'အပျိုရည် ပျက်မပျက် စစ်ဆေးနည်း' တွေဟာ ဥပဒေနဲ့ မညီကြောင်း ပါကစ္စတန်တရားရုံးက ဆုံးဖြတ်

လိင်အကြမ်းဖက်မှုတွေကို ပါကစ္စတန် လာဟိုးမြို့မှာ အမျိုးသမီးတွေ စက်တင်ဘာလအတွင်းက ဆန့်ကျင်ဆန္ဒပြခဲ့စဥ်

အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေကို စစ်ဆေးရာမှာ "အပျိုရည် ပျက်မပျက် စစ်ဆေးနည်း"တွေဟာ တရားဥပဒေနဲ့ မညီကြောင်း ပါကစ္စတန် ဒေသဆိုင်ရာ တရားရုံးက ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်အပေါ် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေကြသူတွေက ကြိုဆိုလိုက်ပါတယ်။

ပန်ဂျပ်ပြည်နယ်အတွက် အကျုံးဝင်တဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အဲဒီမှာ အပျိုမြှေး အကောင်းအတိုင်းရှိမရှိ စစ်ဆေးတာတွေ၊ မိန်းမကိုယ်အတွင်းကို နှိုက်ပြီး စစ်ဆေးတဲ့ သူတို့အခေါ် "လက်ချောင်း ၂ ချောင်းစစ်ဆေးနည်း"တွေ လုပ်နေကြတာတွေကို အဆုံးသတ်စေမှာပါ။

ဒီစစ်ဆေးနည်းတွေဟာ "သိပ်ကို အရှက်ခွဲတဲ့" လုပ်ရပ်ဖြစ်သလို၊ "မှုခင်းဆေးပညာဆိုင်ရာအရ လုံးဝအသုံးမဝင်"ကြောင်း လာဟိုး တရားရုံး တရားသူကြီး အရီရှာ မာလစ်ခ်က ပြောပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပန်ဂျပ်ပြည်နယ်မှာ ဒီအရေးနဲ့ ပတ်သက်ပြီး ပန်ကြားလွှာ ရုံးတော်ကို နှစ်ကြိမ်တင်ခဲ့ပြီးတဲ့နောက် အခုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့တာပါ။

အဓမ္မပြုကျင့်ခံရတာ ဟုတ်မဟုတ် ကျန်းမာရေးစစ်ဆေးမှုတွေရဲ့ အစိတ်အပိုင်းအဖြစ် ဒီလို အပျိုရည် ပျက်မပျက် စစ်ဆေးနည်းတွေဟာ သိပ္ပံနည်းပညာအရ လုံးဝ အခြေအမြစ်မရှိတဲ့ အရာတွေမို့ ဒါတွေကို ဖျက်သိမ်းဖို့ လှုပ်ရှားတက်ကြွသူတွေက ကာလရှည်ကြာ တောင်းဆိုလာခဲ့ကြတာပါ။

ပန်ဂျပ်ပြည်နယ်အတွက် ချမှတ်တဲ့ ဒီတရားရုံးဆုံးဖြတ်ချက်လိုမျိုး တခြားပြည်နယ် တွေမှာလည်း ဖြစ်လာနိုင်ပါတယ်။

လာဟိုးတရားရုံးမှာ ဒီအမှုပန်ကြားလွှာကိုတင်ခဲ့သူတွေကို ကိုယ်စားပြုတဲ့ ရှေ့နေ ဆမီယာ ခိုဆာက ဒီတရားရုံးဆုံးဖြတ်ချက် "လိင်အကြမ်းဖက်ခံရတဲ့ ဘယ်လို အမှုမျိုးမှာမဆို အပျိုရည် ပျက်မပျက် စစ်ဆေးတဲ့ နည်းတွေက မှုခင်း ဆေးပညာအရ ဘာမှ အသုံးမဝင်တာကို ဒီဆုံးဖြတ်ချက်က ရှင်းရှင်းလင်းလင်း ပြသလိုက်တာပါပဲ" လို့ ဘီဘီစီကို ပြောပါတယ်။

