ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည်

ပြည်သူ့လွှတ်တော်။

၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ခေါ်ယူတဲ့ တတိယအကြိမ် ပြည်သူ့လွှတ်တော် မနက်ဖြန်မှာ စတင်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် တင်မြှောက်ခြင်းနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ကတိသစ္စာ ခံယူကြမယ့် ပြည်သူ့လွှတ်တော်ကျင်းပရေး COVID-19 စည်းကမ်းချက်နဲ့အညီ ပြင်ဆင်နေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မဆုမွန် မေးမြန်းတင်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကနေ ပြည်သူအများရဲ့ မဲဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၃၁၅ ဦးမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၅၈ နေရာရရှိပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂၆ နေရာ ရရှိပါတယ်။ နောက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က ၁၃ နေရာ၊ ရခိုင်အမျိုးသားပါတီ (ANP) က ၄ နေရာ စသဖြင့်လည်း အသီးသီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ တနင်္လာနေ့မှာတော့ လွှတ်တော်အသီးသီးအနက် ပြည်သူ့လွှတ်တော်ကို ပထမဆုံး ခေါ်ယူကျင်းပတာ ဖြစ်ပါတယ်။ မနက် ၁၀ နာရီက စတင်ကျင်းပမယ့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေးမှာတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်သစ်တွေ လွှတ်တော်ရှေ့မှောက် ကတိသစ္စာပြုကြမှာ ဖြစ်ပါတယ်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက မနက်ဖြန် ပြည်သူ့လွှတ်တော် ကျင်းပမယ့် အစီအစဉ်တွေ ဗွီအိုအေကို ပြောပြပါတယ်။

"ကျနော်တို့တွေ မနက်ဖြန်မှာ လွှတ်တော်စတက်ရမှာပေါ့။ အဲ့လို စတက်ကြဖို့ကို စီစဉ်ထားတဲ့အတိုင်း ကျနော်တို့က ယာဉ်တန်းနဲ့အတူ ပြည်သူ့လွှတ်တော်ကို သွားရမှာပေါ့နော်။ အားလုံး ကျနော်တို့ မနက် ၉ နာရီ ၄၅ မိနစ်လောက်မှာ နေရာယူပြီးသား ဖြစ်ဖို့တော့ သိထားပါတယ်။ အားလုံး စုရပ်မှာ မနက် ၈ နာရီကနေ ၈ ခွဲဆိုလို့ရှိရင် စုရပ်ကနေ ကားတွေ တန်းစီပြီး ထွက်မှာပေါ့နော်။ သူတို့စီစဉ်ထားတဲ့ ယာဉ်တန်းနဲ့ ထွက်မှာပေါ့နော်။ အခုသိထားတဲ့ အစီအစဉ်တွေအတိုင်းပဲ ဆက်လက်ပြီးတော့ ကျင်းပမှာပေါ့နော်။ လွှတ်တော်ဥက္ကဋ္ဌ ဒုဥက္ကဋ္ဌတွေ ရွေးချယ်မယ်။ အခုလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ်နဲ့ အဲ့ဒီ့အတွက် ကျနော် စိတ်လှုပ်ရှားပါတယ်၊ ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဒါက ပထမဆုံး ကိုယ့်အတွေ့အကြုံလည်းဖြစ်လို့ ဝမ်းလည်း ဝမ်းသာပါတယ်။ မိဘပြည်သူတွေကနေ မဲပေးရွေးချယ်လိုက်တဲ့အတွက် အထူးပဲ ကျေးဇူးတင်ပါတယ်။ နောက် မကြာခင်သော ကာလမှာ အစိုးရဖွဲ့တဲ့အခါမှာလည်း ပါဝင်ခွင့်ရမှာဖြစ်လို့ ဝမ်းသာဂုဏ်ယူမိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းအတိုင်း ကဏ္ဍအသီးသီးကို အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်သွားဖို့ ရှိပါတယ်။"

