မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာတွင် နွားကျောင်းသူ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ


မတ္တရာ      ဇန်နဝါရီ    ၉

 ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာတွင် နွားမွေးမြူရေးလုပ်ကိုင်သူတစ်ဦး၏ နွားများ အား အငှားကျောင်းသော အမျိုးသမီးတစ်ဦးမှာ ဇန်နဝါရီ  ၈ရက်  ည၈နာရီခွဲ အချိန်က ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။

မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာနေ နွားမွေးမြူရေးလုပ်ကိုင်သူ၏ အငှားနွားကျောင်းသည့် တစ်ရွာ တည်းနေ ဒေါ်ထူး (၅၄)နှစ်၊  နှင့်အတူ ကျောင်းသူ(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦး၊ (၁၁)နှစ်အရွယ် ကလေးငယ်တစ်ဦးတို့သည် နွားများကျောင်းရန် ထွက်ခွာသွားခဲ့ပြီး ညနေ ၅နာရီခွဲ ခန့်တွင် ကလေးငယ်(၂) ဦးမှာ နွားများနှင့်အတူ ပြန်လည်ရောက်ရှိလာပြီး ဒေါ်ထူးမှာ နောက်မှလိုက်လာမည်ဟုပြောပြီး ပြန်လည်ရောက်ရှိ လာခြင်း မရှိသဖြင့် ဖုန်းဖြင့်ဆက်သွယ်ခေါ်ယူရာ ဖုန်းခေါ်ဆို၍ မရသောကြောင့် နွားမွေးမြူရေးလုပ်ငန်းရှင်နှစ်ဦး သည် နွားကျောင်းသည့်ကလေးငယ်တို့နှင့်အတူ လိုက်လံရှာဖွေခဲ့ရာ ဆည်တော်ကြီးကျေးရွာမြောက်ဘက် (၁)မိုင် ခန့်အကွာ၊ သင်္ချိုင်းအနီး ခြုံတောအတွင်း ဒေါ်ထူးအား မှောက်လျက်အနေအထားဖြင့်သွေးထွက်ဒဏ်ရာများရရှိကာ သေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ဆည်တော်ကြီးနယ်မြေရဲစခန်းသို့ လာရောက်အကြောင်းကြားခဲ့ရာ ဆည်တော် ကြီးနယ်မြေရဲစခန်း ရဲအုပ် ကျော်ကျော်သန့် ဦးစီးအဖွဲ့သည် သက်သေတို့နှင့်အတူ အခင်းဖြစ်အရပ်သို့ သွားရောက် စစ်ဆေးခဲ့ရာ ဒေါ်ထူးအား မှောက်လျက်အနေအထား ဖြင့် ဝဲဘက်ရင်အုံအထက်ထိုးသွင်းဒဏ်ရာ(၂)ချက်၊ ဝဲဘက် ရင်အုံအောက် ထိုးသွင်းဒဏ်ရာ (၂)ချက်၊ ဝဲနောက်ကျော ခါးအထက် ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ဖြင့် သေဆုံးနေ သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အလောင်းအား မတ္တရာပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ရာ မန္တလေးဆေးရုံကြီးသို့ ဆက် လက်လွှဲပြောင်းပို့အပ်ခဲ့သဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးမှ  လက်ခံစစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်မှ ဒေါ်ထူးအား အသက်သေဆုံးအောင်ပြုလုပ်သွားသူအား စုံစမ်းဖော်ထုတ်အရေးယူနိုင် ရေးအတွက် ဆည်တော်ကြီးနယ်မြေရဲစခန်းမှ အမှုဖွင့်၍ ပြစ်မှုကျူးလွန် သူအား စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


စိုးကျော်သူထွေး (မတ္တရာ)

Myanmaalinn

https://www.facebook.com/MYANMAALINNNEWS

မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာတွင် နွားကျောင်းသူ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာတွင် နွားကျောင်းသူ အမျိုးသမီးတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးနေ Reviewed by THITHTOOLWIN on 00:26 Rating: 5

No comments:

Powered by Blogger.