မစ္စတာ ခိုဆာက သက်ဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ "ဒီဆုံးဖြတ်ချက်ကျပြီးတဲ့ နောက်မှာ သူတို့ရဲ့ လုပ်ထုံးလုပ်နည်းတွေကို ပြန်လည်ပြင်ဆင်ပြီး အပျိုရည် ပျက်မပျက် စစ်ဆေးနည်းတွေကို လုံးဝ ပယ်ဖျက်လိမ့်မယ်"လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

လက်ချောင်း ၂ ချောင်း စစ်ဆေးနည်းက ဘာလဲ

အမျိုးသမီးရဲ့ မိန်းမကိုယ်အတွင်းကို လက်ချောင်း ၁ ချောင်း ဒါမှမဟုတ် ၂ ချောင်းထိုးသွင်းပြီး မိန်းမကိုယ်နံရံတွေရဲ့ လျော့ရဲမှုအခြေအနေနဲ့ အပျိုမြှေး ရှိမရှိ စစ်ဆေးကာ ဒီအမျိုးသမီးဟာ လိင်ဆက်ဆံထားလား၊ ဘယ်လောက်အတိုင်းအတာ အထိလဲ စသဖြင့် ဆုံးဖြတ်ကြဖို့ ရည်ရွယ်လုပ်ဆောင်ကြတာပါ။

ဒီစမ်းသပ်နည်းတွေနဲ့ အမျိုးသမီးဟာ ဒါပထမဆုံးအကြိမ် လိင်ဆက်ဆံ ထားတာလားဆိုတာကို ဆုံးဖြတ်နိုင်တယ်လို့ ဆရာဝန် တချို့က ပြောကြပြီး ဒီစမ်းသပ်နည်းတွေနဲ့ ဒီအမျိုးသမီးဟာ အဓမ္မကျင့်ခံရတာ ဟုတ်မဟုတ် ဆုံးဖြတ်ကြတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဒီစစ်ဆေးနည်းတွေဟာ သိပ္ပံနည်းကျ မဟုတ်တဲ့အပြင် လူ့အခွင့်အရေးကို ချိုးဖောက်နေတာကြောင့် ဒီလို စစ်ဆေးမှုတွေကို ပြတ်ပြတ် သားသား ပယ်ချထားခဲ့ပါတယ်။

ဒီဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်တဲ့ တရားသူကြီး မစ္စ မာလစ်ခ်က ဒီနည်းလမ်းတွေဟာ တပါးသူကို "အလွန်အနှောင့်အယှက်ပြုတာ" ဖြစ်ပြီး "သိပ္ပံနည်းအရရော၊ ဆေးပညာနည်းအရပါ လိုအပ်ချက်မဟုတ်ဘူး" လို့ ဆုံးဖြတ်ချက်ထဲမှာ ထည့်သွင်းပြောခဲ့ပါတယ်။

"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုတွေမှာ ဒီလို အရှက်ခွဲတဲ့နည်းလမ်းတွေနဲ့ အပြုခံရသူကို သံသယတွေ ပိုဖြစ်စေကာ တဖက်မှာတော့ ကျူးလွန်သူအဖြစ် စွပ်စွဲခံရသူကို အာရုံမစိုက်ကြဘူး"လို့ တရားသူကြီးကပြောပါတယ်။

ကမ္ဘာအနှံ့မှာဖြစ်နေတဲ့ ပြဿနာ

လိင်ပိုင်းအဓမ္မပြုကျင့်မှုတွေမှာ ဒီလို အပျိုရည် ပျက်မပျက် စစ်ဆေးနည်းတွေက အဖိုကြီးစိုးရေး ယဉ်ကျေးမှုတွေရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အမျိုးသမီးတွေကို အပြစ်လာပုံတဲ့ အရာတွေပဲလို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက ပြောနေကြတာ ကာလအတော်ကြာနေပါပြီ။

