မင်းပြားမှာ ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ

မင်းပြားမှာ ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို မြင်တွေ့ရစဉ် / Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် စပါးထားကျေးရွာမှာ ဒီနေ့နေ့လယ်က ပေါက်ကွဲမှုဖြစ်လို့ အမျိုးသမီး တစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူဟာ အသက် ၄၅ နှစ်အရွယ် ဒေါ်လှသန်းဝေဖြစ်ပြီး ၁၆နှစ်အရွယ် ကိုကျော်နု (ခေါ်) တောင်ကျော်၊ မစိုးသန်းနု၊ ၂၆နှစ်အရွယ် ကိုဦးသန်းရွှေမောင်၊ ၂၅ နှစ်အရွယ် ကိုကျော်ကျော်၊ အသက် ၄၀ အရွယ် ဒေါ်နုနုသန်း၊ ၂၃ နှစ်အရွယ် မသန်းဌေး၊ အသက် သုံးနှစ်အရွယ် မအေးအေးမိုးနဲ့ ငါးနှစ် အရွယ် မအေးစိုးချေတို့က ဒဏ်ရာရခဲ့ကြတယ်လို့ စပါးထားကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်က ပြောပါတယ်။

အဲဒီအထဲက ကိုကျော်နု(ခေါ်)တောင်ကျော်၊ ကိုဦးသန်းရွှေမောင်နဲ့ ဒေါ်နုနုသန်းတို့ သုံးဦးဟာ ဒဏ်ရာ ပြင်းထန်တဲ့အတွက် မြောက်ဦးခရိုင်ဆေးရုံကိုပို့ထားပြီး သေဆုံးသူကို မင်းပြားဆေးရုံနဲ့ ကျန်လူနာတွေကိုတော့ မြောင်းဘွေဆေးရုံကို ပို့ဆောင်ထားတယ်လို့ဆိုပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီကျော်အချိန်လောက်က ရွာထဲမှာ ကျယ်လောင်တဲ့ ပေါက်ကွဲသံတစ်ချက် ကြားရတဲ့အတွက် ရွာလူကြီးတွေက သွားကြည့်ရာမှာ နေအိမ်တစ်ခုနားမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို တွေ့ရတာလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

ဒေသခံအချို့ကတော့ စစ်ကျန်လက်နက်ကြီး ပေါက်ကွဲတာလို့ ပြောဆိုပေမယ့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမျိုးဇော်အောင်ကတော့ လူနာတွေကို အရေးပေါ်ပို့ဆောင်နေရလို့ ပေါက်ကွဲတဲ့အကြောင်းရင်းကို မစိစစ်ရသေးဘူးလို့ ပြောပါတယ်။

စပါးထားကျေးရွာနဲ့ သုံးဖာလုံလောက်အကွာမှာ ပြီးခဲ့တဲ့နှစ်က ရက္ခိုင့်တပ်တော် (AA)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ဖူးပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/one-died-eight-injured-in-minbya-01102021060212.html

မင်းပြားမှာ ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ  မင်းပြားမှာ ပေါက်ကွဲမှုကြောင့် အရပ်သား တစ်ဦးသေဆုံး၊ ရှစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 00:54 Rating: 5

No comments:

Powered by Blogger.