တပ်မတော် အာဏာသိမ်းလိုက်ပြီလို့ ပြောခဲ့သူ ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံရ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈ (က) နဲ့ တရားစွဲဆိုခံရတဲ့ ဒေါ်တင်တင်စိုး ကို တွေ့ရစဉ် / Photo: TTS's FB
တပ်မတော်က အာဏာသိမ်းလိုက်ပြီဆိုပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ရန်ကုန်တိုင်း ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှာ နေထိုင်တဲ့ ဒေါ်တင်တင်စိုးကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၈ (က) နဲ့ မနေ့က တရားစွဲဆို အမှုဖွင့်ထားတယ်လို့ ဒလမြို့နယ် ရဲစခန်းမှာ ဒီနေ့ တာဝန်ကျတဲ့ တာဝန်မှူးက RFA ကို ပြောပါတယ်။
တရားလိုက ကျန်စစ်သားရပ်ကွက်က ဦးရွှေမြှားဆိုသူဖြစ်ပါတယ်။
တပ်မတော်အာဏာ သိမ်းလိုက်တာဟာ ၂၀၀၈ အခြေခံဥပဒေအရ သိမ်းလိုက်တာဖြစ်တယ်လို့ ဒေါ်တင်တင်စိုးက သူ့ရဲ့လူမှု ကွန်ယက်ဖေ့စ်ဘွတ်မှာ တိုက်ရိုက်ထုတ်လွှင့်စဉ်မှာ ပြောခဲ့တာပါ။
ဒေါ်တင်တင်စိုးဟာ ဇန်နဝါရီ ၁ ရက်နေ့ ညပိုင်းက သူ့ကိုယ်ပိုင်လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နှာမှာ ပြောခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့မှာ ရဲတပ်ဖွဲ့က အမှုဖွင့်လိုက်တာပါ။ လတ်တလော သူ့ကို ဖမ်းဆီးထိန်းသိမ်းတာ မရှိသေးဘူးလို့ ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်ကပြောပါတယ်။
ဒေါ်တင်တင်စိုးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကြံံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်ယှဉ်ပြိုင်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းရဲ့ မဲရုံကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။
ဆက်သွယ်ရေးပုဒ်မ ၆၈ (က) အရ မမှန်ကန်တဲ့ သတင်း အချက်အလက်ကို မရိုးမဖြောင့်တဲ့ သဘောနဲ့ ပို့လွှင့်ခြင်း၊ ဖြန့်ချိခြင်း၊ ပေးဝေခြင်း (သို့မဟုတ်) ပါဝင်လုပ်ဆောင်ခဲ့ရင် ၁ နှစ် ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံး ဖြစ်စေ ချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/sue-tintinsoe-who-rumour-in-social-media-01042021023024.html

No comments:
Post a Comment