မြန်မာ့နိုင်ငံရေးတင်းမာနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး စစ်ကားတွေလည်း တွေ့လာနေရ



 နိုင်ငံတော်အလံတွေ ကိုင်ပြီး ရွေးကောက်ပွဲ ကော်မရှင်ကို ကန့်ကွက်ဆန္ဒပြသူတွေကို ရန်ကုန်မြို့မှာ တွေ့ရ။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)

မကြာသေးခင်ရက်တွေက စလို့ နိုင်ငံရေးအရ တင်းမာမှုတွေ ပေါ်ပေါက်နေချိန်မှာပဲ မြန်မာနိုင်ငံက မြို့ကြီးတချို့မှာ လုံခြုံရေး စိုးရိမ်မှုတွေ ထွက်ပေါ်ခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲ လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ကြား တင်းမာမှုတွေ ထွက်ပေါ်နေချိန်မှာပဲ လုံခြုံရေး တင်းကြပ်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။ နိုင်ငံရေးတင်းမာမှု သတင်းတွေနဲ့အတူ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း ပြီးခဲ့တဲ့ ရက်ကပဲ လုံခြုံရေး တိုးမြှင့်လိုက်တာတွေ ရှိပေမဲ့အကြောင်းရင်းကိုတော့ မသိရဘူးလို့လည်း မြို့ခံံ တဦးဖြစ်တဲ့ ဦးစိုးနိုင်ကပြောပါတယ်။

"လောလောဆယ် ဒီဘက်ကနေ... နေပြည်တော်ကနေ အပြင်ထွက်မယ့်သူတောင်မှ ထောက်ခံစာနဲ့တောင်မှ အဆင်မပြေဘူးလို့ ပြောတယ်။ နေပြည်တော်ကနေလည်း အဝင်မခံဘူး။ နှစ် ရက်၊ သုံး ရက်လောက်တော့ ရှိသွားပြီ။"

ရန်ကုန်မြို့က ဆန္ဒပြမြင်ကွင်း။ (ဇန်နဝါရီ ၂၉၊ ၂၀၂၁)

သမ္မတနဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေကို ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုနဲ့ အရေးယူဖို့ အတိုက်အခံ ပြည်ထောင်စုနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မိတ်ဖက်ပါတီတွေရဲ့ စာချွန်တော်အမိန့်လျှောက်ထားမှုကို ပြည်ထောင်စု တရားလွှတ်တော်က လက်ခံသင့်၊ မသင့် ကြားနာခဲ့တဲ့ ဒီနေ့မှာပဲ နေပြည်တော်မှာ ရာဂဏန်းရှိတဲ့ အတိုက်အခံထောက်ခံသူ အင်အားစုတွေ မော်တော်ကားအစီး ၆၀ လောက်နဲ့ စုဝေးဆန္ဒပြခဲ့တဲ့ အတွက်လည်း လုံခြုံရေးကို တိုးမြှင့်ခဲ့ရပါတယ်။

ရွေးကောက်ပွဲအပြီး အစိုးရသစ်နဲ့ လွှတ်တော်တွေ စတင်မယ့် အချိန်မှာပဲ နိုင်ငံရေးအကြပ်အတည်းတွေလည်း ပေါ်ပေါက်နေတာပါ။ လွှတ်တော်တက်မယ့် ကိုယ်စားလှယ်တွေနေထိုင်နေကြတဲ့ နေပြည်တော် စည်ပင်ရိပ်သာနေရာ တဝိုက်မှာလည်း လုံခြုံရေးတိုးမြှင့်ထားတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အခြေအနေတွေ တည်တည်ငြိမ်ငြိမ် ရှိနေတယ်လို့လည်း ANP ရခိုင်အမျိုးသားပါတီက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်ကပြောပါတယ်

"ဒီမှာတော့ သိပ်ပြီးတော့ ထူးထူးခြားခြား အပြောင်းအလဲတော့ ဘာမှမရှိဘူး။ ဒီနေ့လည်း ပုံမှန်အတိုင်းပဲ။ ပုံမှန်လေးသွားနေတာပဲ။ ဒီကလုံခြုံရေးကတော့ ကျနော်တို့လာကတည်းက ပုံမှန်အတိုင်းထားထားတာပဲ။ ထူးထူးခြားခြား ပိုပြီးတော့ လုပ်တာတော့မဟုတ်ပါဘူး။"

လတ်တလော အခြေအနေတွေနဲ့ ပတ်သက်လို့ တပ်မတော်ပြောခွင့်ရသူအပြင် နေပြည်တော်က လုံခြုံရေးတာဝန်ရှိသူတွေနဲ့ အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးအတွက် လုံခြုံရေး တိုးမြှင့်မယ်လို့ သတင်းထုတ်ပြန်ထားတဲ့ နေပြည်တော်ကောင်စီက တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးတင်ထွန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ လုံခြုံရေးပိုင်းနဲ့ ပတ်သတ်လို့ မပြောနိုင်ကြောင်း ဗွီအိုအေကိုပြောပါတယ်။ နေပြည်တော်က သမ္မတရုံးမှာ လကုန်ရက် သောကြာနေ့တွေမှာ ပုံမှန်ကျင်းပလေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ဒီတပတ်မှာ ကျင်းပတာ မတွေ့ရပါဘူး။

