အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေး မြန်မာနဲ့ အိမ်နီးချင်းတွေကို ပေးပို့

အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်တဲ့ AstraZeneca ကိုဗစ်ကာကွယ်ဆေး။ (ဇန်နဝါရီ ၁၆၊ ၂၀၂၁)

အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေ မြန်မာနိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေကို ဒီကနေ့ပဲ ပေးပို့လိုက်တာကြောင့် မကြာခင် ရောက်လာတော့မယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

အိန္ဒိယနိုင်ငံက ကိုဗစ်ရောဂါ ကာကွယ်ဆေးတွေကို မြန်မာ၊ ဘူတန်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မော်လ်ဒိုက်နဲ့ ဆေရှဲတို့ကို ဒီကနေ့ပဲ စတင်ပို့ဆောင်လိုက်ကြောင်း သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း သီရိလင်္ကာ၊ အာဖဂန်နစ္စတန်နဲ့ မော်ရေးရှပ်စ် နိုင်ငံတို့ကို တင်ပို့သွားမှာပါ။ မြန်မာနိုင်ငံကတော့ လူဦးရေ ၁၅ သန်းစာအတွက် မှာယူထားပြီး၊ ဒီအထဲက ပထမအသုတ်အဖြစ် ရောက်လာတဲ့ အခါမှာတော့ ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင်၊ ၆၅ နှစ်အထက် အရွယ်ရှိသူတွေကို ဦးစားပေး အစီအစဉ်နဲ့ ထိုးနှံပေးမှာ ဖြစ်ကြောင်းလည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"အိန္ဒိယကနေ ပေးပို့မယ့်ကာကွယ်ဆေးတွေက ဒီနေ့ကစပြီး ပေးပို့တာဖြစ်တဲ့အတွက်ကြောင့် ရှေ့အပတ်အနည်းငယ်အတွင်းမှာပဲ ကျမတို့ဆီရောက်ရှိလာနိုင်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယီ လာတုန်းကလည်း ကာကွယ်ဆေးအလုံးရေ ၃၀၀,၀၀၀ ကို မြန်မာနိုင်ငံကိုပေးပို့ လှူဒါန်းမယ်ဆိုပြီးတော့ ပြောထားတာလည်းရှိပါတယ်။ ကာကွယ်ဆေးတွေကတော့ တဖွဲဖွဲနဲ့တော့ ရောက်ရှိဖို့ရှိပါတယ်။ ရောက်ရှိတဲ့ကာကွယ်ဆေးတွေအပေါ် မူတည်ပြီးတော့ ကာကွယ်ဆေးတွေကို အဆင့်လိုက်သက်ဆိုင်ရာ ကာကွယ်ဆေး ထိုးသင့်တဲ့ လူအုပ်စုပေါ် မူတည်ပြီးတော့ ထိုးနှံပေးမှာဖြစ်ပါတယ်။"

အိန္ဒိယနိုင်ငံက ကမ္ဘာ့အကြီးဆုံး ဆေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India နဲ့ ဗြိတိန်အောက်စ်ဖို့ တက္ကသိုလ်တို့ ပူးတွဲသုတေသနလုပ် ထုတ်လုပ်မယ့် ကာကွယ်ဆေးကိုတော့ Covishield လို့ အမည်ပေးထားပြီး ရောဂါကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံကို ကာကွယ်ဆေး ရောက်လာတဲ့အခါမှာ လိုအပ်တဲ့သူတွေကို အမြန်ဆုံး ထိုးနှံပေးဖို့ ပြင်ဆင်ထားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ကာကွယ်ဆေးတွေ ရရှိပြီဆိုတာနဲ့ ကာကွယ်ဆေးထိုးနှံမယ့်လူအုပ်စုတွေ အမြန်ဆုံးရောက်ရှိပြီးတဲ့အခါကျရင် ကာကွယ်ဆေးထိုးစုရပ်တွေမှာ ကာကွယ်ဆေးထိုးနှံဖို့။ ကာကွယ်ဆေးထိုးနှံပြီးတဲ့အခါမှာလည်း နောက်ဆက်တွဲဖြစ်ရပ်တွေ ဖြစ်ပွားမှုမရှိစေဖို့အတွက် လိုအပ်တဲ့ အရေးပေါ်ဆေးတွေကအစ အဆင်သင့်ထားရှိပြီးမှ ကာကွယ်ဆေးထိုးဖို့။ ကာကွယ်ဆေးထိုးပြီးတဲ့အခါမှာလည်း ထိုးတဲ့သူတွေကို Electronic Registration နဲ့ မှတ်တမ်းတင်ဖို့။ ဒါမျိုးကိစ္စရပ်တွေကို ဇာတ်တိုက်လေ့ကျင့်ခန်းတွေ ဆောင်ရွက်တာလည်း အကြိမ်ပေါင်းများစွာရှိပြီ ဖြစ်ပါတယ်။"

ကမ္ဘာမှာ ကိုဗစ်ရောဂါပိုး ကူးစက်မှု အမေရိကန်ပြီးရင် ဒုတိယအများဆုံးအဖြစ် သေဆုံးသူ ၁၅၀,၀၀၀ ကျော်နဲ့ ကူးစက်သူ ၁၀ သန်းကျော် ရှိနေတဲ့ အိန္ဒိယနိုင်ငံမှာတော့ ရောဂါတိုက်ဖျက်ရေး ရှေ့တန်းက ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်း ၆၃၀,၀၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးထားပြီးပြီလို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၉၀၀ ကျော်ရှိနေပြီး ရောဂါကူးစက်ခံရသူကတော့ ၁၃၅,၀၀၀ ကျော် ရှိနေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/india-vaccine-myanmar-covid/5744805.html

အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေး မြန်မာနဲ့ အိမ်နီးချင်းတွေကို ပေးပို့ အိန္ဒိယနိုင်ငံ ကိုဗစ်ကာကွယ်ဆေး မြန်မာနဲ့ အိမ်နီးချင်းတွေကို ပေးပို့ Reviewed by THITHTOOLWIN on 00:59 Rating: 5

No comments:

Powered by Blogger.