ပိတ်မိနေတဲ့ တရုတ် မိုင်းလုပ်သားတွေဆီက စာကြောင့် ကယ်ဆယ်ဖို့ မျှော်လင့်ချက်တွေ ရှိလာ

မိုင်းတွင်းအဝကနေ ပေ ၂၀၀၀ လောက်မှာ မိုင်းလုပ်သားတွေ ပိတ်မိနေတယ်လို့ ယူဆရ

တရုတ်နိုင်ငံ ရွှေတွင်းတစ်ခုမှာ ပြီးခဲ့တဲ့ သီတင်းတစ်ပတ်က ပေါက်ကွဲမှု ဖြစ်ခဲ့အပြီး ပိတ်မိနေတဲ့ မိုင်းလုပ်သား ၁၂ ယောက် ခုချိန်ထိ အသက်ရှင်နေဆဲပဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

"ကယ်ဆယ်ရေး ကြိုးပမ်းမှုတွေ ရပ်မပစ်လိုက်ကြပါနဲ့"ဆိုတဲ့ စာတိုလေးတစ်စောင်ကို ပေါက်ကွဲမှု ဖြစ်ခဲ့အပြီး ၇ ရက်အကြာမှာ မိုင်းလုပ်သားတွေက ပို့ပေးခဲ့တယ်လို့ အစိုးရ မီဒီယာတွေမှာ ဖော်ပြထားပါတယ်။ ပေါက်ကွဲမှု ဖြစ်ခဲ့အပြီး မိုင်းတွင်းထဲမှာ ရှိနေတဲ့ နောက်ထပ် မိုင်းလုပ်သား ၁၀ ဦးရဲ့ ကံကြမ္မာကိုတော့ ခုချိန်ထိ မသိသေးဘဲ ရှိနေဆဲပါ။

တရုတ်နိုင်ငံမှာ မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်တာက အဆန်းမဟုတ်ဘဲ မကြာခဏ မိုင်းတွင်း ပေါက်ကွဲလေ့ ရှိတာဟာ ဘေးကင်း လုံခြုံစိတ်ချရမှု စည်းမျဉ်းတွေကို လိုက်နာဖို့ ပျက်ကွက်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ရှန်ဒေါင်းပြည်နယ် ယန်တိုင်းမြို့နားက ဟူရှန် မိုင်းတွင်းမှာ ဇန်နဝါရီလ ၁၀ ရက်နေ့က ပေါက်ကွဲမှု တစ်ခုကြောင့် ထွက်ပေါက် ပိတ်သွားခဲ့ပြီး မိုင်းလုပ်သား ၂၂ ဦး ပိတ်မိနေခဲ့တာပါ။

ပေါက်ကွဲမှုကြောင့် မိုင်းတွင်းအထဲနဲ့ ဆက်သွယ်ဖို့ စတပ်ဆင်ထားတာ မကြာသေးတဲ့ စကားပြောစနစ်လည်း ပျက်စီးသွားခဲ့ပါတယ်။

မိုင်းတွင်း လမ်းကြောင်းအပေါက် ကျဉ်းကျဉ်းလေး တစ်ခုကနေ မိုင်းလုပ်သားတချို့နဲ့ ကယ်ဆယ်ရေးသမားတွေ အဆက်အသွယ် လုပ်နိုင်ခဲ့တယ်လို့ အစိုးရ သတင်းမီဒီယာတွေက ဆိုပါတယ်။

အဲဒီ မိုင်းတွင်း အပေါက်ကျဉ်းထဲကို ကြိုးစ ချကြည့်တဲ့အခါ အထဲကနေ ကြိုးစကို ဆွဲတာ သိခဲ့ရပြီး နောက်ပိုင်းမှာ အဲဒီအပေါက်ထဲကို အစားအစာ၊ ဆေးဝါး၊ စက္ကူ၊ ခဲတံတွေ ချပေးခဲ့ပါတယ်။

