွဲ့ အားနည်းလာနေချိန်မှာ ဒီအရေးပေါ်အမိန့်ကြောင့် ပါလီမန်လွှတ်တော် ရပ်နားခွင့် ရမှာ ဖြစ်ပါတယ်။
တကယ်လို့ ရောဂါကူးစက်မှုတွေကို မထိန်းချုပ်နိုင်ဘူးဆိုရင် အရေးပေါ်အမိန့်ကို လာမယ့် သြဂုတ်လ ၁ ရက်နေ့အထိ ထုတ်ပြန်ထားမယ်လို့ ဘုရင့်နန်းတော်က ပြောပါတယ်။
မတည်မငြိမ် ဖြစ်နေတဲ့ မစ္စတာ မူယစ်ဒင် အစိုးရအနေနဲ့ ဒီအရေးပေါ်အမိန့်ကြောင့် အာဏာကို ဆက်ဖက်တွယ် ထားခွင့် ရသွားလိမ့်မယ်လို့ အကဲခတ်တွေက ပြောနေပါတယ်။
ဝန်ကြီးချုပ် မူယစ်ဒင် ဟာ မနှစ်က မတ်လတုန်းက ထောက်ခံမဲ အနည်းအပါးအသာလောက်နဲ့ အာဏာရလာခဲ့တာပါ။ ဒါပေမဲ့ သူ့အစိုးရဟာ ညွှန့်ပေါင်းအစိုးရအဖွဲ့ဝင် ပါတီတွေဆီက ထောက်ခံအားပေးမှု ပြန်ရုပ်သိမ်းမယ် ဆိုတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး ကြားဖြတ် ရွေးကောက်ပွဲ ပြန်ကျင်းပရမယ့် အခြေအနေမျိုး ရောက်နေပါတယ်။
နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ဒီအရေးပေါ်အမိန့်ကို ဘုရင် အယ်လ် ဆူလ်တန် အဗ္ဗဒူလာ ဆူလ်တန် အာမက် ရှားက တနင်္လာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမိန့်အရ မလေးရှားနိုင်ငံရဲ့ ပါလီမန်လွှတ်တော်နဲ့ နိုင်ငံရေး လုပ်ဆောင်မှုတွေ ဆိုင်းငံ့ထားရမှာဖြစ်ပြီး အစိုးရကို လုပ်ပိုင်ခွင့် အာဏာအသစ်တွေ ပေးအပ်မှာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံတဝန်း နေရာ အတော်များများမှာ စီးပွားရေး လုပ်ငန်းအများစု ပိတ်ထားလိုက်တာမျိုး အပါအဝင် ကိုရိုနာဗိုင်းရပ်စ် စည်းမျဉ်းသစ်တွေကို မစ္စတာ မူယစ်ဒင် က ချမှတ်လိုက်ပါတယ်။ အဲဒါနဲ့အတူ နိုင်ငံ့ကျန်းမာရေးစနစ်က ပြိုလဲခါနီး အခြေအနေ ရောက်နေပြီလို့ သတိပေးပြောကြားခဲ့အပြီး တစ်ရက်အကြာမှာပဲ ဒီအရေးပေါ်အမိန့် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ရာထူး သက်တမ်း ၁၀ လသာ ရှိသေးတဲ့ ဝန်ကြီးချုပ် မူယစ်ဒင်က ဒီအရေးပေါ်အမိန့်ဟာ စစ်တပ် အာဏာသိမ်းမှုမျိုး မဟုတ်သလို ကာဖျူးအမိန့်လည်း ထုတ်ပြန်မှာ မဟုတ်ပါဘူးလို့ ရုပ်မြင်သံကြားကနေ အခိုင်အမာ ပြောခဲ့ပါတယ်။ နိုင်ငံမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်လိုက်နိုင်တဲ့ အချိန်ကျရင် ရွေးကောက်ပွဲ ကျင်းပပေးဖို့ ကတိပြုပါတယ်လို့လည်း ထည့်သွင်း ပြောသွားခဲ့ပါတယ်။
ဒီအရေးပေါ်အမိန့်ကြောင့် အစိုးရအနေနဲ့ ပုဂ္ဂလိကဆေးရုံတွေကို လွှဲပြောင်းယူနိုင်ခွင့် ရှိပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ အပိုချထားခွင့် ရှိလာမှာ ဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ လော့ခ်ဒေါင်း ကန့်သတ်မှုတွေ တင်းတင်းကျပ်ကျပ် ချထားခဲ့တဲ့အတွက် မနှစ်တုန်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီတင်းကြပ်မှုတွေကို ဖြေလျှော့ပေးလိုက်တာနဲ့အမျှ ရောဂါကူးစက်မှုတွေ တဟုန်ထိုး တိုးပွားလာခဲ့ပါတယ်။
BBC Burmese

No comments:
Post a Comment