မြန်မာဘက်က လူမှောင်ခိုတွေတားဆီးရေး ထိုင်းအာဏာပိုင်တွေ တိုးမြှင့်လုပ်ဆောင်

တန်စောင်ရမ်းမြို့နယ် နယ်စပ်အနီး ဖမ်းဆီးလိုက်တဲ့ ရိုဟင်ဂျာနဲ့ မြန်မာအလုပ်သမားများ (ဓာတ်ပုံ - နယ်ခြားစောင့်တပ် - ဇန်နဝါရီ ၈၊ ၂၀၂၁)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိခဲ့ပြီးနောက် မြန်မာနိုင်ငံနဲ့ နယ်စပ်မှာ လူမှောင်ခိုမှုတွေကို ထိန်းချုပ်ဖို့ ထိုင်းအာဏာပိုင်တွေ ကြိုးပမ်းနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ပြောပြပေးပါမယ်။

ဘန်ကောက်မြို့မှာ တရားမဝင် ရောက်ရှိနေထိုင်နေတဲ့ ရိုဟင်ဂျာ ၁၈ ယောက်ကို အင်္ဂါနေ့က ထိုင်းအာဏာပိုင်တွေ ဖမ်းဆီးမိခဲ့ပြီး နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံနဲ့ နယ်စပ်က လူမှောင်ခိုသူတွေ လှုပ်ရှားရာနေရာတွေမှာ ရှာဖွေစစ်ဆေးနေတာ ဖြစ်ပါတယ်။ ထိုင်းရဲချုပ်ရဲ့ ညွှန်ကြားချက်အရ မြန်မာနိုင်ငံနဲ့နယ်စပ် ကန်ချနဘူရီနဲ့ တာ့ခ်ခရိုင်တွေမှာ ဆက်လက်ရှာဖွေ စစ်ဆေးမှုတွေ လုပ်နေကြောင်းလည်း ဘန်ကောက်မြို့တော်က လူဝင်မှုကြီးကြပ်ရေးဌာန ဒုရဲမှူး အာချီရင် ကိုင်ထောင်းက သတင်းထောက်တွေကို ပြောခဲ့တာပါ။

"ဘန်ကောက်မြို့ စိုင်းမိုင်ရပ်ကွက်မှာ ရိုဟင်ဂျာတွေကို ဖမ်းဆီးမိတဲ့ ကိစ္စနဲ့ ဆက်နွယ်ပြီး၊ အိမ်ရှင်အပြင် မလေးရှားနယ်စပ်ကို ပို့ဆောင်ဖို့ စီစဉ်နေတဲ့ မြန်မာနိုင်ငံသား နှစ် ဦးကိုလည်း ဖမ်းဆီးစစ်ဆေးနေကြောင်း ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။ တရားမဝင် နိုင်ငံခြားသားတွေ အစုလိုက်အပြုလိုက် ဝင်ရောက်လာနိုင်အောင် အားပေးကူညီခဲ့တဲ့ အစိုးရအရာရှိတွေကိုလည်း ဖေါ်ထုတ်အရေးယူဖို့ စုံစမ်းရေးအဖွဲ့က စစ်ဆေးနေပြီ။" လို့လည်း ဆိုပါတယ်။

ဘန်ကောက်မြို့မှာ ဖမ်းဆီးမိတဲ့ ရိုဟင်ဂျာတွေထဲမှာ ၇ ဦးဟာ ကိုဗစ်ရောဂါပိုး ကူးစက်နေတာ တွေ့ရှိရကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ကပ်ရောဂါကာလ နယ်စပ်ဒေသတွေမှာ လုံခြုံရေးတင်းကြပ်ထားချိန်မှာပဲ တာခ့်ခရိုင် မဲရမက်နဲ့ တန်စောင်ရမ်းမြို့နယ်တွေနဲ့ ထိစပ်နေတဲ့ မြန်မာနိုင်ငံနယ်စပ် တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေမှာ ရခိုင်ပြည်နယ်ကနေ ရောက်လာတဲ့ ရိုဟင်ဂျာ ရာဂဏန်းလောက် ရောက်ရှိနေပြီး လူမှောင်ခိုတွေ အကူအညီနဲ့ ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်ဖို့ စောင့်ဆိုင်းနေတယ်လို့ သတင်းရရှိထားကြောင်းလည်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ဒေသခံသတင်းတွေက ဖော်ပြနေကြပါတယ်။ နယ်စပ်ကို တရားမဝင် ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ သတင်းကြောင့် နယ်စပ်မှာ မနေ့ကစပြီး ထိုင်းနိုင်ငံက လုံခြံုရေးအင်အားတွေလည်း တိုးမြှင့်ထားပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှု မရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/rohingya-covid/5729786.html

မြန်မာဘက်က လူမှောင်ခိုတွေတားဆီးရေး ထိုင်းအာဏာပိုင်တွေ တိုးမြှင့်လုပ်ဆောင် မြန်မာဘက်က လူမှောင်ခိုတွေတားဆီးရေး ထိုင်းအာဏာပိုင်တွေ တိုးမြှင့်လုပ်ဆောင် Reviewed by THITHTOOLWIN on 18:01 Rating: 5

No comments:

Powered by Blogger.