နိုင်ငံမှာ ကပ်ရောဂါ COVID-19 ဖြစ်ပွားနေဆဲကာလ ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 ကူးစက်ပြန့်ပွားမှု ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းချက်တွေနဲ့ အညီ လွှတ်တော်ကို ကျင်းပမှာ ဖြစ်ပါတယ်။ တက်ရောက်မယ့် လွှတ်တော်ကိုယ်စားလှယ်တိုင်း၊ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ကိုဗစ်ပိုးရှိမရှိ နှစ်ကြိမ်စစ်ပြီး ကာကွယ်ဆေးတွေ ထိုးနှံပေးထားတယ်လို့လည်း ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်စွာဦးက ပြောပြပါတယ်။

"မကျင်းပခင် လတွေကတည်းက ပြည်ထောင်စုလွှတ်တော် နာယကကြီး အပါအဝင် ကျင်းပရေး ဗဟိုကော်မတီဖွဲ့ပြီးတော့ သေချာ သူတို့ ပြင်ဆင်ထားတာကို သိရပါတယ်။ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးကို ပိုးနှစ်ကြိမ်စစ်တယ်။ နဂ္ဂတစ်ဖြစ်ပြီဆိုတော့ ပထမဆုံးအကြိမ် ကာကွယ်ဆေးထိုးပေးတယ်။ နောက်တကြိမ်ကတော့ ဖေဖော်ဝါရီလကုန်လောက်မှာ ကျနော်တို့ကို နောက်တကြိမ် ထပ်ထိုးပေးမှာပေါ့။

“အဲ့တော့ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် တတ်နိုင်သလောက် သူတို့ စီစဉ်ပေးထားပါတယ်။ ကျနော်တို့ Social Distancing ခပ်ခွာခွာနေလို့ရအောင် စားပွဲဝိုင်းတွေကအစ သေချာလေး စနစ်တကျ စီစဉ်ထားတာကိုလည်း တွေ့ရပါတယ်။ ကျနော်တို့ကိုလည်း Mask တွေ Face Shield တွေ သေချာပေးထားပြီးတော့ အပြည့်အစုံ တပ်ဖို့ပေါ့နော်၊ အဲ့ဒါလေးတွေ စီစဉ်ထားတယ်။ နောက်တခုက လွှတ်တော်ခန်းမကြီးကလည်း ကြီးတဲ့အတွက်ကြောင့်မို့လို့ Social Distancing အတွက် ကောင်းကောင်း စီစဉ်ထားမယ်လို့ ယူဆပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ စံချိန်စံညွှန်းတွေနဲ့အညီ လွှတ်တော်ကျင်းပမယ်လို့ ယုံကြည်ပါတယ်။”

အခုလို နေပြည်တော်မှာ လွှတ်တော်တွေ ကျင်းပဖို့ စီစဉ်နေချိန်မှာပဲ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်အဖြေနဲ့ ပတ်သက်ပြီး ကျေနပ်လက်ခံနိုင်ခြင်း မရှိတာကြောင့်ဆိုပြီး ဒီကနေ့ စနေနေ့အထိ ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်အနီးမှာ တပ်မတော်ထောက်ခံသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

အဓိက အတိုက်အခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီတချို့နဲ့ တပ်မတော်ဘက်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို မဲရလဒ်အဖြေနဲ့ မဲစာရင်းတွေ ပြန်တိုက်ပြီး စစ်ဆေးဖြေရှင်းပေးဖို့လည်း တောင်းဆိုနေတာပါ။ ဒီအတွက် အခု လွှတ်တော်သစ်မခေါ်ခင် လွှတ်တော်ဟောင်းခေါ်ပြီး အထူးအစည်းအဝေး ကျင်းပဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ဥပဒေအရဆိုရင် လွှတ်တော်ဟောင်းက ဒီကနေ့ဆိုရင် ပျက်ပြယ်သွားပြီဖြစ်ပြီး နောက်ဆုံး ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ လွှတ်တော်သစ်ကိုပဲ ခေါ်ယူရမှာဖြစ်ပါတယ်။ တချိန်တည်းမှာလည်း တပ်မတော်ဘက်က အာဏာသိမ်းနိုင်ခြေ ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် ဒီ တတိယအကြိမ်လွှတ်တော် ခေါ်ယူမှုကို ထိခိုက်မလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။


မဆုမွန်/ VOA Burmese

https://burmese.voanews.com/a/myanmar-pyithu-hluttaw/5758500.html

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် ရွေးချယ်တင်မြှောက်မည် Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.