ကိုဗစ်အရေးပေါ်အခြေအနေကြောင့် ဂျပန်ရောက်မြန်မာတွေ လုပ်ငန်းအခက်ကြုံ

ဂျပန်နိုင်ငံ တိုဂျိုမြို့က လူကူးမျဉ်းကြားတခုမှာ တွေ့ရတဲ့ လမ်းဖြတ်ကူးသူတချို့။ (ဇန်နဝါရီ ၀၈၊ ၂၀၂၁)

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တကျော့ပြန် ကြုံနေရတာကြောင့် အရေးပေါ် အခြေအနေ ထုတ်ပြန်ထားရတဲ့ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ အခက်အခဲကြံုနေရတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ပြပေးပါမယ်။

ကပ်ရောဂါထိန်းချုပ်ရေး အစီအစဉ်တွေကြောင့် ဂျပန်နိုင်ငံမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေလည်း အလုပ်အကိုင်နဲ့ စားဝတ်နေရေး အခက်အခဲ ကြုံနေရတယ်လို့ ဂျပန်ရောက် မြန်မာအသိုင်းအဝန်းက ပြောပါတယ်။ ရောဂါကူးစက်မှုတွေ တိုးလာနေတာကြောင့် တိုကျိုမြို့တော်နဲ့ အနီးအနားက ဒေသ ၃ ခုမှာ အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်ပြီးနောက် အလုပ်အကိုင် အခက်အခဲတွေ ကြံုနေရတယ်လို့ ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း (ဂျပန်) အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေကပြောပါတယ်။

"တဘက်က ဒီရောဂါထိန်းချုပ်ရေးအတွက် အကျိုးသက်ရောက်မှုရှိပေမဲ့ ဒီလိုထိန်းချုပ်လိုက်တဲ့အတွက်ကြောင့်မို့ စားသောက်ဆိုင်တွေမှာလုပ်တဲ့ မြန်မာတွေအများစုက အလုပ်လက်မဲ့ဖြစ်သွားကြတယ်။ အဲဒီတာ့ အဲဒီလူတွေကတော့ အကြီးအကျယ်ထိခိုက်မှုရှိတာပေါ့။ နောက်တခါ နယ်ဘက်တွေမှာ မြန်မာနိုင်ငံကလာတဲ့ Training သင်တန်းသားတွေ၊ ဒီမှာလာပြီး ကျောင်းတက်နေတဲ့ ကျောင်းသားတွေအတွက်လည်း အလုပ်အကိုင်က အများကြီးအခက်အခဲဖြစ်သွားတာပေါ့။ အခုဆိုရင် မြန်မာနိုင်ငံကိုပြန်မယ့်သူတွေ တော်တော်များများတန်းစီနေတာပေါ့။ တချို့တွေပြန်ချင်သော်ငြားလည်းပဲ Relief Flight တွေအတွက် လေယာဉ်လက်မှတ်ဈေးကလည်း အရမ်းတက်သွားတယ်။ အဲဒီတော့ ပြန်ချင်သော်ငြားလည်းပဲ လေယာဉ်လက်မှတ်ဖိုး အပြည့်အစုံမရှိတဲ့သူတွေ ကျနော်သိသလောက်ကတော့ ဒီမှာထောင်နဲ့ချီပြီးတော့ သောင်တင်နေကြတယ်။"

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ဂျပန်အစိုးရက နောက်ထပ် ဒေသတချို့မှာပါ အရေးပေါ် အခြေအနေ ကြေညာဖို့ စီစဉ်နေကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဂျပန်နိုင်ငံ အနောက်ပိုင်း အိုဆာကာ၊ ကျိုတိုနဲ့ ဟိုင်အိုဂို ဒေသတွေမှာပါ အရေးပေါ် အခြေအနေ ကြေညာဖို့ ပြင်ဆင်နေကြောင်း ကျိုဒိုသတင်းက ဖော်ပြခဲ့တာပါ။

ရောဂါကူးစက်မှုတွေ တိုးလာနေတာကို ထိန်းချုပ်နိုင်ဖို့ အရေးပေါ်အခြေအနေတွေ ထုတ်ပြန်ထားတဲ့ နယ်မြေအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာတွေမှာလည်း အခက်အခဲတွေ ကြုံလာနေရတယ်လို့ We Love Myanmar (Japan ) အဖွဲ့က ကိုမျိုးကြီးကပြောပါတယ်။

"ဒီအရေးပေါ် အခြေအနေထုတ်ပြန်ထားပေမဲ့ လူတွေကတော့ သွားလာစားသောက်နေတာကတော့ ပုံမှန်အတိုင်းပဲသွားနေတယ်။ ဒါပေမဲ့ ည ၈နာရီထိုးတဲ့အခါမှာ စားသောက်ဆိုင်အားလုံးကို အရေးပေါ်အခြေအနေကြောင့် မဖြစ်မနေပိတ်ပေးရတဲ့အခါမှာ တင်းတင်းကြပ်ကြပ် အရမ်းကြီး ဥပဒေထုတ်ထားတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒါပေမဲ့ ဒဏ်ကြေးဆောင်ခိုင်းမယ်ဆိုတဲ့ အသံတော့ကြားရပေမဲ့ တရားဝင်ထုတ်ပြန်ထားခြင်းမရှိဘူး။ မရှိတဲ့အခါမှာ တချို့ဆိုင်လေးတွေကတော့ ဖွင့်မြဲဖွင့်တဲ့ဆိုင်လေးတွေတော့ နည်းနည်းပါးပါးရှိတယ်။ အဲဒီဆိုင်တွေမှာ အလုပ်လုပ်တဲ့ မြန်မာအသိုင်းအဝန်းတွေကတော့ နည်းနည်းပါးပါးစားဝတ်နေရေးအတွက် အဆင်ပြေမယ်လို့ ထင်တယ်ပေါ့နော်။ အများစုကတော့ တော်တော်များများကတော့ အလုပ်ချိန်လျှော့ခံရတာနဲ့ တချို့ကျတော့ အလုပ်ကလူလျှော့လိုက်တာနဲ့ စားဝတ်နေရေးအခက်အခဲ ကြုံတွေ့နေရတာတော့ ကျနော်တို့လည်း ကြားသိရပါတယ်။"

