၁၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ကိုးယောက်ကတော့ အသက်မရှင်ခဲ့

မြေအောက်မှာ နှစ်ပတ်ကြာ ပိတ်မိနေသူတွေထဲက ပထမဆုံးကယ်ထုတ်နိုင်သူ အပေါ်ရောက်လာတဲ့ မြင်ကွင်း

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်က ရွှေတွင်းတစ်ခုတူးနေတုန်း ပြိုကျလို့ နှစ်ပတ်ကြာ ပိတ်မိနေတဲ့ မိုင်းလုပ်သားတွေအထဲက ကိုးဦးသေဆုံးနေတာ တွေ့ရတယ်လို့ အာဏာပိုင်တွေက အတည်ပြုပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ဇန်နဝါရီ ၂၄ ရက်တုန်းကတော့ ပိတ်မိနေကြသူတွေအထဲက ၁၁ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။

အခုအထိ တစ်ဦးကတော့ ပြန်ရှာလို့ မတွေ့ရသေးပါဘူး။

ဇန်နဝါရီလ ၁၀ ရက်နေ့က မိုင်းလုပ်သားတွေ မြေအောက် ပေ ၂၀၀၀ ကျော်မှာ အလုပ်လုပ်နေကြတုန်း မိုင်းတွင်းဝမှာ မြေပြိုမှုဖြစ်ပြီး အပေါက်ဝ ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ၁၁ ယောက် ကယ်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ကယ်ဆယ်ရေးလုပ်သားတွေက ကျန်နေသေးတဲ့ လူတွေကို မနားတန်း ဆက်ရှာခဲ့တယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ ကိုးဦးက သေဆုံးနေတာ တွေ့ခဲ့ရပါတယ်လို့ မိုင်းတွင်းပြိုခဲ့တဲ့ ဈန်တိုင်းမြို့က မြို့တော်ဝန် ချန်ဖေက မီဒီယာတွေကို ပြောပြပါတယ်။

ကြာသပတေးနေ့ကတည်းက သေဆုံးခဲ့သူ တစ်ယောက်ရဲ့ ရုပ်အလောင်းနဲ့ နောက်ထပ်တွေ့ရသူ ကိုးဦးတို့ရဲ့ အလောင်းတွေကို မိုင်းတွင်းထဲက သယ်ထုတ်ခဲ့ပါပြီလို့လည်း သူက ပြောပြပါတယ်။

ပိတ်မိနေသူတွေဆီ ကယ်ဆယ်ရေးသမားတွေ ဘယ်လိုရောက်အောင်သွားခဲ့လဲ

အစောပိုင်းတုန်းကတော့ ကယ်ဆယ်ရေးသမားတွေဟာ ပိတ်မိနေသူတွေဆီ ရောက်ဖို့ နောက်ထပ် ရက်သတ္တပတ် အတော်ကြာအောင် အချိန်ယူရလိမ့်ဦးမယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။ ပိုက်လိုင်းတူးပြီး ချရာမှာ မြေမာတွေ၊ ကျောက်တွေ ခံနေလို့ ခရီးမတွင်ဘူးလို့ ဆိုကြပါတယ်။ ဒါပေမဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ မနက်မှာတော့ တွင်းထဲမှာ ပိတ်နေတဲ့ ကျောက်တုံးကြီးက ရုတ်တရက် လိမ့်ပြီး မိုင်းထဲကို ကျသွားလို့ ကယ်ဆယ်ရေးအတွက် လမ်းပွင့်သွားခဲ့ရတဲ့အကြောင်း ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင် ဒူဘင်ဂျန်းက နိုင်ငံပိုင်သတင်းစာ Global Times ကို ပြောခဲ့တာ တွေ့ရပါတယ်။

