အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အဆောက်အဦး။ (စက်တင်ဘာ ၁၈၊ ၂၀၁၉)
ပြီးခဲ့တဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင် နှောက်ယှက်ပြီး ရွေးကောက်ခံ သမ္မတ Joe Biden ရဲ့ မဲဆွယ် စည်းရုံးရေးကို ထိခိုက်အောင် လုပ်ဆောင်ခဲ့တဲ့ ရုရှားသြဇာခံအဖွဲ့ဝင်တွေကို အမေရိကန် အစိုးရက အရေးယူလိုက်ပြီ ဖြစ်ပါတယ်။
ရုရှားက ကျောထောက်နောက်ခံပေးထားတဲ့ ရွေးကောက်ပွဲ ကြားဝင် နှောက်ယှက်ရေး စစ်ဆင်ရေးထဲ ပါဝင်ခဲ့တဲ့ ယူကရိန်းနိုင်ငံက လူ ပုဂ္ဂိုလ် ၇ ဦးနဲ့ ကုမ္ပဏီအဖွဲ့အစည်း ၄ ခုကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက အရေးယူလိုက်တာပါ။ အဲဒီ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းတွေ အားလုံးက ယူကရိန်း နိုင်ငံရေးသမား Andrii Derkach နဲ့ ဆက်နွယ် နေတာ ဖြစ်ပါတယ်။ Andrii Derkach ဟာ ရုရှားနိုင်ငံကိုယ်စားဆောင်ရွက်နေတဲ့ ရုရှား သူလျှိုလို့ အမေရိကန် တာဝန်ရှိသူတွေက ယူဆသတ်မှတ်ထားတာပါ။
၂၀၁၉ ခုနှစ်က စပြီး Derkach ဦးဆောင်တဲ့ အဖွဲ့က အမေရိကန် မီဒီယာတွေ၊ အမေရိကန် အခြေစိုက် လူမှုမီဒီယာ ပလက်ဖေါင်းတွေနဲ့ ဩဇာ ကြီးမားတဲ့ အမေရိကန်တွေကို အသုံးချအမြတ်ထုတ်ပြီး သတင်းမှားတွေ ထုတ်လွှင့်တယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။ ဒါ့အပြင်၊ အမေရိကန် တာဝန်ရှိသူတွေက ယူကရိန်းနိုင်ငံထဲ ခြစားမှု၊ ငွေကြေးခဝါချမှုတွေ ကျူးလွန်သလို တရားမဝင် နိုင်ငံရေး ဩဇာထူထောင်ဖို့ ကြိုးစားခဲ့တယ် ဆိုတဲ့ အထောက်အထားမဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်အောင်လည်း အဲဒီ အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
အထူးသဖြင့် သမ္မတ Donald Trump ရဲ့ ပုဂ္ဂိုလ်ရေး ရှေ့နေ Rudy Giuliani ကို သတင်းအချက်အလက်တွေ ပေးပို့ဖို့ ထင်ထင်ရှားရှား ဆောင်ရွက် ခဲ့တယ်လို့လည်း ဆိုပါတယ်။ အဲဒီအချိန်က ဒီမိုကရက်တစ် ကိုယ်စားလှယ် သမ္မတလောင်း Joe Biden ရဲ့ သား Hunter Biden နဲ့ ပတ်သက်လို့ မကောင်းသတင်းတွေကို Rudy Giuliani က စုဆောင်းနေချိန် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလတုန်းက Derkach က Giuliani နဲ့တွေ့ဆုံခဲ့တာပါ။
ဒါပေမဲ့ Joe Biden နဲ့ ဒီမိုကရက်တစ်ပါတီကို ထိခိုက်အောင် လုပ်နေတဲ့ ရုရှားရဲ့ ကြိုးပမ်း ဆောင်ရွက်ချက်တွေနဲ့ Derkach တို့ ဆက်စပ်နေကြောင်း အမေရိကန် တန်ပြန် ထောက်လှမ်းရေးဌာန တာဝန်ရှိသူတွေက သတိပေး အပြီး တစ်လ အကြာ လွန်ခဲ့တဲ့ စက်တင်ဘာလကတော့ ဘဏ္ဍာရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေက Derkach ကို ပိတ်ဆို့ အရေးယူ ခဲ့ပါတယ်။
တနင်္လာနေ့က အသစ်ချမှတ်လိုက်တဲ့ ပိတ်ဆို့ အရေးယူမှုတွေထဲ Derkach ရဲ့ အတွင်းစည်းထဲက လူတွေနဲ့ မီဒီယာ အဖွဲ့အစည်းတွေ ပါဝင်တယ်လို့ အမေရိကန် တာဝန် ရှိသူတွေက ပြောပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/us-election-sanctions/5734202.html

No comments:
Post a Comment