ရောဂါကူးစက်ခံရသူ ၂၀၀,၀၀၀ ကျော်ရှိနေတဲ့ ဂျပန်နိုင်ငံမှာတော့ လာမယ့်ဖေဖော်ဝါရီနှောင်းပိုင်းကာလကစပြီး ကိုဗစ်ရောဂါကာကွယ်ဆေးကို ပထမဦးစားပေးထားသူတွေဆီ ထိုးနှံပေးနိုင်ဖို့ ရည်မှန်းထားတာပါ။ ဖေဖော်ဝါရီလပိုင်းမှာ ကာကွယ်ဆေးပထမအသုတ် စတင်ထိုးနှံပေးနိုင်ဖို့ ပြင်ဆင်ထားတဲ့ မြန်မာနိုင်ငံမှာလည်း အစိုးရအနေနဲ့ ကာကွယ်ဆေးဝယ်ယူဖို့ ရန်ပုံငွေ ထူထောင်ထားပြီး၊ ပြင်ပအလှူငွေကောက်ခံတာကိုလည်း ဆောင်ရွက်နေတာပါ။

ကိုဗစ်ကာကွယ်ဆေးဝယ်ယူနိုင်ဖို့ ပြည်တွင်းအလှူရှင်တွေသာမက၊ ပြည်ပရောက်မြန်မာတွေလည်း ပါဝင်လှူဒါန်းလာကြပြီး၊ အဲဒီထဲမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေလည်း ပါဝင်လာတဲ့အကြောင်း ဦးသန်းဆွေကပြောပါတယ်။

"ဂျပန်နိုင်ငံမှာလည်း အနည်းနဲ့အများ ဒီကိုဗစ်ကာလမှာ အခက်အခဲကြုံတွေ့နေရတဲ့ အလုပ်မရှိတဲ့သူတွေ၊ စားဝတ်နေရေးအခက်အခဲဖြစ်တဲ့ မြန်မာတွေအများကြီးပဲ။ သူတို့တတ်နိုင်သလောက်ပေါ့လေ ပါဝင်လှူဒါန်းလိုက်ကြတာ ဒီ ၇ ရက် အတောအတွင်းမှာပဲ မြန်မာငွေ သိန်း ၅၀၀ ကပ်နေပြီ။ ဒါပေမဲ့ ဒီပမာဏက ဒီမှာတင်ရပ်သေးတာ မဟုတ်ဘူး။ ကျနော်တို့ အခုယာယီခန့်မှန်းထားတာက ဇန်နဝါရီလကုန်လောက်အထိကို အလှူငွေကောက်ခံမှုတွေလုပ်ကြမယ်ပေါ့။ အဲဒါပြီးရင် ဖေဖော်ဝါရီလဆန်းလောက်မှာ ဂျပန်မှာရှိတဲ့ မြန်မာသံရုံးက သံအမတ်နဲ့တွေ့ဆုံပြီးတော့ ဒီအလှူငွေကိုလွှဲပြောင်းပေးအပ်ပြီးတော့ ပြည်တွင်းထဲမှာရှိတဲ့ နိုင်ငံတော်အစိုးရကဖွဲ့ထားတဲ့ ကိုဗစ်ဗဟိုကော်မတီကို လှူဒါန်းမှာဖြစ်ပါတယ်။"

မြန်မာအစိုးရအနေနဲ့ ကိုဗစ်ကာကွယ်ဆေးရဖို့ အိန္ဒိယ၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ယူကေစတဲ့ နိုင်ငံတွေနဲ့ သံတမန်နည်းအရ ကြိုးပမ်းနေပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၁ သန်းကျော်ရှိနေပြီး၊ သေဆုံးသူကတော့ ၁၉ သိန်းကျော်ရှိနေတာပါ။ မြန်မာနိုင်ငံမှာတော့ အစိုးရရဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့ထုတ်ပြန်ချက်အရ ကူးစက်ခံရသူပေါင်း ၁၃၀,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၈၀၀ ကျော်ရှိနေပါတယ်။


စုစု/VOA (Burmese)

https://burmese.voanews.com/a/covid-myanmar-migrant-japan/5734226.html

ကိုဗစ်အရေးပေါ်အခြေအနေကြောင့် ဂျပန်ရောက်မြန်မာတွေ လုပ်ငန်းအခက်ကြုံ ကိုဗစ်အရေးပေါ်အခြေအနေကြောင့် ဂျပန်ရောက်မြန်မာတွေ လုပ်ငန်းအခက်ကြုံ Reviewed by THITHTOOLWIN on 00:43 Rating: 5

No comments:

Powered by Blogger.