ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်အတွင်းမှာရှိတဲ့ စင်းဘောကိုင်း စစ်ဘေးရှောင်စခန်းမှာနေထိုင်တဲ့ စစ်ဘေးရှောင်တွေဟာ ဆောင်းတွင်းကာလ စောင်မရှိလို့ မီးဖိုပြီးနေကြရတယ်လို့ ဒုက္ခသည်တွေနဲ့ စခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။
အဲ့ဒီစစ်ဘေးရှောင်စခန်းဟာ မြောက်ဦးမြို့ရဲ့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာ လေးမြို့မြစ်အထက်ပိုင်း စင်းဘောကိုင်းကျေးရွာ အနီးမှာတည်ရှိပြီး အိမ်ထောင်စု ၇၇၀၊ လူဦးရေ ၃၈၈၈ ဦးနေထိုင်နေပါတယ်။
ဒီစခန်းဟာ မြောက်ဦးမြို့နယ်အတွင်းက အကြီးဆုံးစစ်ဘေးရှောင်စခန်းတွေထဲမှာ ပါဝင်ပါတယ်။
၂၀၁၉ ခုနှစ် ဇွန်လက လေးမြို့မြစ်အတွင်း တပ်မတော်နဲ့ အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ကြတဲ့အတွက် အဲ့ဒီဒေသခံကျေးရွာသားတွေဟာ စင်းဘောကိုင်း ကျေးရွာကို ထွက်ပြေးလာခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီစခန်းမှာ ခိုလှုံနေကြသူတွေဟာ လေးမြို့မြစ်ကြောင်းအတွင်းမှာရှိတဲ့ မော်ရွာသစ်၊ မော်ရွာဟောင်း၊ ဘုရားကြီး၊ ခြိတ်ချောင်း၊ စာပေါင်၊ ကုန်းရွာနဲ့ ပလက်ဝမြို့နယ်အတွင်းက ရောက်ရှိလာသူတွေလည်း ရှိနေပြီး ရခိုင်၊ ချင်း၊ မြိုစတဲ့ မျိုးနွယ်စုတွေ စုပေါင်းနေထိုင်နေကြတာ ဖြစ်ပါတယ်။
ရခိုင်၊ချင်းနဲ့မြို တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ စစ်ဘေးရှောင်စခန်းဒုက္ခသည်မိသားစုတွေမှာ ခြုံစရာစောင်ပါးတစ်ထည်၊ နှစ်ထည်လောက်စီသာ ရှိကြပြီး အဲ့ဒီစောင်တွေဟာလည်း ပြီးခဲ့တဲ့နှစ်က အရပ်ဘက်အဖွဲ့အစည်းတွေ လှူဒါန်းပေးထားတဲ့စောင်တွေဖြစ်တယ်လို့ စခန်းအတွက်အကူအညီပေးနေတဲ့ မြတန်ဆောင်း ဆရာတော်က မိန့်ပါတယ်။
ရခိုင်ဆောင်းဟာ အလွန်အေးပြီး တစ်ရက်ထက်တစ်ရက် အအေးပိုလာတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပြီ ဖြစ်တာကြောင့် စစ်ဘေးရှောင်မိသားစုတွေမှာ စောင်မလုံလောက်တဲ့အတွက် အနွေးဓာတ်ရရှိဖို့ မီးဖိုပြီးအိပ်ကြရတာတွေ၊ အိပ်နေရင်းမီးထလှုံ ကြရတာတွေ ရှိတယ်လို့ စခန်းတွင်းမှာနေထိုင်တဲ့ ဒေါ်အောင်ရံစိန်က ပြောပါတယ်။
"ဆောင်းရာသီဖြစ်နေတော့ အသက်ကြီးပိုင်းတွေမှာလည်း ခြုံစရာစောင်တွေမရှိဘူး။ တော်တော်လေးကို ခက်ခက်ခဲခဲကြုံနေ ရပါတယ်။ စောင်တစ်ထည်တည်းနဲ့ မိသားစုတွေဝိုင်းဝန်းပြီးတော့ခြုံကြရတယ်။ မနက်အရုဏ်တွေမှာ ထပြီးမီးလှုံကြရတယ်။ မီးတွေဖိုပြီး အိပ်ကြရတယ်။ အနွေးထည်တွေလည်း ရှိတာလေးတွေဝတ်ပြီး ကုတ်ကတ်လို့နေကြရတယ်"လို့ ဒေါ်အောင်ရံစိန်က ပြောပါတယ်။