ကယ်ဆယ်ရေးအဖွဲ့တွေက အပေါ်ကိုသယ်ထုတ်လာနိုင်ခဲ့သူ တစ်ဦး

အမှောင်ထဲမှာ နှစ်ပတ်ကြာ နေခဲ့ရတဲ့ သူတို့ရဲ့ မျက်လုံး မထိခိုက်အောင် မျက်နှာကို အဝတ်စည်း ပေးထားခဲ့ကြပါတယ်။

ပထမဆုံး ကယ်ထုတ်နိုင်ခဲ့သူကတော့ တခြားလူ ၁၀ ဦးအဖွဲ့နဲ့ ကွဲပြီး တစ်ဦးတည်း ပိတ်မိနေခဲ့သူ ဖြစ်ပါတယ်။

သူ့ကို တွင်းထဲက ကယ်ထုတ်လာချိန်မှာ တွေ့ရတဲ့ ဗီဒီယိုတွေမှာတော့ အပေါ်ရောက်လာချိန်မှာ မြေအောက်မှာ အလင်းနဲ့ မထိတွေ့ရဘဲ အကြာကြီး နေခဲ့ရတဲ့ သူ့မျက်စိကို အကာအကွယ် ပေးရအောင် မျက်နှာကို အဝတ်နဲ့ စည်းထားပေးပါတယ်၊ သူဟာ အရမ်းလည်း အားနည်းနေလို့ ဆေးရုံကို တန်းခေါ်သွားခဲ့ရတယ်လို့ သိရပါတယ်။

ပထမဆုံးလူ အပေါ်ရောက်လာပြီး တစ်နာရီလောက် အကြာမှာတော့ နောက်ထပ် ၁၀ယောက်ကို မိုင်းတွင်းထဲက တခြားနေရာ တစ်ခုကနေ ကယ်ထုတ်လာခဲ့ကြပါတယ်။ တရုတ်နိုင်ငံပိုင် စီစီတီဗီကတော့ သူတို့ထဲက တစ်ယောက်က ဒဏ်ရာရနေတယ်လို့ ဆိုပါတယ်။

တခြားသူ အတော်များများကတော့ ကယ်ဆယ်ရေးလုပ်သားတွေ ဘေးကတွဲပေးနေပေမဲ့ သူတို့ဟာသူတို့ လမ်းလျှာက်သွားနေနိုင်ကြတာလည်း တွေ့ရပါတယ်။ သူတို့အားလုံးကိုတော့ ဆေးရုံကို ခေါ်သွားခဲ့ပါတယ်။

သေဆုံးသွားသူ ကိုးဦးဟာ မိုင်းထဲက အမှတ်ခြောက် အလယ်ပိုင်းနေရာမှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ သူတို့ကို ဘယ်လို ရှာတွေ့ခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိကြရသေးပါဘူး။

ကယ်တင်နိုင်ခဲ့သူတချို့ မြေပြင်ပေါ်ရောက်လာစဉ်

အပေါ်ရောက်လာသူတချို့ကတော့ လမ်းလျှောက်သွားနိုင်တာ တွေ့ရပါတယ်။

ပိတ်မိနေသူတွေ ဘယ်လို ရှင်သန်နေခဲ့ကြပါသလဲ။

မိုင်းအလုပ်သမားတွေက မြေအောက် မီတာ ၆၀၀၊ ပေ၂၀၀၀ အနက်မှာ အလုပ်လုပ်နေကြတုန်း ဘာကြောင့်မှန်း အခုထိ မသိရသေးတဲ့ ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး မိုင်းရဲ့ ဝင်ပေါက်ဝ ပျက်စီး ပိတ်ဆို့သွားခဲ့ပါတယ်။ အထဲနဲ့ အပေါ်လည်း အဆက်အသွယ်တွေ ပြတ်သွားပါတယ်။