ပါကစ္စတန်မှာ အဓမ္မပြုကျင့်ခံရတယ်လို့ ထုတ်ဖော်ပြောကြတာမျိုး နှိုင်းယှဉ်မှုအရ နည်းပါးကြပြီး အပြုခံရသူဟာ လူမှုရေးအရ အကြဉ်ခံရတာကိုလည်း ကြုံရနိုင်ပါတယ်။ အဓမ္မအကျင့်ခံရကြောင်းထုတ်ဖော်တရားရင်ဆိုင်ရင်လည်း အားနည်းတဲ့ ဥပဒေတွေ၊ ရှုပ်ထွေးလှတဲ့ လုပ်ထုံးလုပ်နည်းတွေကြောင့် ကျူးလွန်သူ အနည်းအကျဉ်းသာ ပြစ်ဒဏ်ကျခံရတာကို တွေ့ရပါတယ်။

လာဟိုးမြို့မှာ ကားနဲ့ ခရီးသွားနေစဉ် ကားပျက်သွားတဲ့ အမျိုးသမီးတစ်ယောက် လမ်းဘေးမှာ အုပ်စုလိုက် အဓမ္မကျင့်တာကိုခံရပြီး ဒီအဖြစ်က သူ့ကလေးတွေ အရှေ့မှာ ဖြစ်ခဲ့တဲ့ စက်တာဘာလအတွင်းက အဖြစ်အပျက်တစ်ခုကြောင့် နိုင်ငံအနှံ့က ပြည်သူတွေ ဒေါသတွေ ပေါက်ကွဲခဲ့ကြပါတယ်။ ဒီအဖြစ်ဟာ နိုင်ငံတဝန်း ဆန္ဒပြပွဲတွေကိုလည်း ဖြစ်စေခဲ့ကာ မုဒိမ်းမှုကို ပိုပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်တဲ့ ဥပဒေကို သမ္မတက အတည်ပြု ပြဋ္ဌာန်းတာဖြစ်လာစေသလို၊ အမှုစီရင်မှုတွေကိုလည်း ပိုပြီး မြန်ဆန်အောင် ဖိအားပေးနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ ပါကစ္စတန်မှာ "အပျိုရည် ပျက်မပျက် စစ်ဆေးနည်း"တွေကို ကျင့်သုံးကြဆဲဖြစ်ပြီး၊ အခုလာဟိုးက ဆုံးဖြတ်ချက်ဟာ နိုင်ငံ အနှံ့အပြားကို မလွှမ်းခြုံနိုင်သေးပါဘူး။ ကုလသမဂ္ဂနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့တွေရဲ့ ပြောကြားချက်တွေအရ ဒီအလေ့အထတွေကို ကိုလိုနီခေတ်ကာလကတည်းက တောင်အာရှနိုင်ငံတွေမှာ ကျင့်သုံးဖို့ ပြဋ္ဌာန်းလာခဲ့ကြတာဖြစ်ပြီး ဒီလို ကျင့်သုံးနေတာ ကမ္ဘာမှာ အနည်းဆုံး နိုင်ငံ ၂၀ ရှိတယ်လို့ သိရပါတယ်။

ကမ္ဘာ့အဖွဲ့အစည်းကြီး ၂ ခုလုံးက ဒီလို လုပ်ဆောင်နေမှုတွေ ကမ္ဘာတဝန်းမှာ အဆုံးသတ်သွားအောင် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း လှုံ့ဆော်ခဲ့ကြပါတယ်။

