ပိုးတွေ့သူတွေ ပြန်ပို့လို့ ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြ


မြန်မာအလုပ်သမား ငါးထောင်လောက်ရှိပြီး ပိုးတွေ့လူနာရှိခဲ့လို့ အသွားအလာ ကန့်သတ်ထားတဲ့ ထိုင်းနိုင်ငံ၊ မဟာချိုင်က ပုဇွန်ဈေးထဲကို မနေ့ညက ရောဂါကူးစက်ခံထားရသူ လူနာ နှစ်ဆယ်ကျော် ဆေးရုံကနေ ထိုင်း အစိုးရက ကားတွေနဲ့ ပြန်လာပို့လို့ မြန်မာအလုပ်သမားတွေက ဆန္ဒပြခဲ့ကြပါတယ်။

မဟာချိုင်က ပုဇွန်ဈေးထဲက လုပ်ငန်းရှင် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့လို့ အဲဒီဈေးကို ဒီဇင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး ၁၄ ရက်ကြာ အသွားအလာကန့်သတ်ထားတာပါ။

အသွားအလာကန့်သတ်ထားတာ ၁၄ ရက်ပြည်တဲ့ မနေ့ကပဲ ဗိုင်းရပ်စ်ကူးစက်ခံထားရတဲ့ ကလေးမိခင် ၂၀ ကျော်ကို အစိုးရဘက်က ဈေးကို ပြန်လာပို့တာကို မကျေနပ်လို့ ဈေးထဲမှာ မနေ့ကဆန္ဒပြခဲ့ကြတာလို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့အထွေထွေတာဝန်ခံ ဦးရဲမင်း က ပြောပါတယ်။

"ပိုးတွေ့တယ်ဆိုပြီးတော့ အနီရောင်အဆင့် သတ်မှတ်ထားတဲ့ လက်ပတ်အနီရောင်ပေးထားတဲ့ မြန်မာ အလုပ်သမားတွေထဲက ကလေးအမေတွေအပါအဝင် အယောက် ၂၀ လောက်ကို ထိုင်းစစ်ကားနဲ့ ညကြီး ပြန်ခေါ်လာတယ်၊ နေ့လည်ခင်းနဲ့ ညနေလောက်က ခေါ်သွားတဲ့လူတွေကို၊ ဟိုမှာတဲ့ ကိုဗစ်ကုသရေးဆေးရုံ မှာ မရဘူးပေါ့နော်၊ ထားလို့မရဘူးဆိုပြီး ဒီလော့ဒေါင်းချထားတဲ့ဝန်းထဲကို ပြန်ခေါ်လာတော့ ဒီမှာရှိနေတဲ့ သူတွေကလည်း မကျေမနပ်နဲ့ ပြန်လက်မခံ၊ အဲမှာတင် ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကြတာပေါ့ လူစုလူဝေး တွေဖြစ်တာပေါ့၊ ပြဿနာတွေကတော့ ဖြစ်စဉ်တွေကတော့ အဲလိုမျိုးဖြစ်ပါတယ်။"

ပိုးစတွေ့တဲ့ ဒီဇင်ဘာလ ၂၁ ရက်နေ့ကတည်းက မြန်မာနိုင်ငံသား အလုပ်သမား ၂၀၀၀ လောက်ကို ရောဂါရှိ၊ မရှိ ထိုင်းအစိုးရဘက်က ခေါ်ယူစစ်ဆေးခဲ့ပေမယ့် ဒီနေ့အချိန်အထိ ဘယ်သူ့မှာ ပိုးတွေ့တယ်ဆိုတဲ့အဖြေကို တာဝန်ရှိသူတွေဘက်က အကြောင်းမကြားဘူးလို့ အလုပ်သမားတွေက ပြောကြပါတယ်။

မဟာချိုင် ပုဇွန်ဈေးထဲမှာ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ကိုသာဂိ က ပိုးတွေ့မှု အခြေအနေနဲ့ မနေ့ကဖြစ်သွားတဲ့ ဆန္ဒပြပွဲအခြေအနေကို အခုလိုရှင်းပြပါတယ်။