ဒီနေ့ညနေပိုင်းမှာပဲ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က ရွေးကောက်ပွဲ ကော်မရှင်ရုံးအနီး တပ်မတော်ထောက်ခံသူ အင်အားရာချီ ဆန္ဒပြခဲ့ပြီး ကော်မရှင်ကို ကန့်ကွက်ဝေဖန်ခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း ဒီကနေ့မနက်ပိုင်းက တရားလွှတ်တော်ရုံးအနီး ဆန္ဒပြဖို့ စီစဉ်ထားတယ်ဆိုတဲ့ သတင်းတွေကြောင့် လုံခြုံရေးတိုးမြှင့်ထားခဲ့ရတယ်လို့ မြို့ခံတဦးဖြစ်တဲ့ ဦးသိန်းအောင်မြင့်က ဗွီအိုအေကို ပြောပါတယ်။

"တရားလွှတ်တော်ရုံးကို လာပြီးတော့ ဆန္ဒပြမယ်လို့ အသံကြားလို့ဆိုပြီး လုံခြုံရေးတွေချထားတာ တွေ့ခဲ့တာပဲခင်ဗျ။ မနက်ကတည်းကနေချထားတာ နေ့လယ်လောက်မှ ဘာသတင်းထပ်ရလို့လည်း မသိဘူး။ ပြန်ပြီးတော့ လူစုခွဲလိုက်တာတွေ့တယ်။ ဟိုနားကပဲ ပြမလိုလို၊ ဒီနားကပဲ ပြတော့မလိုလို.... အသံတွေကတော့ ကောလဟာလတွေကတော့ ထွက်နေတာပဲပေါ့နော်။"

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မဲမသာမှုတွေ ဖြစ်နိုင်ခြေရှိတယ်ဆိုပြီး တပ်မတော်က ပြောဆိုနေသလို အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကလည်း ရွေးကောက်ပွဲရလဒ်အပေါ် ကန့်ကွက်မှုတွေ ရှိနေရာက နိုင်ငံရေးတင်းမာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ တပ်မတော်ရဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တိုင်းပြည်အာဏာသိမ်းနိုင်ခြေ ရှိ၊ မရှိ သတင်းထောက်တွေရဲ့ အမေးကို ယတိပြတ် မငြင်းခဲ့သလို ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖွဲ့စည်းပုံကို မလိုက်နာရင် ဖျက်ပစ်ဖို့အထိ ပြင်းပြင်းထန်ထန် ပြောဆိုခဲ့တာပါ။ ဒီတပတ်ထဲမှာပဲ ရန်ကုန်နဲ့ နေရာတချို့မှာ တပ်မတော်က သံချပ်ကာယာဉ်တွေ ဖြတ်သန်းမောင်းနှင်တာလို သတင်းတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

မြန်မာသတင်းသမားတဦးဖြစ်တဲ့ ဦးသီဟသွေးကတော့ ရွေးကောက်ပွဲနောက်ပိုင်း နိုင်ငံရေးအားပြိုင်မှုတွေရဲ့ ရလဒ်အဖြစ် သုံးသပ်ပါတယ်။

"ဒီအားပြိုင်ပွဲမှာ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာတဲ့ ရလဒ်ကို အကြောင်းပြုပြီးတော့ နိုင်ငံရေး ဂုဏ်သိက္ခာအရပဲ ဖြစ်ဖြစ်၊ ရသင့်ရထိုက်တဲ့ဝေစုပဲဖြစ်ဖြစ် စသည်ဖြစ်ပေါ့နော်... အဲဒါတွေအားလုံးကို ပစ်မှတ်ထားပြီးတော့ ရည်ရွယ်ပြီးတော့ ကစားနေတဲ့ နိုင်ငံရေးအခင်းအကျင်းတွေလို့ မြင်ပါတယ်။"

မကြာခင် အစိုးရသစ်နဲ့ လွှတ်တော်တွေ ထွက်ပေါ်လာတော့မယ့် အချိန်မှာပဲ နိုင်ငံရေး တင်းမာမှုတွေ ပေါ်ပေါက်လာနေတဲ့အပေါ် စိုးရိမ်ကြောင်း ဒီကနေ့ပဲ မြန်မာနိုင်ငံအခြေစိုက် အနောက်နိုင်ငံသံရုံးတွေက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ရွေးကောက်ပွဲရလဒ်ကို အင်အားသုံးခြိမ်းခြောက်တဲ့ လုပ်ရပ်မျိုးကို လက်ခံမှာ မဟုတ်ကြောင်း ဗွီအိုအေကို ပြောဆိုခဲ့သလို၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း ရွေးကောက်ပွဲ ရလဒ်ကို လေးစားဖို့ သွေးထိုးလှုံ့ဆော်ပြီး တည်ငြိမ်မှုပျက်ပြားအောင် မလုပ်ဖို့ မနေ့တုန်းကပဲ သတိပေးထားပါတယ်။


ေမခ/ VOA Burmese

https://burmese.voanews.com/a/myanmar-election-2020-tatmataw/5756702.html

မြန်မာ့နိုင်ငံရေးတင်းမာနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး စစ်ကားတွေလည်း တွေ့လာနေရ မြန်မာ့နိုင်ငံရေးတင်းမာနေချိန် ဆန္ဒပြပွဲတွေဖြစ်ပြီး စစ်ကားတွေလည်း တွေ့လာနေရ Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.