ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက အမေရိကန် လွှတ်တော်အဆောက်အဦထဲ စီးနင်း ဝင်ရောက်ခဲ့သူတွေထဲ ပါဝင်ခဲ့သူတွေကို ထပ်ပြီး ဖမ်းဆီးလိုက်ပါတယ်။
ဒီဆူပူမှု အဓိကရုဏ်းမှာ ပါဝင်ခဲ့တဲ့ သမ္မတ Trump ကိုထောက်ခံသူ အနောက်ဗာဂျီးနီးယားပြည်နယ် ရီပတ်ဘလီကန် လွှတ်တော်အမတ် Derrick Evans ကလည်း သူ ရာထူးကနုတ်ထွက်ကြောင်း စာတကြောင်းရေးသားပြီး မနေ့တုန်းက ပြည်နယ်အုပ်ချုပ်ရေးမှူး Jim Justice ဆီကို ရေးသားပေးဖို့ခဲ့ပါတယ်။
Evans က လွှတ်တော်အဆောက်အဦထဲ ဝင်ရောက်တဲ့အချိန်မှာ Facebook ကနေ တိုက်ရိုက်ထုတ်လွှင့်ခဲ့တာပါ။ အစောပိုင်းတုန်းကလည်း သူက လွှတ်တော်အဆောက်အဦထဲကို ဝင်ပြီး ဆူပူလှုပ်ရှားမှုတွေ လုပ်မယ်လို့ Facebook ပေါ်ကနေ ပြောဆိုခဲ့ပါတယ်။ သူ့ကို တားမြစ်နယ်မြေထဲ ဝင်ရောက်မှုနဲ့ လွှတ်တော်ထဲ တရားဥပဒေမဲ့ ပြုမူမှုတွေနဲ့ တရားစွဲဆိုထားပြီး ပြစ်မှုထင်ရှားရင် အစိုးရအကျဉ်းထောင်မှာ ထောင်ဒဏ် ၁ နှစ်ခွဲ ကျခံရမှာဖြစ်ပါတယ်။
ဒါ့အပြင် အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Pelosi ရဲ့ရုံးခန်းထဲအထိ ဝင်ရောက်ခဲ့တဲ့ Arkansas ပြည်နယ် Little Rock က Richard Barnett ဆိုသူကိုလည်း သောကြာနေ့ မနက်ပိုင်းက ဖမ်းဆီးလိုက်ပါတယ်။
သူက Nancy Pelosi ရဲ့ ရုံးခန်းထဲက အလုပ်စားပွဲပေါ်မှာ ခြေထောက်တင်ပြီး ဓာတ်ပုံရိုက်ခဲ့တာပါ။ သူ့ကိုတော့ တားမြစ်နယ်မြေထဲ ဝင်ရောက် ဆူပူလှုပ်ရှားမှု၊ လွှတ်တော်ထဲ တရားဥပဒေမဲ့ ပြုမူမှုနဲ့ ပြည်သူပိုင်ငွေကြေး၊ ပိုင်ဆိုင်မှုနဲ့ စာရွက်စာတမ်းတွေကို ခိုးယူမှုနဲ့ တရားစွဲဆိုထားပါတယ်။
အသက် ၆၀ အရွယ်ရှိတဲ့ Barnett မှာ အပြစ်ရှိကြောင်း ထင်ရှားရင် သူဟာ ထောင်ဒဏ်တနှစ်ထိ ကျခံရနိုင်ပါတယ်။ အခု သူ့ကို Arkansas ပြည်နယ်မှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မြို့တော်ဝါရှင်တန်ကို တရားခံလွှဲပြောင်းပေးသွားမှာ ဖြစ်ပါတယ်။
အခုဆူပူမှုနဲ့ ပတ်သက်လို့ သူတို့ ၂ ဦးကို ဝါရှင်တန်ဒီစီ ပြည်ထောင်စုတရားရုံးမှာ တရားစွဲဆိုထားပါတယ်။ နောက်ထပ် ဒီအဓိကရုဏ်းမှာ ပါဝင်ခဲ့သူတွေနဲ့ ညမထွက်ရအမိန့် ချိုးဖောက်သူ လူ ၄၀ လောက်ကို ဒီစီ ဒေသဆိုင်ရာ တရားရုံးချုပ်မှာ စွဲချက်တင်ထားပါတယ်။
အခုထိကြေညာထားတဲ့ ဖမ်းဆီးခံရသူတွေစာရင်းက ဗုဒ္ဓဟူးနေ့က လွှတ်တော်အဆောက်အဦထဲ ဝင်ရောက် ဆူပူလှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို (FBI) ရဲ့ စုံစမ်းစစ်ဆေးမှု အစပိုင်းသာ ရှိသေးတယ်လို့ FBI ညွှန်ကြားရေးမှူး Christopher Wray က ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)

No comments:
Post a Comment