မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ကျော်ပြီ


ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့သူ (၃၀၁၃) ယောက် ရှိသွားပါပြီ။

ရောဂါကူးစက်ခံရတဲ့သူ (၁၃၆၁၆၆) ယောက် ရှိပြီးတော့ အဲ့ဒီထဲက (၁၁၉၉၇၃) ယောက်ကတော့ ရောဂါပြန်လည်သက်သာပြီး ဆေးရုံက ဆင်းခွင့်ရသွားပါပြီ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနဲ့ ရောဂါကူးစက်ခံရတဲ့ လူနာသစ်နှုန်းတွေဟာ ပြီးခဲ့တဲ့နှစ်ကုန် ဒီဇင်ဘာလဆန်းပိုင်းကစပြီး သိသိသာသာ ကျဆင်းလာတာပါ။

အရင်က တနေ့ကို ပျမ်းမျှအားဖြင့် ရောဂါကူးစက်ခံရသူ ၁၅၀၀ လောက် နဲ့ သေဆုံးတဲ့သူ အယောက် ၃၀ လောက်ရှိခဲ့ရာကနေ အခုဆိုရင် တစ်နေ့ကို ရောဂါကူးစက်ခံရတဲ့သူ ပျမ်းမျှအားဖြင့် ၅၀၀ ဝန်းကျင်နဲ့ သေဆုံးတဲ့သူ ၁၅ ယောက်လောက်အထိ ကျသွားတာဖြစ်ပါတယ်။

ဒီကနေ့ သေဆုံးတဲ့သူ ၁၆ ယောက်ရှိပြီးတော့ အဲ့ဒီထဲက ၉ ယောက်ဟာ ရောဂါအခံနဲ့ သေဆုံးတဲ့သူတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးတဲ့သူ အများစုဟာ ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အိမ်နီးချင်း အိန္ဒိယနိုင်ငံကနေ မြန်မာက မှာယူထားပါတယ်။ မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတချို့က မှာယူထားတဲ့ ကိုဗစ် ၁၉ ကာကွယ်ဆေးတွေကို ဇန်နဝါရီလ (၂၀) ရက်နေ့ မနေ့ကစပြီး ဘူတန်နိုင်ငံကို ပို့ဆောင်လိုက်ပြီလို့ အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ဘူတန်နိုင်ငံကနေ တဆင့် သက်ဆိုင်ရာနိုင်ငံတွေကို ဆက်ပြီးတင်ပို့မှာပါ။

အိန္ဒိယနိုင်ငံကနေ မှာထားတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ မနက်ဖြန် မြန်မာနိုင်ငံကို ရောက်လာတော့မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ည ပြည်သူတွေကို ပြောတဲ့ မိန့်ခွန်းကနေ အသိပေးပြောပါတယ်။

ဒီရောက်လာတဲ့ ကာကွယ်ဆေးတွေကို ကျန်းမာရေးဝန်ထမ်းတွေ၊ ကိုဗစ်ကာကွယ်ရေးမှာ ပါဝင်နေတဲ့ စေတနာ့ဝမ်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေနဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ပထမသုတ်အနေနဲ့ ဦးစားပေးထိုးပေးသွားမယ်လို့ ဆိုပါတယ်။ နောက်ထပ်မှာထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဆက်ရောက်လာဖို့ရှိသလို ဆေးတွေရောက်လာတာနဲ့ တစ်နိုင်ငံလုံးကို ဦးစားပေးအစီအစဉ်အလိုက် အလှည့်ကျ ထိုးပေးသွားမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ကိုဗစ် ၁၉ ကြောင့် သေဆုံးနှုန်းရော ရောဂါကူးစက်ခံရနှုန်း အများဆုံး ကမ္ဘာ့နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက နံပါတ် (၇၁) နိုင်ငံမြောက်စာရင်းဝင်ထားပြီးတော့ ဒေသတွင်း အာဆီယံ ဆယ်နိုင်ငံထဲမှာတော့ မြန်မာနိုင်ငံဟာ တတိယမြောက် သေဆုံးနှုန်းအများဆုံးနိုင်ငံဖြစ်ပြီးတော့ စတုတ္ထမြောက် ရောဂါကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/over-3000-coronavirus-deaths-in-myanmar-01212021101150.html

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ကျော်ပြီ  မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၃ဝဝဝ ကျော်ပြီ Reviewed by THITHTOOLWIN on 01:51 Rating: 5

No comments:

Powered by Blogger.