ကိုဗစ်ကာကွယ်ဆေး - တရုတ် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီ

အတည်ပြုလိုက်တဲ့ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေ မတုတ်ပြန်သေးပေမဲ့ မကြာခင် ထုတ်ပြန်သွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တရုတ်အစိုးရပိုင် ဆိုင်နိုဖမ်း (Sinopharm) ဆေးဝါးကုမ္ပဏီက ထုတ်တဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို အများပြည်သူ အသုံးပြုနိုင်ဖို့ တရုတ် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ကြာသပတေးနေ့မှာ အတည်ပြုလိုက်ပါတယ်။

တရုတ်အစိုးရဘက်က ပထမဆုံး ခွင့်ပြုပေးလိုက်တဲ့ ဒီကာကွယ်ဆေးဟာ တခြားနိုင်ငံထုတ် ကာကွယ်ဆေးတွေလို အင်မတန်အေးခဲတဲ့ အပူချိန်မှာ သိုလှောင်ထားစရာမလိုဘဲ လွယ်တကူ သယ်ယူပို့ဆောင် ဖြန့်ဖြူးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးကို ဘယ်လောက်ထိ ခုခံနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကိုတော့ တာဝန်ရှိသူတွေဘက်က လက်ရှိအချိန်ထိ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒီအချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။

ဒါပေမဲ့ ဆိုင်နိုဖမ်းကုမ္ပဏီဘက်ကတော့ လက်တွေ့စမ်းသပ်စစ်ဆေးမှုတွေအရ ဗိုင်းရပ်စ်ပိုးကို ၇၉.၃၄ % ကာကွယ်ပေးနိုင်တယ်လို့ ဗုဒ္ဓဟူးနေ့မှာ ပြောဆိုခဲ့ကြောင်း ရိုက်တာသတင်းဌာနမှာ ရေးသားထားပါတယ်။

နိုင်ငံတချို့မှာ စတင်ထိုးနှံနေပြီဖြစ်တဲ့ ကာကွယ်ဆေးတွေနဲ့ ထပ်ထွက်လာမယ့် ကိုဗစ်ကာကွယ်ဆေးတွေ

ဒီကာကွယ်ဆေးဟာ ကမ္ဘာ့နိုင်ငံကြီးတွေမှာ လက်ရှိအသုံးပြုနေတဲ့ ဖိုင်ဇာနဲ့ ဘိုင်ယွန်တက်ခ် ကုမ္ပဏီထုတ် ကာကွယ်ဆေးနဲ့ မိုဒါးနား ကုမ္ပဏီတို့ထက် သက်ရောက်မှုနည်းပေမယ့်၊ အောက်စဖို့ တက္ကသိုလ်က ထုတ်တဲ့ အောက်စဖို့ အက်စတြာဇန်နကာ ကာကွယ်ဆေးထက်တော့ အကျိုးအာနိသင်ပိုများပါတယ်။

ဆိုင်နိုဖမ်းကုမ္ပဏီထုတ် ကာကွယ်ဆေးတွေကို ယူအေအီး အာရပ်စော်ဘွားများနိုင်ငံက ဒီလအစောပိုင်းမှာ အတည်ပြုခဲ့သလို၊ ပါကစ္စတန်နိုင်ငံကလည်း ဆေးအလုံးရေ ၁.၂ သန်း ဝယ်ယူမယ်လို့ သဘောတူညီမှု ရပြီးနောက်ပိုင်း တရုတ် ဆေးဝါးထုတ်လုပ်ရေး တာဝန်ရှိသူတွေက အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ပိုး ကူးစက်နိုင်ခြေအများဆုံး ရှိသူတွေနဲ့ မဖြစ်မနေ အလုပ်လုပ်ရတဲ့ အရေးပါတဲ့ အလုပ်သမားတွေအတွက် ရည်ရွယ်ပြီး ဇူလိုင်လထဲမှာ အရေးပေါ်အသုံးပြုဖို့ ကာကွယ်ဆေးအစီအစဉ်တရပ် စတင်ခဲ့ပါတယ်။

ဒါကြောင့် တရုတ် အမျိုးသား ဘိုင်အိုတက် အဖွဲ့ (CNBG) က ထုတ်တဲ့ ကာကွယ်ဆေး နှစ်မျိုးနဲ့ ဆိုင်နိုဗက် ဘိုင်အိုတက်ခ် ကုမ္ပဏီထုတ် ကာကွယ်ဆေး စုစုပေါင်း ၄.၅ သန်းကို ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက ထိုးနှံပေးပြီး ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင် ပြည်သူ သန်း ၅၀ ကို ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထား

လက်ရှိ တရုတ်နိုင်ငံမှာ ကာကွယ်ဆေး ထုပ်လုပ်နေတဲ့ ကုမ္ပဏီ အနည်းဆုံး ၅ ခု ရှိပြီး နောက်ဆုံးအဆင့် စမ်းသပ်စစ်ဆေးမှုတွေ ရောက်နေကြပြီ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလမှာ ကျရောက်မယ့် တရုတ်နိုင်ငံရဲ့ Lunar နှစ်သစ်ကူး အားလပ်ရက်မတိုင်ခင် ပြည်သူ သန်း ၅၀ ကို ကာကွယ်ဆေးထိုးနှံပေးဖို့ ရည်ရွယ်ထားတယ်လို့ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာမှာ ရေးသားထားပါတယ်။

ဆိုင်နိုဖမ်း ကိုဗစ်ကာကွယ်ဆေးကို တရုတ်နိုင်ငံသားတွေကို အခမဲ့ ထိုးပေးသွားမယ်လို့ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးကော်မရှင် ဒုဥက္ကဋ္ဌက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီကာကွယ်ဆေးတွေကို လာမယ့်နှစ်ထဲမှာ သူတို့ ကုမ္ပဏီက ဘီလျံနဲ့ချီပြီး ထုတ်လုပ်နိုင်စွမ်းရှိတယ်လို့ ဆိုင်နိုဖမ်းကုမ္ပဏီ ဥက္ကဋ္ဌက ပြောထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55499551

ကိုဗစ်ကာကွယ်ဆေး - တရုတ် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီ ကိုဗစ်ကာကွယ်ဆေး - တရုတ် ကိုဗစ်ကာကွယ်ဆေးကို အတည်ပြုပြီ Reviewed by THITHTOOLWIN on 01:41 Rating: 5

No comments:

Powered by Blogger.