အများစု အသက်ရှင်နေဆဲပဲလို့ စာတိုလေးကဆို

အဲဒီကနေ ပြန်ပို့ပေးတဲ့ စာတိုလေးအရ မိုင်းရဲ့ အလယ်ဆင့်မှာ လူ ၁၂ ဦး အသက်ရှင်နေဆဲ ရှိနေတယ် ဆိုတာကို သိခဲ့ရပါတယ်။ ကျန်တဲ့ လူ ၁၀ ဦးကတော့ သေသလား၊ ရှင်သလား ဆိုတာ အသေအချာ မသိရပါဘူး။

အဲဒီ မိုင်းလုပ်သား ၁၂ ဦးက အကိုက်အခဲ ပျောက်ဆေးနဲ့ အရောင်ကျဆေး အပါအဝင် နောက်ထပ် ဆေးဝါးတွေနဲ့ ဒဏ်ရာရထားသူတွေအတွက် ဆေးပတ်တီးတွေ ချပေးဖို့ တောင်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

မိုင်းတွင်းထဲမှာ ရေတွေ မြင့်တက်နေတယ်လို့လည်း သူတို့က ပြောပါတယ်။

မိုင်းတွင်း အဝင်ပေါက်ကနေ ပေ ၂၀၀၀ လောက် အောက်မှာ မိုင်းလုပ်သားတွေ ရှိနေတယ်လို့ ယူဆပြီး ကယ်ထုတ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ နောက်ထပ် ကယ်ဆယ်ရေး လမ်းကြောင်းအပေါက်တွေ အတော်များများကိုလည်း ဖောက်နေတယ်လို့ တရုတ် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

မိုင်းတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့အပြီး တစ်ရက်ကျော်အကြာမှာမှ သိခဲ့ရတဲ့အတွက် မိုင်းလုပ်သားတွေကို စကယ်ထုတ်နိုင်ဖို့ ကယ်ဆယ်ရေး သမားတွေအတွက် တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတယ်လို့ ကနဦးတုန်းက ယူဆခဲ့ကြတာပါ။

နာရီ ၃၀ လောက် အသိနောက်ကျခဲ့ရတဲ့အတွက် အဲဒီမြို့က ဒေသန္တရ ကွန်မြူနစ်ပါတီ အတွင်းရေးမှူးရော၊ မြို့တော်ဝန်ပါ အလုပ်ထုတ်ခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ မိုင်းတွင်း မတော်တဆ ဖြစ်မှုတွေဟာ ဘေးကင်းလုံခြုံမှု စည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်မှု နည်းပါးတာနဲ့ ဆက်နွှယ်နေပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက ကျောက်မီးသွေးတွင်းတစ်ခုမှာ ကာဘွန် မိုနောက်ဆိုဒ် ယိုစိမ့်ခဲ့ပြီး မိုင်းလုပ်သား ၂၃ ဦး သေဆုံးခဲ့ပါတယ်။

စက်တင်ဘာလတုန်းက ချုန်ကင်းမြို့ပြင်နားက နောက်မိုင်းတွင်းတစ်ခုမှာ ကွန်ဗေယာ စက်ခါးပတ်ကြိုး မီးစွဲလောင်ပြီး ကာဘွန်ဒိုင် မိုနောက်ဆိုဒ် ဓာတ်ငွေ့ အများအပြား ထွက်ခဲ့ရာကနေ မိုင်းလုပ်သား ၁၆ ဦး သေဆုံးခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလကလည်း နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်က ကျောက်မီးသွေးတွင်းတစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55657165

ပိတ်မိနေတဲ့ တရုတ် မိုင်းလုပ်သားတွေဆီက စာကြောင့် ကယ်ဆယ်ဖို့ မျှော်လင့်ချက်တွေ ရှိလာ ပိတ်မိနေတဲ့ တရုတ် မိုင်းလုပ်သားတွေဆီက စာကြောင့် ကယ်ဆယ်ဖို့ မျှော်လင့်ချက်တွေ ရှိလာ Reviewed by THITHTOOLWIN on 22:50 Rating: 5

No comments:

Powered by Blogger.