ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ အထူး ကြပ်မတ်ကုသဆောင်(ICU)မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း COVID-19 ရောဂါကူးစက်သူ ၅၉၆ ယောက် ထပ်တိုးပြီး သေဆုံးသူက ၁၉ ယောက် ထပ်တိုးတဲ့အကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးသူတွေထဲမှာ ၁၅ ယောက်က ရောဂါအခံရှိသူတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဓာတ်ခွဲနမူနာပေါင်း ၁၇,၂၇၉ ခုကို စစ်ဆေးခဲ့တဲ့ထဲက အခုလို နောက်ထပ် ရောဂါပိုးကူးစက်ထားသူတွေ တွေ့ရတာဖြစ်ပြီး ဒီကနေ့အထိဆိုရင် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာပေါင်း ၁,၉၂၁,၆၆၈ ခု ရှိသွားပြီဖြစ်ပါတယ်။
သေဆုံးသူအရေအတွက်က ၂,၇၈၅ ယောက်ရှိပြီဖြစ်ပြီး ရောဂါပိုး ကူးစက်သူပေါင်းကတော့ ၁၂၈,၁၇၈ ယောက် ရှိသွားပါပြီ။
ဒီကနေ့ညထုတ်ပြန်ချက်မှာ ဆေးရုံဆင်းခွင့်ရရှိသူ အရေအတွက်ဟာလည်း ၅၉၆ ယောက်ရှိတယ်လို့ ဖော်ပြထားတာကြောင့် ကူးစက်သူအရေအတွက်နဲ့ ပျောက်ကင်းသူအရေအတွက် ထူးထူးခြားခြား တူညီနေပါတယ်။ ရောဂါပျောက်ကင်းသူ စုစုပေါင်းကတော့ ၁၁၁,၄၀၁ ယောက် ရှိသွားပါပြီ။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက သူ့ရဲ့ဖေ့စ်ဘုတ်မှာ မကြာသေးခင် အချိန်ပိုင်းအတွင်းက ရေးထားတာအရဆိုရင် ဒီကနေ့ ဓာတ်ခွဲစစ်ဆေးတဲ့ နမူနာအရေအတွက် စုစုပေါင်းထဲမှာ ပိုးတွေ့သူ ၃.၄၅% ရှိပြီး ပြန်ကောင်းလာသူ ၈၆.၉၁% ၊ သေဆုံးနှုန်းက ၂.၁၇% ရှိပါတယ်။
သေဆုံးသူတွေထဲမှာ နောက်ခံရောဂါရှိသူက ၇၈.၉၅% ရှိတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ရေးထားပါတယ်။
VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-cases/5726968.html

No comments:
Post a Comment