၂၀၁၃ ခုနှစ်အတွင်း အိန္ဒိယမှာ ဒီလို စမ်းသပ်မှုတွေကို ဥပဒေနဲ့ မညီကြောင်း သတ်မှတ်ခဲ့ပြီး အဲဒီ ပြဋ္ဌာန်းသတ်မှတ်ချက်ကို ပါကစ္စတန် တရားသူကြီး မစ္စ မာလစ်ခ်က တနင်္လာနေ့က ဆုံးဖြတ်ချက်ချရာမှာ ကိုးကားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်ကလည် အလားတူ ဆုံးဖြတ်ထားပြီးပါပြီ။

အာဖဂန်နစ္စတန်မှာတော့ ၂၀၁၈ ကတည်းက ဒီလုပ်ဆောင်ချက်တွေကို တရားမဝင်ကြောင်း သတ်မှတ်ထားပြီးဖြစ်ပေမယ့် အမျိုးသမီးတွေဟာ ဒီလို စစ်ဆေးမှုတွေကို ခံနေရဆဲပဲလို့ နိုင်ငံရဲ့ လွတ်လပ်တဲ့ လူ့အခွင့်အရေး ကော်မရှင်က စက်တာဘာလအတွင်းက ပြောပါတယ်။

'အပ်ဖျားတစ်ထောက်စာသာ'

တနင်္လာနေ့က တရားရုံးဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ပါကစ္စတန် သိပ္ပံနဲ့နည်းပညာ ဝန်ကြီး ချောင်ဒရီ ဖဝတ်က ကြိုဆိုလိုက်ပြီး "သမိုင်း မှတ်တိုင်စိုက်ဖြစ်သွားတဲ့ ဆုံးဖြတ်ချက်"လို့ ဆိုပါတယ်။

တရားရုံးကို ပန်ကြားလွှာတင်ခဲ့ကြသူတွေထဲက တစ်ယောက်ဖြစ်တဲ့ လှုပ်ရှားတက်ကြွသူ အေမန် ရစ်ဇ်ဗီက သူနဲ့ လုပ်ဖော်ကိုင်ဖက် ဇီနပ် ဟူစိန်တို့ လွန်ခဲ့တဲ့ ၃ နှစ်က ဗီဒီယို သတင်းလွှာတစ်ခုလုပ်ခဲ့တယ်၊ အဲဒီကစပြီး ပန်ဂျပ် ပန်ကြားမှု စတင်ဖြစ်ခဲ့ပါတယ်လို့ သူ့တွစ်တာမှာ ရေးတင်ခဲ့ပြီး၊ ဒီသတင်းစကားကို လူအများအပြားက ထပ်ဆင့်ဖြန့်ပေးခဲ့ကြပါတယ်။

"ဒီတိုက်ပွဲအတွက် ဆယ်စုနှစ်တွေများစွာ တိုက်လာခဲ့တဲ့ အမျိုးသမီးတွေအားလုံးကို ကျွန်မ သိပ်ကျေးဇူးတင်တယ်၊ နောက်နေ့မှာလည်း ဆက်ပြီး ကျွန်မတို့ တိုက်ပွဲဝင်သွားမယ်"၊ "ဒါပေမဲ့ ဒါဟာ အပ်ဖျားတစ်ထောက်စာလောက်ပဲ ရှိသေးတယ်ဆိုတာကို ကျွန်မတို့အနေနဲ့ မမေ့ကြပါနဲ့"လို့ မစ္စ ရစ်ဇ်ဗီက ရေးပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55551622

'အပျိုရည် ပျက်မပျက် စစ်ဆေးနည်း' တွေဟာ ဥပဒေနဲ့ မညီကြောင်း ပါကစ္စတန်တရားရုံးက ဆုံးဖြတ်  'အပျိုရည် ပျက်မပျက် စစ်ဆေးနည်း' တွေဟာ ဥပဒေနဲ့ မညီကြောင်း ပါကစ္စတန်တရားရုံးက ဆုံးဖြတ် Reviewed by THITHTOOLWIN on 04:35 Rating: 5

No comments:

Powered by Blogger.