တပ်မတော်က အာဏာသိမ်းမယ်၊ မသိမ်းဘူး ပြောလို့ မရကြောင်း တပ်မတော် ပြောခွင့်ရသူ ပြော

အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော်ပြော

တပ်မတော်က ထုတ်ပြန်တဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းတွေ မှန်ကန်ကြောင်းနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီကနေ့ အင်္ဂါနေ့မှာ နေပြည်တော်မှာ ပြုလုပ်တဲ့ တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ ပတ်သက်လို့ နယ်မြေတချို့မှာ မဲသမာမှုတွေနဲ့ မဲစာရင်း မှားယွင်းမှုတွေ ရှိနေတယ်လို့ တပ်မတော်က အခိုင်အမာ ပြောနေခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့ကိုလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံတော် သမ္မတထံ တင်ပြ တောင်းဆိုထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း မဲမသမာမှုတွေကို ရှင်းလင်းပေးဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက တောင်းဆိုလိုက်ပြီး လက်ရှိ မြို့နယ် ၃၀၀ ကျော်က မဲစာရင်းတွေကို စိစစ်တဲ့အခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ် တွေ့ရှိရတယ်လို့လည်း ပြောကြား ခဲ့ပါတယ်။

မြို့နယ် ၃၀၀ ကျော်က မဲစာရင်းတွေကို စိစစ်တဲ့အခါ မဲမသမာမှု ၈ သန်း ၆ သိန်းကျော် စိစစ် တွေ့ရှိရတယ်လို့ တပ်မတော်ပြော

ရွေးကောက်ပွဲပြီးနောက်ပိုင်း တပ်မတော်က ထုတ်ပြန်နေတဲ့ ထုတ်ပြန်ချက်တွေကြောင့် တပ်မတော်ရဲ့ သဘောထားအပေါ် စိုးရိမ်မှုတွေ ပေါ်ထွက်နေပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တစ်ဦးက တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ ရပါသလား လို့ မေးတဲ့အခါ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက "မရပါဘူး။ ကျွန်တော် ပြောတဲ့အထဲမှာ ပါပြီးသား ဖြစ်တယ်။ တပ်မတော်အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် လက်ရှိ တည်ဆဲ ဥပဒေတွေအတိုင်း လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်" လို့ ပြန်လည် ဖြေကြား သွားခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ လိုက်နာမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသွားတဲ့အတွက် တပ်မတော်အနေနဲ့ အာဏာသိမ်းလိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်သွားမယ့် အခြေအနေ ရှိနေတာကြောင့် အာဏာသိမ်းမယ့်ပုံ မရှိဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်ကတော့ သုံးသပ်ပါတယ်။

ဒါပေမဲ့လည်း တခြား တစ်နည်းနည်းနဲ့ အာဏာလွှဲယူတာမျိုးတွေ ဖြစ်ချင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

လောလောဆယ်မှာ လုံခြုံရေးတွေ ချထားတဲ့အတွက် တင်းမာမှုတွေ ရှိနေတယ်လို့ ယူဆရကြောင်းလည်း သူက ပြောပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ အရတော့ အရေးပေါ် အခြေအနေ ပေါ်ပေါက်ရင် သမ္မတအနေနဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာလုံ) အစည်းအဝေး ခေါ်ယူပြီး နိုင်ငံတော်အာဏာကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ လွှဲအပ်နိုင်ပါတယ်။

ဒါပေမဲ့ သမ္မတက သဘောမတူရင်တော့ အာဏာသိမ်းလို့ မရဘဲ အဲဒီကြားက အာဏာသိမ်းမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး ၁၉၆၂၊ ၁၉၈၈ ခုနှစ်ကလို အာဏာသိမ်းတဲ့ ဖြစ်စဉ်လို ဖြစ်သွားမယ်လို့ ဥပဒေပညာရှင် ဦးကြီးမြင့်က ထောက်ပြထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရကတော့ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် အစည်းအဝေးမှာ အစိုးရအဖွဲ့သစ် ဖွဲ့ဖို့ ဥပဒေအတိုင်း ဆက်လက် ဆောင်ရွက်နေပြီး လွှတ်တော်တက်မယ့် တပ်မတော်သား အစုအဖွဲ့က ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် တခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေ နေပြည်တော်မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55811085

တပ်မတော်က အာဏာသိမ်းမယ်၊ မသိမ်းဘူး ပြောလို့ မရကြောင်း တပ်မတော် ပြောခွင့်ရသူ ပြော  တပ်မတော်က အာဏာသိမ်းမယ်၊ မသိမ်းဘူး ပြောလို့ မရကြောင်း တပ်မတော် ပြောခွင့်ရသူ ပြော Reviewed by THITHTOOLWIN on 23:49 Rating: 5

No comments:

Powered by Blogger.