ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ရပ်တည်ရေး အခက်ကြုံ

ထိုင်းနိုင်ငံ စမွတ်ဆာခွန်းခရိုင်မှာ ပုစွန်စျေးမှာ ကိုဗစ်စစ်ဆေးဖို့ တန်းစီနေကြသူများ။ (ဒီဇင်ဘာ ၂၀၊ ၂၀၂၀)

ထိုင်းနိုင်ငံမှာ ကိုဗစ်ပိုးကူးစက်မှု စံချိန်တင် ပြန်တက်လာတာကြောင့် အလုပ်ရှင်တွေက ကန့်သတ်ချက်သစ်တွေ ထုတ်ပြန်အပြီးမှာ မြန်မာအများစုဖြစ်တဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြား အလုပ်ရရေးနဲ့ ဆက်ရှင်သန်နိုင်ရေး ရုန်းကန်နေရတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ဘန်ကောက်မြို့တောင်ပိုင်းက Samut Sakhon ပြည်နယ်မှာ ပင်လယ်စာစျေးကနေ မနှစ် နှစ်ကုန်ပိုင်းကစခဲ့တဲ့ လက်ရှိကူးစက်မှုထဲ အထူးသဖြင့် ပင်လယ်စာလုပ်ငန်းကဏ္ဍက ဒီရွှေ့ပြောင်းလုပ်သားများစွာ အလုပ်မလုပ်နိုင်ဘဲ အစိုးရထောက်ပံ့မှုလည်း မရကြဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

ဒီအလုပ်သမားတွေကို ဥပဒေပိုင်း အခမဲ့ကူညီပေးနေတဲ့ လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းအဖွဲ့ ညွှန်ကြားရေးမှူး Papop Saimhan က ဒီကူးစက်မှု မြင့်တက်လာနေတာကို မထိန်းချုပ်နိုင်ရင် ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စိုးရိမ်နေတယ်လို့ ပြောလိုက်ပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ နေ့စဉ်ကူးစက်သူ ၂၀၀ ကျော်ရှိလာပြီး စုစုပေါင်း ပိုးတွေ့ထားသူ ၉,၈၄၀ ကျော်နဲ့ သေဆုံးသူပေါင်း ၆၇ ဦး မြင့်တက်လာကာ ဒီဗိုင်းရပ်စ် စဖြစ်ကတည်းကဆိုရင် အဆိုးဆုံးအခြေအနေကို ရင်ဆိုင်နေရပါတယ်။

အခုလို ကူးစက်မှု ပြန်မြင့်မားလာနေတာအတွက် Samut Sakhon ပြည်နယ်က ပင်လယ်စာလုပ်ငန်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေထဲ အများဆုံးဖြစ်တဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအပေါ် လူအများက အပြစ်ပုံချမှုတွေ ရှိနေပါတယ်။

ဒီပြည်နယ်ထဲမှာ တရားဝင်စာရင်းသွင်းထားတဲ့ ရွှေ့ပြောင်းလုပ်သား ၂၆၀,၀၀၀ ခန့်ရှိတယ်လို့ အစိုးရ အချက်အလက်တွေမှာ ဖော်ပြထားပေမယ့် လူ့အခွင့်အရေး အဖွဲ့တွေကတော့ တကယ်တမ်းမှာ အထောက်အထားမဲ့ လုပ်သားတွေပါ ထည့်တွက်ရင် ၄၀၀,၀၀၀ ကျော်နိုင်တယ်လို့ ဆိုပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-migrant-workers-thailand/5731174.html

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ရပ်တည်ရေး အခက်ကြုံ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ရပ်တည်ရေး အခက်ကြုံ Reviewed by THITHTOOLWIN on 00:38 Rating: 5

No comments:

Powered by Blogger.