အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲအရာရှိ တရားစွဲခံရ

Photo- police CCTV မှတ်တမ်း

ထိုင်းနိုင်ငံက အချုပ်ခန်းတခုမှာ အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကိုအပြင်ထုတ်ပြီး အဓမ္မပြုကျင့်တဲ့ တာဝန်ကျ ရဲအရာရှိတဦးကို ရာထူးက ယာယီရပ်ဆိုင်းထားပြီး တရားစွဲထားတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက ထိုင်း-မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းက ဘိုဖွတ်အချုပ်ခန်းမှာ အချုပ်ကျခံနေရတဲ့ မြန်မာမိန်းကလေးတဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့ ညသန်းခေါင်အချိန်မှာ အချုပ်အခန်း အပြင်ကိုခေါ်ထုတ်ပြီး အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်ကြောင့် ထိုင်းရဲအရာရှိတဦးကို ရာထူးက ဖယ်ရှားပြီး တရားစွဲဆိုထားကြောင်း AAC အလုပ်သမားကူညီရေးအဖွဲ့က အလုပ်သမားရေးလှုပ်ရှားသူ ဦးရဲမင်းက အခုလိုပြောပြပါတယ်။

"ည တနာရီ မိနစ် ငါးဆယ်လောက်မှာ လာခေါ်ပြီးတော့ မိနစ် ၂၀ ကြာလောက် အဓမ္မပြုကျင့်တာပေါ့ ရဲတွေအမူ စစ်ဆေးတဲ့အခန်းထဲကိုခေါ်ပြီး ဆိုဖာခုံမှာပဲ လက်ထိပ်တန်းလန်းနဲ့ မတရားပြုကျင့်တာပေါ့။ အဲဒီရဲကို ရာထူးကနေ ဖယ်ရှားလိုက်တယ်ဆိုတာ ထိုင်းတီဗွီ သတင်းတွေမှာလည်း တက်တယ်။ ဒီရဲက မိန်းကလေးကို ခေါ်ထုတ်သွားတဲ့ CCTV သတင်းတွေလည်းတက်နေတယ်။ အခုထိုင်းရဲကတော့ အာမခံရသွားပြီလို့ သိရတယ် မြန်မာမိန်းကလေးကိုတော့ ကော့စမွေ ဆေးရုံကိုပို့ပြီးစစ်ဆေးတယ်။ ပြီးတော့ အဲဒီအချုပ်ခန်းထဲမှာပဲပြန်ထည့်ထားတယ်။ ဒီရဲက အာမခံရသင့်သလား မရသင့်ဘူလား ဆိုတာတော့ သူတို့ ဥပဒေအပေါ် မူတည်တာပေါ့"

အသက် ၂၁ နှစ်အရွယ် ရှိတဲ့မြန်မာမိန်းကလေးဟာ မူးယစ်ဆေးဝါးမှု သံသယနဲ့ ၂နှစ်ကြာ ထိုင်းထောင်ထဲမှာ ကျခံရပြီး နေရပ်ပြန်ပို့ဖို့ အတွက် အချုပ်ခန်းထဲမှာ နေရစဉ်ကာလမှာပဲ အခုလို အဓမ္မပြုကျင့်ခံရတာပါ။

မြန်မာမိန်းကလေးရဲ့ မိသားစုဝင်တွေက ကျူးလွန်သူကို အရေးယူနိုင်ဖို့ ရဲစခန်းမှာ အမူဖွင့်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လိုမြန်မာသံရုံးကိုလည်း အလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဆက်သွယ်အကြောင်းကြားပေးခဲ့တယ်လို့ ဆိုပါတယ်။

အချုပ်ကျနေစဉ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတဲ့ ဒီလိုအလားတူဖြစ်ရပ်တွေက ထိုင်းနိုင်ငံသူတွေ ကြားမှာရော၊ မြန်မာနိုင်ငံသူတွေကြားမှာပါ ဖြစ်တာတွေရှိခဲ့ပေမယ့် ကျူးလွန်ခံရသူတွေ ကိုယ်တိုင်က မပြောရဲတာ မတိုင်ကြားရဲတာတွေကြောင့် အမူမှန်တွေ မပေါ်ပေါက်ခဲ့ဘူးလို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြပါတယ်။ ဒီအမှုမှာတော့ တရားစွဲဆိုခံထားရတဲ့ ရဲဝန်ထမ်းဟာ မိန်းကလေးကို အလိုမတူပဲ အဓမ္မပြုကျင့်ခဲ့တာကို စုံစမ်းတွေ့ရှိခဲ့မယ်ဆိုရင်တော့ ထောင်ဒဏ် ၁၀နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်ကျခံရမှာဖြစ်ပါတယ်။


မအေးအေးမာ/VOA (Burmese)

https://burmese.voanews.com/a/myanmar-migrant-women-got-rape-by-thai-police-/5740000.html

အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲအရာရှိ တရားစွဲခံရ အချုပ်ကျနေတဲ့ မြန်မာမိန်းကလေးကို အဓမ္မပြုကျင့်မှုနဲ့ ထိုင်းရဲအရာရှိ တရားစွဲခံရ Reviewed by THITHTOOLWIN on 00:05 Rating: 5

No comments:

Powered by Blogger.