မကွေး ဇန်နဝါရီ ၉
ငွေအလုခံရကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သူ တရားလိုမှာ ငွေကြေးအလွဲသုံးစားလုပ်သူဖြစ်သည်ကို မကွေးနယ်မြေရဲတပ်ဖွဲ့က ဖော်ထုတ်လိုက်ကြောင်း သိရသည်။
ကုမ္ပဏီအရောင်းဝန်ထမ်းတစ်ဦးဖြစ်သူ ကိုဇင်ကိုဦးက သူ၏ ငွေများ အလုခံရသည်ဟုဆိုကာ ဇန်နဝါရီ ၆ ရက်က မကွေးနယ်မြေရဲစခန်းသို့ တိုင်ကြားခဲ့ပြီးနောက်ပိုင်း ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
" သူက ကျွန်တော့်ပိုက်ဆံ သိန်း ၃၀ လောက် လုခံရတယ်လို့ ရဲစခန်းကို လာတိုင်တယ်။ သုခိတာလမ်းပေါ်က လဝကရုံး ရှေ့နားမှာ ဆိုင်ကယ်နှစ်စီးနဲ့ လူငါးယောက်က လုတာလို့ ပြောတယ်။ ဧရာဝတီနဲ့ KBZ ဘဏ်တွေမှာ ငွေသွားထုတ်ခဲ့တယ် လို့ ပြောတယ်။ အဲဒီနေရာတွေက CCTV တွေကို စစ်တယ်။ သူပြောသလို မတွေ့ရဘူး။ နယ်ထိန်း နဲ့ ဒုစရိုက်နှိမ်နင်းရေးအဖွဲ့တွေက လိုက်စုံစမ်းပြီး
စစ်ဆေးတော့တရားလိုကနေ တရားခံဖြစ်သွားတာပါ '' ဟု မကွေးနယ်မြေစခန်းမှူး ရဲအုပ် သန့်ဇင်ထွန်း က ရှင်းပြသည်။
ဇန်နဝါရီလ ၈ ရက်နေ့တွင် CENTURY BEVERAGE Co ltd ၏ အရောင်းကြီးကြပ်ရေးမှူးက ကုမ္ပဏီအရောင်းဝန်ထမ်း ကိုဇင်ကိုဦးကို ကုမ္ပဏီငွေ ၂၉ သိန်းခန့် ( ၂၈၉၅၂၆၉ ကျပ်) အလွဲသုံးစားပြုလုပ်သဖြင့် အရေးယူပေးရန် ရဲတပ်ဖွဲ့သို့ တိုင်ကြားခဲ့သည်။
မကွေးနယ်မြေရဲစခန်း၌ အဆိုပါကုမ္ပဏီဝန်ထမ်းကို အမှုဖွင့်ကာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ဇေယျတု (မကွေး)
Myanmaalinn

No comments:
Post a Comment