ပန်းတောင်း ဇန်နဝါရီ ၁
ပဲခူးတိုင်းဒေသကြီး ပန်းတောင်း မြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာအနီး ပြည်- ရွှေဘုံသာ ကားလမ်းဘေး ခုံးဆင်း အကွေ့၌ ယနေ့နံနက် ၅ နာရီခန့်က ဆိုင်ကယ်တိမ်းမှောက်ပြီး မီးလောင် သေဆုံးမှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယနေ့ နံနက် ၅ နာရီ ခန့်က ပန်းတောင်းမြို့နယ် ရွှေဘုံသာ ကျေးရွာအုပ်စု ညောင်ပင်သာကျေးရွာ အနီး ပြည်-ရွှေဘုံသာ ကားလမ်း ဘေး ခုံးဆင်းအကွေ့၌ ဆိုင်ကယ် တိမ်းမှောက်၍ မီးလောင်သေဆုံးနေ ကြောင်း သတင်းအရ ပန်းတောင်း မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသန့်စိန်၊ တာဝန်မှူး ဒုရဲအုပ် ထက်ထက်အောင်၊ နဝဒေးရဲကင်းမှူး ဒုရဲအုပ်တင်အောင် မြင့်တို့အဖွဲ့သည် အမှတ်(၁၃) ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲအုပ်ကျော်လှ အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်း၊ ရွှေဘုံသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်တို့သည် အခင်းဖြစ်ရာနေရာသို့ သွားရောက် စစ်ဆေးရာ ပြည်- ရွှေဘုံသာကားလမ်း ဝဲဘက်ဘေး ခုံးဆင်းအကွေ့တွင် မီးလောင်ထားသည့် နံပါတ်မပါ ဆိုင်ကယ်မှာ ရွှေဘုံသာဘက်မှ ပြည်ဘက်သို့ဦးတည်ပြီး လမ်းယာဘက် ကွန်ကရစ်ခုံတွင်ထောင်လျက် ရှိပြီး ဆိုင်ကယ်၏ ယာဘက်နှစ်ပေခန့် တွင် အမျိုးသားတစ်ဦးမှာ မီးလောင် သေဆုံးနေသည်ကို တွေ့ရှိရသည်။
သေဆုံးသူမှာ စိုးဝင်းသူ(ခ)ကျန်ကျောင်း(၂၀နှစ်)ဖြစ်ကာ ရွှေဘုံသာ ကျေးရွာအုပ်စု နောင်ပင်သာကျေးရွာ တွင် နေထိုင်သူဖြစ်ပြီး ၎င်းမှာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက် ည ၁၂ နာရီ ခန့်တွင် မူးယစ်နေပြီး အော်ဟစ်ကာ ပြည်မြို့သို့ သွားမည်ပြောပြီး နေအိမ် မှ ထွက်သွားခဲ့ကြောင်း သိရသည်။
သေဆုံးမှုနှင့် ပတ်သက်ပြီး ပန်းတောင်းမြို့မရဲစခန်းမှ ဒုရဲအုပ် ထက်ထက်အောင်က ဆက်လက် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့်(ပန်းတောင်း)
Myanmaalinn

No comments:
Post a Comment