မြောက်ဦးမြို့ဟာ ရခိုင်မှာ ဆောင်းတွင်းကာလ အအေးဆုံးမြို့တွေထဲပါဝင်ပြီး စင်းဘောကိုင်းကျေးရွာ တည်ရှိတဲ့ လေးမြို့မြစ် ကြောင်းဒေသဟာ မြင့်မားတဲ့ တောင်တန်းတွေရဲ့ကြားမှာ တည်ရှိတာကြောင့် အအေးဓာတ်ပိုများတဲ့နေရာတစ်ခုလည်း ဖြစ် ပါတယ်။
အဲ့ဒီစခန်းကိုအကူအညီပေးဖို့တာဝန်ယူထားတဲ့ ကမ္ဘာ့ကြက်ခြေနီကော်မတီ ICRC ကို အကူအညီတောင်းခံခဲ့ရာမှာလည်း အခုနှစ်အတွက် ဒုက္ခသည်တွေကို စောင်တွေထောက်ပံ့ပေးဖို့ အစီအစဉ်မပါရှိတာကြောင့် ပေးလို့မရဘူးလို့ပြောဆိုကြောင်း ဆက်လက်မိန့်ကြားပါတယ်။
ဆရာတော်ဟာ စင်းဘောကိုင်းစခန်းက ဒုက္ခသည်တွေစောင်ရရှိရေးအတွက် အွန်လိုင်းကနေ အလှူခံနေပြီး ရတာတွေကိုထောက်ပံ့ပေးသွား မှာဖြစ်သလို ဒီကိစ္စနဲ့ပတ်သက်လို့ အစိုးရကိုတော့ အကူအညီတောင်းခံဖို့မရှိကြောင်း ပြောပါတယ်။
သွားလာရေးခက်ခဲတဲ့ စင်းဘောကိုင်းစခန်းအတွက် အရပ်ဘက်အဖွဲ့တွေဆီက အကူအညီရရှိမှု အလွန်နည်းတယ်လို့ဆိုအစိုးရဆီကို အရင်က ဆန်အကူအညီတောင်းဖူးပေမဲ့ ပုံမှန်မရတာကြောင့် အကူအညီ တောင်းဖို့ အစီအစဥ်မရှိဘူးလို့ ပြောပါတယ်။
အဲ့ဒီစခန်းဟာ လူဦးရေများပြားတဲ့စခန်းဖြစ်တာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့လည်း ငွေရေးကြေးရေးအခက်အခဲ ရှိတဲ့အတွက် စောင်တွေနဲ့အနွေးထည်တွေ ထောက်ပံ့ပေးဖို့အခက်အခဲရှိတယ်လို့သိရပါတယ်။
မြောက်ဦးမြို့နယ်အတွင်းမှာ ဒုက္ခသည်စခန်းပေါင်း ၂၇ ခုရှိပြီး မြို့ပေါ်စခန်းတွေနဲ့ ကုန်းလမ်းဆက်သွယ်ရေးကောင်းမွန်တဲ့ စခန်းတွေအတွက် ပရဟိတအဖွဲ့တွေ မကြာခဏဆိုသလို ရောက်ရှိကြတာကြောင့် အကူအညီတွေရရှိကြပေမယ့် သွားလာရေးခက်ခဲတဲ့ စင်းဘောကိုင်းစခန်းကတော့ အကူအညီရရှိမှုအလွန်နည်းပါးတဲ့စခန်းတစ်ခုဖြစ်ပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေမဖြစ်တော့ပေမယ့် အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လေးမြို့ဒေသဘက်ကို သွားလာခွင့် ပိတ်ပင်ခံထားရဆဲပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းက ဒုက္ခသည်စခန်းအားလုံးမှာတော့ ဆောင်းတွင်းကာလ အနွေးထည်နဲ့ စောင်လိုအပ်မှုတွေရှိနေပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေကပေးတာတွေလောက်ပဲ ရရှိကြတာဖြစ်တယ်လို့ သိရပါတယ်။
BBC Burmese

No comments:
Post a Comment