အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံသူတွေ လွှတ်တော်ထဲ အတင်းဝင်ရောက်စဥ် ထိတွေ့ခဲ့ရာက ရခဲ့တဲ့ ဒဏ်ရာကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားပါတယ်။
ဒါကြောင့် ဒီလို အဓိကရုဏ်းတွေ ဖြစ်အောင် လှုံ့ဆော်တယ်ဆိုပြီး သမ္မတကို ရာထူးက ဖယ်ရှားပေးဖို့ ဒီမိုကရက် ပါတီခေါင်းဆောင်တွေက တောင်းဆိုနေပါတယ်။
အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပလိုစီက ဒုသမ္မတ မိုက်ပန့်စ်ကို အခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ ကို သုံးပြီး သမ္မတဟာ ရာထူးတာဝန်ထမ်းဆောင်ဖို့ မသင့်ကြောင်း ကြေညာဖို့ တိုက်တွန်းခဲ့ပါတယ်။
အခြားတစ်ဖက်ကလည်း သမ္မတကို ရာထူးက ဖယ်ရှားနိုင်ဖို့ စွပ်စွဲပြစ်တင်တဲ့ လုပ်ငန်းစဥ်တွေ စမယ်လို့ ပြောလိုက်ပါတယ်။
ဒီလို ဖိအားတွေကြောင့် ဒေါ်နယ်ထရမ့်က နောက်ဆုံးမှာတော့ လွှတ်တော်ဝင်ရောက်စီးနင်းမှုကို "အလွန်ဆိုးရွားတဲ့ တိုက်ခိုက်မှု" ပဲလို့ ရှုတ်ချလိုက်ပါတယ်။
ထရမ့် ထောက်ခံလှည့်လည်ပွဲ တစ်ခုမှာ ပါဝင်ခဲ့တဲ့ မစ္စ ဘက်ဘစ် (ညာ)ဗုဒ္ဓဟူးနေ့က အကြမ်းဖက်မှုတွေဟာ နိုဝင်ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ရဲ့ အနိုင်ရ လဒ် လွှတ်တော်မှာ အတည်ပြုတာကို ကန့်ကွက်ဆန္ဒပြကြဖို့ သမ္မတထရမ့်က အားပေးတိုက်တွန်းပြီး နာရီပိုင်းအကြာမှာ ဖြစ်လာခဲ့တာပါ။
လွှတ်တော်အဓိကရုဏ်းနဲ့ ပတ်သက်ပြီး အဲဒီရဲတပ်ဖွဲ့ဝင် သေဆုံးမှု အပါအဝင် စုစုပေါင်း သေဆုံးသူ ၅ ဦး ရှိပြီဖြစ်ပါတယ်။
လွှတ်တော်လုံခြုံရေးရဲတပ်ဖွဲ့ဝင် ဘရိုင်ယန် ဆစ်နစ်ဟာ ဆန္ဒပြသူတွေနဲ့ ကိုယ်ထိလက်ရောက်ထိတွေ့ခဲ့ရာက ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
တခြား သေဆုံးသူ လေးဦးအနက် အမျိုးသမီးတစ်ဦးဟာ ရဲတပ်ဖွဲ့က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပြီး သူဟာ အမေရိကန် လေတပ်က အသက် ၃၅ နှစ်အရွယ် အက်ရှ်လီ ဘက်ဘစ် ဖြစ်ပါတယ်။ သူဟာ လွှတ်တော်ထဲ ဝင်ရောက်စဥ် လက်နက်ကိုင်ဆောင်ထားတာ မရှိဘူးလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်သေဆုံးသူတွေကတော့ ကျန်းမာရေးအရ အရေးပေါ်ကုသပေးဖို့ လိုအပ်ချက်တွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ဝါရှင်တန်ဒီစီမှာ ပြုလုပ်တဲ့ "မဲ မတရားလုယူမှု ရပ်" ဆန္ဒပြပွဲကို ဇန်နဝါရီ ၆ ရက် ဗုဒ္ဓဟူးနေ့မှာ ရောက်လာတဲ့ ထရမ့်သူတို့ဟာ ပန်ဆယ်လ်ဗေးနီးယားက အသက် ၅၀ နှစ်အရွယ် ဘန်ဂျမင် ဖိလစ်၊ အလာဘားမားက အသက် ၅၅ နှစ်အရွယ် ကက်ဗင် ဂရီဆန်၊ ဂျော်ဂျီယာက အသက် ၃၄ နှစ်အရွယ် ရိုဇန် ဘွိုင်လန်တို့ ဖြစ်ပါတယ်။
ဒီလွှတ်တော်အရေးမှာ ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုချိန်ထိ လွှတ်တော်အရေးနဲ့ ပတ်သက်လို့ ဖမ်းဆီးထားသူ ၆၈ ဦး ရှိပြီလို့ ဝါရှင်တန် ရဲတပ်ဖွဲ့က ပြောပါတယ်။
ဖမ်းဆီးထားသူတွေထဲက တစ်ဦးမှာ စစ်သုံး စက်သေနတ်တစ်လက်နဲ့ လက်လုပ်ဗုံး ၁၁ လုံး ပါလာတယ်လို့ ဝါရှင်တန် ဖက်ဒရယ် ရှေ့နေရုံးက ပြောပါတယ်။
ကြာသပတေးနေ့မှာတော့ လွှတ်တော်ပတ်လည်မှာ ၇ ပေအမြင့်ရှိတဲ့ သံဆန်ကာတွေကို တပ်ဆင်နေပြီး အဲဒီမှာ အနည်းဆုံး ရက် ၃၀ လောက်ကာထားမှာ ဖြစ်ပါတယ်။
လွှတ်တော်အဓိကရုဏ်းနဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတချို့အပြင် ထရမ့် အစိုးရ အုပ်ချုပ်ပိုင်းဆိုင်ရာဘက်က အဖွဲ့ဝင်တချို့လည်း ရာထူးက နုတ်ထွက်ခဲ့ကြပါတယ်။
BBC Burmese

No comments:
Post a Comment