ကန်လွှတ်တော် ဝင်ရောက်ဆူပူသူ ၁၇၀ ကျော်ဖော်ထုတ်

လွှတ်တော်အဆောက်အဦးအပြင်ဘက်မှာ တွေ့ရတဲ့ သမ္မတ Trump ကို ထောက်ခံသူတချို့။ (ဇန်နဝါရီ ၆၊ ၂၀၂၁)

ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန် ကွန်ဂရက်လွှတ်တော် အဆောက်အဦးထဲ အတင်း ဖျက်ဆီး ဝင်ရောက်ပြီး ရုန်းရင်းဆန်ခတ်လုပ်ခဲ့တဲ့ဖြစ်ရပ်နဲ့ ဆက်စပ်ပြီးတော့ ရာဇဝတ်ကြောင်းနဲ့ တရားစွဲဆိုခံရနိုင်ခြေရှိသူ ၁၇၀ ကျော်ကို ဖော်ထုတ်ထားပြီးပြီလို့ အမေရိကန် တရားရေးဌာန ရှေ့နေတွေက အင်္ဂါနေ့မှာပြောပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်မှာ ပါဝင်သူတွေကို တနိုင်ငံလုံးမှာ ရှာဖွေဖော်ထုတ်နေတာကြောင့် လာမယ့်သီတင်းပတ်တွေအတွင်း လူ ရာပေါင်းများစွာထိ ဖြစ်သွားနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဝါရှင်တန် ဒီစီဒေသမှာ တရားစွဲဆိုထားသူ အရေအတွက်က ခုချိန်ထိဆိုရင် အယောက် ၇၀ ကျော်ရှိပြီဖြစ်ပြီး နောက်ထပ် အယောက် ၁၀၀ ထက်မနည်းကို တရားစွဲဖို့လည်း တရားရေးဌာနရှေ့နေတွေ လုပ်ဆောင်နေတယ်လို့ ဝါရှင်တန် ဒီစီ ယာယီရှေ့နေချုပ် Michael Sherwin က သတင်းထောက်တွေကို ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ကွန်ဂရက်လွှတ်တော်ထဲ ဖျက်ဆီးဝင်ရောက်ခဲ့တဲ့ထဲမှာ ပါခဲ့တဲ့ သမ္မတထရမ့်ပ်ကို ထောက်ခံသူတွေကို လေကြောင်းခရီးသွားလာခွင့် ပိတ်ပင်ကန့်သတ်ဖို့ အထက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် CHuck Schumer က တောင်းဆိုပါတယ်။ အဲဒီလူအုပ်ကြီးဟာ အစိုးရကို ပုန်ကန်ထကြွသူတွေဖြစ်တယ်လို့ မစ္စတာ Schumer က ခေါ်ဆိုပြီး နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်မှုဖြစ်တာကြောင့် လေကြောင်းနဲ့ ခရီးသွားလာခွင့်မပြုတဲ့ စာရင်းထဲမှာ ထည့်သွင်းသင့်တယ်လို့ ပြောပါတယ်။

အဲဒီလိုစာရင်းထဲမှာ ထည့်သွင်းရေးကိစ္စ "အလေးအနက်" စဉ်းစားနေတယ်လို့ FBI ကပြောပါတယ်။

ရုန်းရင်းဆန်ခတ် လုပ်ခဲ့သူတချို့ကို အစိုးရကို ဆန့်ကျင်ပုန်ကန်မှုနဲ့ လ ျှို့ဝှက်ပူးပေါင်းကြံစည်မှုဆိုင်ရာ ပိုပြီးပြင်းထန်တဲ့ စွဲချက်တွေနဲ့ တရားစွဲဖို့ နိုင်ငံတော်လုံခြုံရေးဆိုင်ရာနဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဆိုင်ရာ တရားရေးဌာန အကြီးတန်းရှေ့နေတွေပါဝင်တဲ့ အဖွဲ့တဖွဲ့ ဖွဲ့စည်းထားတယ်လို့ ဝါရှင်တန် ဒီစီ ယာယီရှေ့နေချုပ် Michael Sherwin ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/capitol-riot-charges/5735619.html

ကန်လွှတ်တော် ဝင်ရောက်ဆူပူသူ ၁၇၀ ကျော်ဖော်ထုတ် ကန်လွှတ်တော် ဝင်ရောက်ဆူပူသူ ၁၇၀ ကျော်ဖော်ထုတ် Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.