သမ္မတထရမ့်ပ် အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်သူတွေ ပိုတိုးလာ

ရာထူးကနေ နုတ်ထွက်ကြောင်း ပထမဆုံးကြေညာခဲ့တဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး Elaine Chao ၂၀၁၉ ခုနှစ်တုန်းက မြို့တော် ဝါရှင်တန်ဒီစီမှာ မိန့်ခွန်းပြောနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၉၊ ၂၀၁၉)

သမ္မတ Donald Trump အပေါ်ထောက်ခံတဲ့ လူအုပ်ကြီး လွှတ်တော်အဆောက်အဦးထဲ ဗုဒ္ဓဟူးနေ့က အတင်းဝင်ရောက်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပြီး ကြာသပတေးနေ့က Trump အစိုးရ ဝန်ကြီးအဖွဲ့ထဲက ဝန်ကြီး ၂ ယောက် ရာထူးကနေ နုတ်ထွက်သွားပါတယ်။

ရာထူးကနေ နုတ်ထွက်ကြောင်း ပထမဆုံးကြေညာသူက သယ်ယူပို့ဆောင်ရေးဝန်ကြီး Elaine Chao ဖြစ်ပါတယ်။ သူကတော့ သမ္မတရဲ့ နိုင်ငံရေးမဟာမိတ် အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ရဲ့ ဇနီးဖြစ်ပါတယ်။ သူ့အပေါ်ထောက်ခံသူတွေကို သမ္မတ Trump မိန့်ခွန်းပြောခဲ့ပြီးနောက်မှာ နိုင်ငံအတွက် စိတ်ဒဏ်ရာရစရာ အဖြစ်အပျက်တွေဖြစ်ခဲ့တာမို့ သူ့အနေနဲ့ ဒီအတိုင်းနေလို့ မဖြစ်တော့ဘူးဆိုပြီး နုတ်ထွက်ရတာလို့ ပို့ဆောင်ရေးဝန်ကြီးရဲ့ နုတ်ထွက်စာထဲမှာ ဖော်ပြထားပါတယ်။ သမ္မတရဲ့ စကားအဖြစ်ပြောမှုတွေကြောင့် ဖြစ်ရတဲ့ အကြမ်းဖက်မှုတွေအပေါ် အင်မတန် စိတ်မသက်မသာဖြစ်ရတယ်လို့ ပြောကြားပါတယ်။

သမ္မတရဲ့ စကားအဖြစ်ပြောဆိုမှုတွေကြောင့် ဒီလိုအခြေအနေရောက်ရတာလို့ ဆိုပြီး ပညာရေးဝန်ကြီး Betsy DeVos ကလည်း နုတ်ထွက်စာတင်ခဲ့ပါတယ်။ လွှတ်တော်အပေါ် အကြမ်းဖက်တိုက်ခိုက်တဲ့လုပ်ရပ်က ဘယ်လိုမှ အဓိပ္ပါယ်မရှိ လက်မခံနိုင်ဘူးလို့ နုတ်ထွက်စာထဲမှာ ရေးသားထားပါတယ်။

အိမ်ဖြူတော်အရာရှိချုပ်တာဝန်ယူခဲ့ပြီး မြောက်ပိုင်း Ireland အထူးသံတမန်အဖြစ် လက်ရှိဆောင်ရွက်နေတဲ့ Mick Mulvaney ကလည်း သူ့ရာထူးတာဝန်ကနေ နုတ်ထွက်သွားပါတယ်။ တခြားအစိုးရတာဝန်ရှိသူတွေလည်း ရာထူးကနေ နုတ်ထွက်ဖို့ စဉ်းစားနေကြတယ်လို့ သူကဆိုပါတယ်။ သူနဲ့စကားပြောခဲ့သူတွေ နုတ်ထွက်စာ မတင်ကြသေးတာက ပိုဆိုးတဲ့သူတွေကို သမ္မတက အစားထိုးခန့်မှာ စိုးကြလို့ဖြစ်တယ်လို့ Mick Mulvaney က CNBC ရုပ်သံဌာနကို ပြောကြားခဲ့ပါတယ်။

စီးပွားကူးသန်းဌာနရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေး ဒုလက်ထောက် John Costello ကလည်း အမေရိကန်ဒီမိုကရေစီစနစ်ရဲ့ မဏ္ဍိုင်ကို မကြံုဖူးတဲ့ တိုက်ခိုက်မှုဖြစ်အောင် သမ္မတက သွေးထိုးပေးခဲ့တယ်လို့ ဆိုခဲ့ပါတယ်။ Trump ရဲ့တရုတ်မူဝါဒရေးရာ ထိပ်တန်းတာဝန်ရှိသူ Matt Pottinger လည်း နုတ်ထွက်စာတင်ထားပါတယ်။ သမ္မတကတော် Melania Trump ရဲ့ အရာရှိချုပ် Stephanie Grisham၊ အိမ်ဖြူတော်ပြန်ကြားရေး ဒုဝန်ကြီး Sarah Matthews၊ အိမ်ဖြူတော် လူမှုရေးဆိုင်ရာဝန်ကြီး Rickie Niceta တို့လည်း ရာထူးအသီးသီးကနေ နုတ်ထွက်သွားကြပါတယ်။ ခုလိုနုတ်ထွက်မှုတွေနဲ့ ပတ်သက်လို့ အိမ်ဖြူတော်ဘက်ကတော့ တစုံတရာ ပြောကြားခြင်း မရှိသေးပါဘူး။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/us-trump-adm-resignations/5729842.html

သမ္မတထရမ့်ပ် အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်သူတွေ ပိုတိုးလာ သမ္မတထရမ့်ပ် အစိုးရအဖွဲ့ထဲကနေ နုတ်ထွက်သူတွေ ပိုတိုးလာ Reviewed by THITHTOOLWIN on 01:08 Rating: 5

No comments:

Powered by Blogger.