"ကလေးအမေတွေပါမယ်၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါတယ် လာပြန်ပို့တယ်၊ အဲလိုလာပြန်ပို့တဲ့ အချိန်မှာ ဒီလိုမျိုး ဘာလို့လာပြန်ပို့လဲဆိုပြီး ဝန်းထဲမှာ မကျေနပ်တဲ့သူတွေလည်းရှိတယ်၊ အနီရောင်လို့ ပြောရဲ့သားနဲ့ ရောဂါပိုးလည်း ကူးစက်ခံထားပြီ ပြောရဲ့သားနဲ့ ခေါ်လည်းခေါ်ထုတ်သွားပြီးမှ ဘာလို့ လာပြန်ပို့လည်းဆိုပြီးတော့မှ မကျေနပ်ရာကနေစတာပေ့ါဗျာ၊ အဲကနေစပြီးတော့ တချို့အားနည်းချက်တွေ ရှိတာတွေကိုလည်း ပြောကြဆိုကြတော့ လူကအုပ်စုလိုက်ဖြစ်တာပေါ့နော်၊ တကယ့်တကယ်ဆန္ဒပြတယ် ကြမ်းကြမ်းတမ်းတမ်းဖြစ်တာမျိုးတော့ မဟုတ်ဘူးပေါ့၊ တစ်ယောက်တစ်ပေါက်နဲ့ဆိုတော့လည်း နည်းနည်းရုတ်ရုတ်ဖြစ်သွားတဲ့သဘောမှာရှိတယ်၊ ဒီလောက်ပါပဲဗျ။"

လက်ရှိစစ်ဆေးထားတဲ့ မြန်မာအလုပ်သမားတွေထဲမှာ ပိုးကူးစက်ခံထားရသူ ခုနှစ်ရာကျော်လောက်ရှိတယ်လို့ ထိုင်းအစိုးရကျန်းမာရေးဌာနတွေဘက်ကတဆင့် သိထားရကြောင်းလည်း ဦးရဲမင်းက ဆိုပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က မြန်မာသံရုံးအရာရှိတွေ အလုပ်သမားအရာရှိတွေကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

လက်ရှိအလုပ်သမားသံအရာရှိ ဦးသူရိန်လင်းနဲ့ အဖွဲ့ကတော့ မဟာချိုင်ဘက်ကို သွားရောက်ပြီး အလုပ်သမား တွေရဲ့ အခြေအနေတွေကို ဆေးစစ်ဆေးခဲ့ပြီး လိုအပ်တာတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင် ရွက်ပေးသွားမယ်ဆိုတဲ့အကြောင်း ဇန်နဝါရီ ၄ ရက် မနေ့က မြန်မာသံရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြ ထားပါတယ်။

မနေ့ကစပြီး ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေတဲ့ ခရိုင် ၂၈ ခုကို အနီရောင်အဆင့် သတ်မှတ်လိုက်ပြီလို့ ထိုင်းဝန်ကြီးချုပ်က ကြေညာထားပါတယ်။

ဘန်ကောက်မြို့အပါအဝင် တက်ခ်၊ နွန်သဘူရီ၊ ပသူဌာနီ၊ အယုဒ္ဓယ၊ ဆာရာဘူရီ၊ လော့ဘူရီ၊ ဆမ်ဘူရီ၊ အန်ထောင်၊ နခွန်နယော့၊ ကန်ချနဘူရီ အစရှိတဲ့ခရိုင်တွေ ပါဝင်ပါတယ်။

ဒီဒေသတွေမှာ ခရီးသွားလာတာမလုပ်ဖို့၊ လူစုလူဝေးမလုပ်ဖို့၊ ကျောင်းတွေ၊ သင်တန်းများအားလုံးပိတ်ဖို့၊ နေအိမ်ကနေ အလုပ်လုပ်ကြဖို့နဲ့ စားသောက်ဆိုင်တွေ မနက် ၆ နာရီကနေ ည ၇ နာရီအထိသာ ဆိုင်ထိုင် ရောင်းချဖို့ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ တကျော့ပြန်မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုမှာ ထိုင်းရောက် မြန်မာနိုင်ငံသားတွေလည်း တော်တော်များများကူးစက်ခံနေရပြီး ခွဲခြားဆက်ဆံမှု တွေကိုလည်း မြန်မာနိုင်ငံသားတချို့ ခံနေရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-workers-protest-thai-send-back-covid-patients-01052021060621.html

ပိုးတွေ့သူတွေ ပြန်ပို့လို့ ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြ  ပိုးတွေ့သူတွေ ပြန်ပို့လို့ ထိုင်းရောက် မြန်မာလုပ်သားတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.