ဘူးသီးတောင် စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုယ်ရင်ကြီးတစ်ပါး ကြိုးဆွဲချသေဆုံး

နိရဉ်စရာ၊ ၁၉/ ၂၀၂၁

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုယ်ရင်ကြီးတစ်ပါး ကြိုးဆွဲချ သေဆုံးသွားကြောင်း သတင်းရရှိသည်။

၎င်းကိုယ်ရင်ကြီးမှာ ဘူးသီးတောင်မြို့၊ အမှတ် (၅) ရပ်ကွက်၊ ရန်အောင်မြေ စစ်ပြေးရှောင်စခန်းတွင် သီတင်းသုံးနေသူ ဦးဝဏ္ဏဓဇ (၃၂)နှစ်ဖြစ်ကြောင်း၊ လူနာမည်မှာ ဦးကျော်မောင်ဖြစ်ကြောင်း၊ ဇန်နဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခန့်က ကြိုးဆွဲချ သေဆုံးသွားခြင်း ဖြစ်ကြောင်း ရန်အောင်မြေကျောင်းထိုင်ဆရာတော် ဦးဣန္ဒဝံသ မိန့်ကြားသည်။

“ဒီကိုယ်ရင်ကြီးက ရဟန်းဝတ်တာ တစ်လလောက်ဘဲရှိသေးတယ်။ ကလေးတစ်ယောက် လာပြောမှ ကိုယ်ရင်ကြီးကြိုးဆွဲချ သေဆုံးတာကို သိရတာ။ သူက လူဝတ်နဲ့တုန်းက စီးပွားပျက်၊ မိန်းမနဲ့ကွဲသွားတော့ မိသားစုဝင်တွေက စိတ်သက်သာရအောင် ရဟန်းလာဝတ်နေတာ။ အခုတော့ မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့တယ်လို့ဘဲ ပြောရမှာပေါ့” ဟု ဆရာတော် မိန့်ကြားသည်။ 

သေဆုံးသွားသူ ကိုယ်ရင်ကြီး၏ ဇာတိမှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင် ကျေးရွာဇာတိဖြစ်ပြီး စစ်ဘေးရှောင်စခန်းတွင် လာရောက်ခိုလှုံနေသူဖြစ်ကြောင်း သိရသည်။

ကိုယ်ရင်ကြီးသည် ဘုန်းကြီးကျောင်းဆွမ်းချက်ဆောင် ခေါင်းမိုတန်းကို သင်္ကန်းစကို ကြိုးအဖြစ် အသုံးပြုပြီး ကြိုးဆွဲချသွားခဲ့သည်ဟု ဆရာတော်က မိန့်ကြားသည်။

ကိုယ်ရင်ကြီး ဦးဝဏ္ဏဓဇ ကြိုးဆွဲချ သေဆုံးသွားကြောင်းကို အမှတ် (၅) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်စိုးက အတည်ပြုသည်။

“  အဲဒီကိုယ်ရင်ကြီးက လူဘဝတုန်းက အိမ်ထောင်ကွဲခဲ့တယ်။ အဲသလိုကွဲတာ ၂ နှစ်လောက်ရှိနေပြီ ထင်ပါတယ်။ ကြိုးဆွဲချ သေဆုံးပြီးတဲ့နောက်မှာ ရုပ်အလောင်းကို နာရေးကားနဲ့ ဆေးရုံကို ယူသွားတယ်။ သူက ရောဂါတွေ ဘာတွေဖြစ်တာလည်း မရှိပါဘူး။ ဘာကြောင့် ခုလို သေကြောင်းကြံသွားတယ်ဆိုတော့ ဘယ်သူမှ တိတိကျကျ မသိပါဘူး “ ဟု ပြောဆိုသည်။ 

၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ၎င်းစစ်ဘေးရှောင်စခန်းမှ စစ်ရှောင်တစ်ဦးဖြစ်သူ အသက် ၃၉ နှစ်အရွယ် ဦးလှသိန်းလည်း ကြိုးဆွဲချ သေဆုံးသွားခဲ့ကြောင်း သိရသည်။


ဇွဲဓန (ကိန်းသာမြေ)

Narinjara

https://www.facebook.com/narinjara.info

ဘူးသီးတောင် စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုယ်ရင်ကြီးတစ်ပါး ကြိုးဆွဲချသေဆုံး  ဘူးသီးတောင် စစ်ဘေးရှောင်စခန်းတစ်ခုတွင် ကိုယ်ရင်ကြီးတစ်ပါး ကြိုးဆွဲချသေဆုံး Reviewed by THITHTOOLWIN on 22:15 Rating: 5

No comments:

Powered by Blogger.