ဘရက်ဇစ် - ယူကေဝန်ကြီးချုပ်ရဲ့ ဖခင် ပြင်သစ်နိုင်ငံသားလျှောက်ထား

ဘရက်ဇစ်အရေး ဖခင် (ဘယ်)နဲ့ သားတို့ သဘောထား မတူခဲ့ကြ

ယူကေဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ဖခင် စတန်လီ ဂျွန်ဆင်က သူ့အနေနဲ့ ဥရောပသမဂ္ဂ အီးယူနဲ့ ပတ်သက်မှု ဆက်ရှိလိုတဲ့အတွက် ပြင်သစ်နိုင်ငံသား လျှောက်ထားမှု ဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၃၁ ရက် ကြာသပတေးနေ့မှာ ထုတ်ပြောလိုက်ပါတယ်။

အီးယူ ပါလီမန် အမတ်ဟောင်း တစ်ဦးဖြစ်တဲ့ စတန်လီဂျွန်ဆင်ဟာ ၂၀၁၆ တုန်းက ယူကေ အီးယူက ခွဲရေး တွဲရေး အဆုံးအဖြတ် ပြည်သူ့ဆန္ဒခံယူစဥ်က ခွဲမထွက်ရေးဘက်ကို မဲပေးခဲ့သူပါ။

သူက ပြင်သစ်နိုင်ငံသားဖြစ်လိုတာဟာ ပြင်သစ်နိုင်ငံနဲ့ မိသားစု ဆက်နွှယ်မှု ရှိလို့ပါလို့ ပြင်သစ် ရေဒီယို RTL ကိုပြောကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

ပြင်သစ်နိုင်ငံနဲ့ မိသားစု ဆက်နွှယ်မှု ရှိလို့ပါလို့ဆို

"ကျွန်တော်သဘောပေါက်တာထားတာက ကျွန်တော်က ပြင်သစ်သားပဲ။ ကျွန်တော့် အမေက ပြင်သစ်မှာမွေးတယ်။ သူ့အမေက လုံးဝပြင်သစ်၊ သူ့အဘိုးကရောပဲ။ ဒါကြောင့် ကျွန်တော့်အတွက် ကျွန်တော်နဲ့သက်ဆိုင်ခွင့်ရှိပြီးသားကို ပြန်တောင်းဆိုတာ။ ပြီးတော့ ဒါကို ကျွန်တော် ကျေနပ်တယ်" လို့ အသက် ၈၀ အရွယ် ဂျွန်ဆင်က ပြင်သစ်လို ပြောပါတယ်။

"ကျွန်တော်က ဥရောပသား တစ်ယောက် အမြဲ ဆက်ဖြစ်နေမှာပဲ။ အဲဒါ သေချာတယ်။ ဘယ်သူကမှလာပြီး ဗြိတိန်ကလူတွေကို ခင်ဗျားတို့ ဥရောပသား မဟုတ်ဘူးလို့ ပြောလို့မရဘူး။ အီးယူနဲ့ ဆက်နွှယ်မှုရှိတာက အရေးပါတယ် "လို့ သူက ဆက်ပြောပါတယ်။

သူ့ရဲ့ သားဖြစ်သူ ဘောရစ် ဂျွန်ဆင်က အီးယူကနေ ယူကေ ခွဲထွက်ရေးလှုပ်ရှားမှု ဦးဆောင်သူတစ်ဦး ဖြစ်ပါတယ်။

အီးယူအဖွဲ့အဝင်အဖြစ် ၄၈ နှစ်ကြာ ရှိခဲ့ပြီးနောက် ကြာသပတေးညမှာ ယူကေ အီးယူက တရားဝင် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဘရက်ဇစ်အရေးနဲ့ပတ်သက်ပြီး ဂျွန်ဆင်မိသားစုထဲမှာ သဘောထားကွဲခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ရဲ့ ညီမ ဂျာနယ်လစ် ရေချယ်ဂျွန်ဆင်က၂၀၁၇ ရွေးကောက်ပွဲ မတိုင်ခင် ဘရက်ဇစ်ကို ထပ်မံ ဆန့်ကျင်တဲ့အနေနဲ့ ကွန်ဆာဗေးတစ်ပါတီက ထွက်ပြီး လစ်ဘရယ်ဒီမိုကရက်ပါတီကို ပြောင်းသွားပါတယ်။

ဝန်ကြီးချုပ်ရဲ့ ညီဖြစ်သူ ကွန်ဆာဗေးတစ်အမတ် ဂျိုးဂျွန်ဆင်လည်း အစိုးရအဖွဲ့က ၂၀၁၈ မှာ နုတ်ထွက်ပြီး သူ့ရဲ့ အီးယူနဲ့ နီးစပ်တဲ့ ပတ်သက်မှုကို ပြသခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55499553

ဘရက်ဇစ် - ယူကေဝန်ကြီးချုပ်ရဲ့ ဖခင် ပြင်သစ်နိုင်ငံသားလျှောက်ထား  ဘရက်ဇစ် - ယူကေဝန်ကြီးချုပ်ရဲ့ ဖခင် ပြင်သစ်နိုင်ငံသားလျှောက်ထား Reviewed by THITHTOOLWIN on 01:43 Rating: 5

No comments:

Powered by Blogger.