ပထမတစ်ပတ် လုံးလုံး အထဲမှာ အသက်ရှင်ကျန်သူ ရှိနေတယ်ဆိုတဲ့ လက္ခဏာ မတွေ့ခဲ့ကြရပါဘူး။ ဒါပေမဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့မှာတော့ အပေါ်ကနေ အောက်က အမှောင်ထုထဲ ကြိုးတွေ ချပေးနေတဲ့အချိန်မှာ ကြိုးတစ်ချောင်းကို အောက်က ဆွဲလိုက်တာကို ကယ်ဆယ်ရေးလုပ်သားတွေ တွေ့လိုက်ရပါတယ်။ နောက်တော့ အဲဒီကြိုးမှာပဲ စာလေးတစ်စောင် ချည်ပေးလိုက်တာ တွေ့ရပါတယ်။ မိုင်းလုပ်သား ၁၂ ယောက် အသက်ရှင် ကျန်နေတယ်၊ ၁၁ ယောက်က တစ်နေရာမှာ တစ်စုတည်း ရှိကြပြီး နောက်တစ်ယောက်ကတော့ အောက်ဘက် တစ်နေရာမှာ ရှိနေတယ်လို့ အဲဒီစာအရ သိကြရပါတယ်။

အဲဒီနောက်မှာတော့ အဲဒီအောက်ကလူ ဆိုသူနဲ့ အဆက်အသွယ် ပြတ်သွားကြပါတယ်။ အပေါ်က ၁၁ ယောက် အုပ်စုထဲက တစ်ယောက်က ပေါက်ကွဲမှုဖြစ်တုန်း ခေါင်းမှာ ဒဏ်ရာရထားတဲ့အတွက် သတိမေ့မျောနေရာက ဇန်နဝါရီ ၂၁ ရက်နေ့မှာတော့ သေဆုံးသွားခဲ့ပါတယ်။

မိုင်းတွင်းထဲ ဆင်းတဲ့ စင်လေးကတဆင့် အပေါ်နဲ့အောက် ဆက်သွယ်ရေးလမ်းကြောင်း ချိတ်ထားကြပြီး အဲဒီကတဆင့်လည်း အစားအသောက်နဲ့ ဆေးတွေကို ချပေးနေခဲ့ပါတယ်။

မိုင်းလုပ်သားတွေ ရှိနေခဲ့တဲ့ နေရာ

မိုင်းလုပ်သားတွေကို ဆန်ပြုတ်လို အစာပျော့နဲ့ အာဟာရရည်တွေ ချပေးနေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူတို့က စားနေကျ ဝက်အူချောင်းတွေ ပေးပါလို့ တောင်းဆိုခဲ့ကြတယ်လို့လည်း သိရပါတယ်။

သတ္တုမိုင်းတွင်းတွေ ပေါက်ကွဲတာ ပြိုကျတာ ပိတ်မိတာတွေဟာ တရုတ်မှာ သိပ်မထူးဆန်းတော့တဲ့ ဖြစ်ရပ်တွေပါ။ အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းတွေအတွက် စံချိန် စံနှုန်းတွေကိုလည်း အာဏာပိုင်တွေဘက်က သိပ်ကြပ်မတ်လေ့ မရှိပါဘူး။ ပြီးခဲ့တဲ့ ဒီဇင်ဘာကပဲ နိုင်ငံအနောက်တောင်ပိုင်း ချုံကင်းပြည်နယ်က ကျောက်မီးသွေး သတ္တုတွင်းတစ်ခုမှာ ကာဘွန်မိုနောက်ဆိုက်ဓာတ်ငွေ့ စိမ့်ထွက်ပြီး အလုပ်သမား ၂၃ ယောက် အသက်ဆုံးခဲ့ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55802691

၁၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ကိုးယောက်ကတော့ အသက်မရှင်ခဲ့  ၁၁ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီးတဲ့နောက် ကိုးယောက်ကတော့ အသက်မရှင်ခဲ့ Reviewed by THITHTOOLWIN on 07:04 Rating: 5

No comments:

Powered by Blogger.