မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲကို အလုပ်မှထုတ်ပယ်ပြီး ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထား

ထိုင်းနိုင်ငံက အချုပ်ခန်းတစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ မြန်မာအမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့မှ ထုတ်ပယ်ခဲ့ပြီး ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုထားတယ်လို့  ဘန်ကောက်ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။ 

ထိုင်းရဲတပ်ဖွဲ့ရဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူ ဦးဆောင်တဲ့အဖွဲ့ဟာ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးကို ဇန်နဝါရီ ၁၉ ရက်မှာ လာရောက်တွေ့ဆုံပြီး အမှုနဲ့ပတ်သက်တဲ့ အရေးယူထားမှုအခြေအနေကို ရှင်းပြခဲ့တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပြစ်မှုကျူးလွန်သူ တရားခံကို ဇန်နဝါရီ ၁၄ ရက်မှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပယ်ခဲ့ပြီး အဓမ္မပြုကျင့်မှု ပုဒ်မ ၂၇၆၊ တာဝန်ဝတ္တရားပျက်ကွက်မှု ပုဒ်မ ၁၅၇၊ အချုပ်ခန်းတံခါးကို အမိန့်မပါဘဲဖွင့်ခြင်း ပုဒ်မ ၂၀၄ တို့နဲ့ တရားစွဲထားကြောင်း၊ အမှုစစ်ဆေးစဉ် ပြစ်မှုထပ်မံတွေ့ရှိရပါက စွဲချက်မှာ ဖြည့်စွက်ပြီး တရားစွဲမှာဖြစ်ကြောင်းနဲ့ အမှုကို ထိထိရောက်ရောက်အရေးယူဆောင်ရွက်ရန် ထိုင်းနိုင်ငံအကြီးအကဲတွေက မှာကြားထားကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ 

မြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းကလည်း ပြစ်မှုကျူးလွန်သူကို ထိရောက်တဲ့ပြစ်ဒဏ်ပေးရေး၊ ပြစ်မှုအလွယ်တကူကျုးလွန်နိုင်အောင် အခွင့်အရေးပေးသူ၊ အားပေးအားမြှောက်ပေးကြသူတွေကိုပါ ဖော်ထုတ်အရေးယူပေးဖို့နဲ့ ကျုးလွန်ခံရသူအမျိုးသမီးအတွက် လူနဲ့ စိတ် လုံခြုံမှု ရှိစေပြီး ထိခိုက်ခံစားရမှုကို ကုစားဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကျူးလွန်ခံရသူဟာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းနိုင်ငံ၊ စူရတ်ဌာနေခရိုင်၊ ကော့စမွေကျွန်းရဲအချုပ်ခန်းမှာ ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ ခုလို ကျူးလွန်ခံရတာဖြစ်ပါတယ်။


ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-MOFA

https://www.facebook.com/BBCnewsBurmese

မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲကို အလုပ်မှထုတ်ပယ်ပြီး ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထား မြန်မာအမျိုးသမီးကို အဓမ္မပြုကျင့်တဲ့ ထိုင်းရဲကို အလုပ်မှထုတ်ပယ်ပြီး ပုဒ်မ ၃ ခုဖြင့်အမှုဖွင့်ထား Reviewed by THITHTOOLWIN on 02:10 Rating: 5

No comments:

Powered by Blogger.